Wednesday, August 30, 2017

ရေလမ်းကြောင်းထိန်းသိမ်းရေးမှာ ပင်မအရေးကြီးလုပ်ငန်းဖြစ်မကွေးတိုင်းဒေသကြီးတွင် ကမ်းပြိုကာကွယ်ရေးကိုသာ လတ်တလောအရေးတကြီးဖြေရှင်းဆောင်ရွက်နေရ

Image may contain: sky, ocean, outdoor, water and nature
မကွေး သြဂုတ် ၂၉
မြစ်ချောင်းများနှင့်ဆက်စပ်သော ကမ်းပါးပြိုမှုဖြစ်စဉ်များ မှာ ရေစီးလမ်းကြောင်းမတည်ငြိမ်မှုကြောင့်ဖြစ်ပြီး ကမ်းပါးပြိုမှုများလျော့နည်းသွားစေရန်အတွက် ရေလမ်း ကြောင်းထိန်းသိမ်းရေးမှာ ပင်မအရေးကြီးလုပ်ငန်းဖြစ် ကြောင်း၊ ဒေသတွင်းလတ်တလောအခြေအနေမှာ ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများကို ပို၍ အရေးတကြီးဖြေရှင်း ဆောင်ရွက်နေရကြောင်း မကွေးတိုင်းဒေသကြီး ရေအရင်း အမြစ်နှင့်မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
''လက်ရှိဖြစ်ပျက်နေတာက ကမ်းပြိုတွေ။ တကယ့် တကယ် မြစ်ထဲမှာရေကြောင်းတွေမကောင်းလို့ ပြိုတာပဲ။ ဒါပေမယ့် Issueက ရေကြောင်းတွေမကောင်းတာကို သိပ်မတွေ့တော့ပဲနဲ့ ကမ်းပြိုတာပဲ ခေါင်းစဉ်ကထွက်နေ တယ်။ ရေလမ်းကို ထိန်းကိုထိန်းရမယ်။ ရေလမ်းမထိန်းရင် စီးချင်တဲ့နေရာစီးနေတော့ ဟိုဘက်ကမ်းပါးသွားဖဲ့လိုက် ဒီဘက်ထိုးလိုက်ဖြစ်ကုန်တယ်။ ရေလမ်းကို စီးစေချင်တဲ့ ဘက်Train ပေးဖို့လိုတယ်။ ၁၉၈၆ Master Plan မှာက ရေကြောင်းကို စီးစေချင်တဲ့ဘက် Pattern ဖော်သွားတာ။ လတ်တလောကမ်းပြိုတွေဖြစ်နေတော့ ရေလမ်းထိန်းတဲ့Issueကမှေးမှိန်နေတယ်'' ဟု ရေအရင်းအမြစ်နှင့် မြစ် ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဇော်လွင်က ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၅)အရ ကမ်းပြိုကာကွယ် ရေးကို တိုင်းဒေသကြီးအစိုးရအားတာဝန်ပေးထားပြီး ပြည်ထောင်စုမှ ရေလမ်းကောင်းမွန်ရေးအတွက် နှစ်စဉ် ဘတ်ဂျက်ချပေးကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘတ်ဂျက်နှစ် အတွက် ချောက်-မကွေး ရေလမ်းပိုင်းကောင်းမွန်ရေး အတွက် ပြည်ထောင်စုငွေလုံးငွေရင်းမှ ကျပ် ၂၅၂ သန်း ချထားပေးခဲ့ချိန်၌ ဒေသတစ်ခုလုံးရှိ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများကို တိုင်းဒေသကြီးငွေလုံးငွေရင်းမှ ကျပ် ၂၈၄၃ ဒသမ ၄၁၃ သန်း သုံးစွဲဆောင်ရွက်နေရကြောင်း ဦးဇော်လွင် က ဆိုသည်။
'' မကွေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကြောင်းမှာ ချောက်မြို့နယ်အထက်ဘက် လမ်းရွာကနေ အောက် ဘက် ကမ္မမြို့နယ် စစ္စယံအထိမိုင် ၁၈ဝ ကို ကမ်းပြိုကျေးရွာ တွေအတွက် ရေကာရိုက်၊ ကမ်းထိန်းနံရံတည်ဆောက်တဲ့ လုပ်ငန်းတွေ နှစ်စဉ်လုပ်ပေးနေရတယ်'' ဟု ၎င်းကပြော သည်။
မကွေးတိုင်းဒေသကြီးတွင် ဧရာဝတီမြစ်ရေတိုက်စားမှုအကြီးမားဆုံးနေရာများမှာ ပွင့်ဖြူမြို့နယ်နှင့်စလင်းမြို့နယ်တို့ဖြစ်ပြီး ၁၉၈၆ ခုနှစ်ကဆွဲခဲ့သည့် Master Planနှင့် ယနေ့ ဧရာဝတီမြစ်ကြောင်းပြောင်းလဲမှုက များစွာကွာဟ နေကြောင်း၊ ဧရာဝတီမြစ်မှာ အနောက်ခြမ်းဒေသများဘက် ရေစီးကြောင်းပြောင်းနေသည်မှာ ၁ဝ နှစ်ခန့်ရှိပြီဖြစ်ပြီး ကမ်းပါး ပြိုကျမှုများလည်း များစွာဖြစ်ပေါ်နေကြောင်းသိရ သည်။
မြစ်အရှေ့ဘက်ခြမ်း ရေနံချောင်း၊ ချောက်မြို့များမှ မကွေးမြို့အထိမြေများမှာ အောက်ခံကျောက်ဆောင်များရှိ သည့် မြေမာကြောဖြစ်၍ အနောက်ဘက် စလင်းဒေသမှ စကာ ကိုင်းမြေများ၊ မြစ်ကြောင်းပေါက်ခဲ့ဖူးသည့် ကျွန်း မြေများဖြစ်ပြီး လက်ရှိမြစ်ကြောင်းက မူလနေရာဟောင်း အနောက်ဘက်ခြမ်းသို့ ပြောင်းနေသည့် သဘောဖြစ် ကြောင်း၊ မြစ်အနောက်ဘက်ခြမ်းရှိ ကျေးရွာများမှာ ကမ်းပါးပြိုကျမှုအများဆုံး ကြုံတွေ့နေရပြီး ရေစကြိုနယ်မှ ကျေးရွာ ၁၅ ရွာခန့်၊ ပခုက္ကူနယ်မှ ၆ ရွာခန့်၊ စလင်း နယ်မှ ၁၆ ရွာခန့်၊ ပွင့်ဖြူနယ်မှ ၆ ရွာခန့်၊ မင်းဘူးနယ်မှ ၄ ရွာခန့်မှာ ကမ်းပြိုမှုကိုကြီးမားစွာ ကြုံတွေ့နေရကြောင်း သိရသည်။
''ကမ်းပြိုလို့ရွှေ့ရပြောင်းရရင် တခြားရွာတွေက လက် မခံချင်ကြတော့ အတော်ဒုက္ခရောက်ရပါတယ်။ မြေဈေးက လည်း မြစ်ကမ်းဘေးမှာကိုပဲ တစ်ဧကကို သိန်း ၃ဝ ကနေ သိန်း ၅ဝ လောက်အထိရှိနေတော့ မြေဝယ်နေဖို့ဆိုတာ ကျွန်တော်တို့အနေနဲ့ ကြီးမားတဲ့အခက်အခဲတစ်ခုပါပဲ'' ဟု ကမ်းပြိုမှုကြုံတွေ့ခဲ့ရသည့် ဒေသခံတောင်သူတစ်ဦးက ပြောသည်။
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို တိုင်းဒေသကြီးငွေလုံးငွေရင်းမှ ကျပ် ၂၈၄၃ ဒသမ ၄၁၃ သန်းသုံးစွဲဆောင်ရွက်နေကြောင်းသိ ရပြီး ဂန့်ဂေါမြို့နယ် ကြိုးတံတားအထက်ဘက် မြစ်သာမြစ် ရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်းအတွက် ကျပ် ၁၇၈ ဒသမ ၄၁၃ သန်း၊ ထီးလင်းမြို့နယ်ကျေးရွာများချောင်း ရေ တိုက်စားမှုကာကွယ်ရေးလုပ်ငန်းအတွက် ကျပ်သန်း ၁ဝဝ၊ ဆောမြို့ အခြေခံပညာအထက်တန်းကျောင်း ဆော ချောင်းရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်းအတွက် ကျပ်သန်း၁၃ဝ၊ ရေစကြိုမြို့ ထင်းထမ်းရပ်ကွက်ချင်းတွင်း မြစ်ရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်းအတွက် ကျပ်သန်း ၅၃ဝ၊ ရေစကြိုမြို့နယ် ငမြှာကြီးကျေးရွာ ဧရာဝတီမြစ်ရေ တိုက်စားမှုကာကွယ်ရေးလုပ်ငန်း ကျပ်သန်း၁၅ဝ၊ စလင်း မြို့နယ် ဆင်မကျွန်းကျေးရွာအုပ်စု ဧရာဝတီမြစ်ရေ တိုက်စားမှုကာကွယ်ရေးလုပ်ငန်းအတွက် ကျပ်သန်း ၁ဝဝ၊ စလင်းမြို့နယ် သနပ်ကုန်းကျေးရွာအုပ်စု ဧရာဝတီမြစ်ရေ တိုက်စားမှုကာကွယ်ရေးလုပ်ငန်းအတွက် ကျပ်သန်း ၁၇ဝ၊ ပွင့်ဖြူမြို့နယ် မုန်းချောင်းဝရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းအတွက် ကျပ်သန်း ၁ဝဝ၊ ပွင့်ဖြူမြို့နယ် အတွင်းရှိ ကျေးရွာများ မုန်းချောင်းရေတိုက်စားမှု ကာကွယ်ရေး လုပ်ငန်းအတွက် ကျပ်သန်း ၁ဝဝ၊ မင်းဘူး(စကု)မြို့နယ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအတွက် ကျပ်သန်း ၅ဝ၊ မင်းလှမြို့နယ် အမှတ်(၁) ရပ်ကွက် ဧရာဝတီမြစ်ရေ တိုက်စားမှု ကာကွယ်ရေးလုပ်ငန်းအတွက် ကျပ်သန်း ၃ဝဝ၊ အောင်လံမြို့ ဈေးဆိပ်ကမ်းပြိုကာကွယ်ရေး လုပ်ငန်းအတွက် ကျပ်သန်း၂၅ဝ၊ သရက်မြို့ စက်လှေဆိပ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအတွက် ကျပ်သန်း၂၅ဝ၊ ပေါက်မြို့နယ် ရေပြာကျေးရွာ ခွေးတဲကျောင်း ကမ်းပြို ကာကွယ်ရေးလုပ်ငန်းအတွက် ကျပ် ၁၃၅ သန်း၊ နတ်မောက်မြို့နယ် အင်ကန်ကျေးရွာ ကုလားမျောချောင်း ရေကြီးနစ်မြုပ်မှု ကာကွယ်ရေးလုပ်ငန်းအတွက် ကျပ်သန်း ၁ဝဝ၊ မြို့သစ်မြို့နယ် တပ်ကုန်းကျေးရွာ ယင်းချောင်း ရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်းအတွက် ကျပ်သန်း ၅ဝ၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိကျေးရွာများ ငမင် ချောင်းရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းအတွက် ကျပ်သန်း ၁ဝဝ၊ ဆင်ပေါင်ဝဲမြို့နယ် မကျီးပင်ပုကျေးရွာလင်ပန်းချောင်းရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်း အတွက် ကျပ်သန်း ၅ဝ တို့ကို လျာထားသုံးစွဲနေကြောင်း ဦးစီးဌာနမှတ်တမ်းများအရ သိရသည်။
''ကမ်းပြိုကာကွယ်ရေးမှာDirect Protection , Indirect Protectionဆိုပြီးရှိတယ်။ ဒီနေရာပြိုတယ်။ ဒီနေရာမှာကာတယ်။ တလင်းကြီးကုန်းတို့၊ သံကိုင်းတို့ ကမ်းပါးက ပေ ၁ဝဝ ကျော်မြင့်တယ်။ ပေ၁ဝဝကျော်နေတဲ့ ဟာကို တိုက်ရိုက်ကာလို့ မရဘူး။ သူ့အထက်ဘက်ကနေ ရေကာဆောက်လို့ရတဲ့ နေရာကဆောက်ပြီး ကာကွယ်ပေး ရတာ။ ဒါ့အပြင် အရေးပေါ်ကမ်းပြိုကာကွယ်ရေးလုပ်ရတာ တွေရှိတယ်။ ရေစီးအားလျော့တဲ့နည်းလမ်းတွေ သုံးပြီးလုပ် ရတာ''ဟု တိုင်းဒေသကြီးဦးစီးမှူး ဦးဇော်လွင်ကပြောသည်။
ဌာနအနေဖြင့် ယခင်က ဧရာဝတီမြစ်ရေလမ်းကြောင်း ကောင်းမွန်ရေးနှင့် မြစ်ကြောင်းသွား ရေယာဉ်များ အတွက် ရေကြောင်းပြအမှတ်အသားများ ထားရှိပေးသည့် လုပ်ငန်းများကိုသာ အဓိကလုပ်ဆောင်ခဲ့ရခြင်းဖြစ်သော် လည်း လက်ရှိတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကို အရေးတကြီးဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ ယမန်နှစ် ကလည်း ရေလမ်းကြောင်း ထိန်းသိမ်းရေးလုပ်ငန်းထက် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ငွေကျပ်သန်းပေါင်း များစွာ ပိုမိုအကုန်ကျခံ၍ လုပ်ဆောင်ခဲ့ရကြောင်း သိရ သည်။
ဇေယျတု(မကွေး)

No comments:

Post a Comment