Wednesday, August 30, 2017

ဝင်းဂါး ထွက်ခွာသင့်ပြီဟု အီယန်ရိုက် ယူဆ

Image may contain: 2 people, people sitting
အာဆင်နယ်အသင်းအနေဖြင့် ပရီမီယာလိဂ်ရာသီအစ သုံးပွဲကစားပြီးချိန်တွင် အမှတ်ပေးဇယားထိပ်မရောက်ရှိဘဲ ဝေဖန်မှုဇယားထိပ် ရောက်ရှိနေခြင်းကြောင့် နည်းပြဝင်းဂါး ထွက်ခွာရန်အချိန်တန်နေပြီဟု အာဆင်နယ်ကစားသမား ဟောင်း အီယန်ရိုက်က မှတ်ချက်ပြုလိုက်ပြီဖြစ်သည်။ အာဆင်နယ်အသင်းသည် ယခုနှစ်အတွင်း ကလပ်အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် တိုက်စစ်မှူး လာကာဇက်ကို အားဖြည့်ခဲ့သော်လည်း အခြားပရီမီယာလိဂ်အသင်းများနှင့်ယှဉ်လျှင် လူအင်အားဖြည့်တင်းမှု အားနည်းဆဲဟု ဆိုနိုင်သည်။ ယခုလည်း ပရီမီယာလိဂ်ပွဲစဉ်သုံးပွဲကစားပြီးချိန်တွင် နှစ်ပွဲအထိ အရေးနိမ့်ကာ ရမှတ် သုံးမှတ်သာ ရရှိထားပြီး အမှတ်ပေးဇယားအောက်နားထိ ထိုးကျနေခဲ့သဖြင့် အီယန်ရိုက်က အထက်ပါအတိုင်း ဝေဖန်ခဲ့ခြင်းဖြစ်သည်။
အီယန်ရိုက်က အာဆင်နယ်အသင်း၏ ယခုနှစ်ရလဒ်များကို အိပ်မက်ဆိုး ဟုပင် အမည်တပ်ခဲ့ပြီး အာဆင်နယ်ကစားသမားများကို စိတ်အားတက်ကြွ လာအောင် မစွမ်းဆောင်ပေးနိုင်သည့် ဝင်းဂါး အာဆင်နယ်မှ ထွက်ခွာ သင့်ပြီဟု ထင်မြင်ကြောင်း ဆိုခဲ့သည်။ အီယန်ရိုက်သည် အာဆင်နယ်အတွက် ၁၂၈ ဂိုးသွင်းယူပေးထားသူဖြစ်ပြီး အာဆင်နယ်နှင့်အတူ ၁၉၉၇-၁၉၉၈ ဘောလုံးရာသီက ပရီမီယာလိဂ်နှင့် အက်ဖ်အေဖလားတို့ကို တစ်ပြိုင်နက်တည်း ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။
ဝင်းဂါးသည် ပြီးခဲ့သည့်မေလအတွင်း ချယ်လ်ဆီးကို အနိုင်ရရှိခဲ့သော အက်ဖ်အေဖလားဗိုလ်လုပွဲအပြီးတွင် ကလပ်အသင်းနှင့် နှစ်နှစ်သက်တမ်း ထပ်မံတိုးမြှင့်ခဲ့သည်။ ထို့ပြင် အီယန်ရိုက်က ချိန်ဘာလိန်လိုအသင်း၏ အဓိက ကစားသမားကို ပရီမီယာလိဂ်အဓိကပြိုင်ဘက်အသင်းဖြစ်သည့် ချယ်လ်ဆီးကို ပြောင်းရွှေ့ခွင့်ပြုခဲ့သည့် ဆုံးဖြတ်ချက်အပေါ်လည်း မယုံနိုင်လောက်အောင် ဖြစ်မိသည်ဟု ဝေဖန်ခဲ့သည်။
မေလဲ့သင်း

No comments:

Post a Comment