Tuesday, August 1, 2017

အာနိုးအတွက် မွေးနေ့အမှတ်တရပေးပို့ခဲ့တဲ့ စတားလုံး

Image may contain: 1 person, closeup
လတ်တလောမှာ ကျရောက်ခဲ့တဲ့ ဟောလိဝုဒ်ရဲ့ တစ်ချိန်က နာမည်ကျော်မင်းသားတစ်ဦးဖြစ်တဲ့ အာနိုး ရှာဝါဇန်နေ့ဂ်ဂါရဲ့ မွေးနေ့မှာတော့ မင်းသားကြီး ဆီလ်ဗက်စတာစတားလုံးက မွေးနေ့အမှတ်တရ ဗီဒီယိုဖိုင်တစ်ခုကို လူမှုကွန်ရက်မီဒီယာပေါ်က နေတစ်ဆင့်ပေးပို့ခဲ့ကာ နှစ်ဦးအကြားက ခင်မင်မှုကို ဖော်ပြခဲ့ကြောင်း အီးတီအွန်လိုင်းဒေါ့ကွန်းရဲ့ ဖော်ပြ ချက်အရ သိရပါတယ်။
မြန်မာဟောလိဝုဒ်ရုပ်ရှင်ချစ်ပရိသတ်တွေက အာနိုး လို့အစွဲပြုခေါ်ပေါ်ခဲ့ကြတဲ့ အာနိုးရှာဝါဇန်နေ့ဂ်ဂါဟာ လတ်တလောမှာတော့ အသက်(၇ဝ)ပြည့်ခဲ့ပြီ ဖြစ်ပါ တယ်။ သူ့ရဲ့မွေးနေ့မှာတော့ တစ်ချိန်က သူနဲ့အတူ တွဲဖက်ကာ ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်မင်းသားကြီးတစ်ဦးဖြစ်သူ စတားလုံး က မွေးနေ့အမှတ်တရအဖြစ် တစ်ချိန်က သူတို့နှစ်ဦးရဲ့ ပုံရိပ်တွေပါဝင်တဲ့ ဗီဒီယိုဖိုင်တစ်ခုကို သူ့ရဲ့လူမှုကွန်ရက် မီဒီယာတစ်ခုဖြစ်တဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဖော်ပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့မှာ အသက်(၇၁)နှစ်အရွယ် မင်းသားကြီး စတားလုံးက အာနိုးအတွက် မွေးနေ့ အမှတ်တရ ဗီဒီယိုကို ဖော်ပြခဲ့တာဖြစ်ပြီး အဲဒီနေ့ မတိုင်မီမှာတော့ စတားလုံးက သူနဲ့ အာနိုးတို့ရဲ့ တစ်ချိန်က ဓာတ်ပုံတစ်ပုံစီကိုယှဉ်လျက် လူမှုကွန်ရက် မီဒီယာပေါ်မှာ ဖော်ပြခဲ့ပါတယ်။ ယင်းဓာတ်ပုံတွေရဲ့ အောက်မှာတော့ စတားလုံးက မွေးနေ့အကြိုဆုတောင်း စကားကိုလည်း ရေးသားဖော်ပြခဲ့တာတွေ့ရပါတယ်။
အာနိုးနဲ့ စတားလုံးတို့ဟာ ''Escape Plan''နဲ့ ''The Expendables''ရုပ်ရှင်တွေမှာ အတူပါဝင် သရုပ်ဆောင်ခဲ့ပြီး နှစ်ဦးစလုံးရဲ့ ကောင်းမွန်တဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့် သူတို့ခေတ်မှာ အပြိုင် ဖြစ်ခဲ့ရတဲ့ မင်းသားနှစ်ဦးလည်း ဖြစ်ပါတယ်။
အေးပြည့်

No comments:

Post a Comment