Thursday, August 3, 2017

မြန်မာ့ငါးသယံဇာတ ထိန်းသိမ်းတိုးပွားရေး



မြန်မာ့အလင်းအယ်ဒီတာအာဘော်




 နိုင်ငံတိုင်းသည် တိုးပွားလာသောလူဦးရေအတွက် စားနပ်ရိက္ခာ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရသည်သာ ဖြစ်ပါသည်။ မြန်မာနိုင်ငံသည်လည်း တိုးပွားလာသော ပြည်သူပြည်သား တို့အတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍတိုးချဲ့ရေးကို ဆောင်ရွက်ရသည် သာမက မွေးမြူရေးကဏ္ဍတိုးချဲ့ရေးကိုပါ ဆောင်ရွက်ရပါသည်။ မွေးမြူရေးကဏ္ဍတိုးချဲ့သည်ဆိုရာ၌ ငါးမွေးမြူရေးလည်းပါဝင်ပါသည်။ မြန်မာနိုင်ငံသည် သဘာဝအလျောက် ရေချို ရေငန် ငါးတို့ ပြေါ<ွကယ်ဝသော နိုင်ငံဖြစ်သော်လည်း နှစ်ပေါင်းများစွာဖမ်းဆီးမှုတို့ကြောင့် မြန်မာ့ ပင်လယ်ပြင်နှင့် သဘာဝရေပြင်တို့မှ ငါးဖမ်းဆီးရရှိမှုသည် လျော့ကျလာပြီ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ငါးမွေးမြူရေးလုပ်ငန်းတိုးချဲ့ရေးကိုလည်း ဆောင်ရွက်ရတော့မည် ဖြစ်ပါသည်။
ငါးမွေးမြူရေးဆောင်ရွက်ရာ၌လည်း မြန်မာ့ရာသီဥတုနှင့်ကိုက်ညီ၍ မြန်မာ့အကြိုက်နှင့်လိုက်ဖက်ညီသော ငါးမျိုးစိတ်တို့ကို မွေးမြူနိုင်မှသာ ဈေးကွက်ကျယ်ပြန့်ခိုင်မာမှုရှိမည်ဖြစ်ပါသည်။ ဤကဲ့သို့ မွေးမြူရာ၌ ငါးသားပေါက်ငယ်များကို သဘာဝအတိုင်းမွေးမြူခြင်းထက် သားဖောက် မွေးမြူခြင်းက လုပ်ငန်းအောင်မြင်မှုရရှိစေရန် ပိုမိုတွန်းအားပေး မြှင့်တင်သွားနိုင်မည် ဖြစ်ပါသည်။ ငါးမြင်းငါးသည် မြန်မာနိုင်ငံသူ နိုင်ငံသားတို့အကြိုက် ငါးလည်းဖြစ်ပါသည်။ ယခုအခါ ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ငါးမြင်းငါးတို့ကို သားဖောက်မွေးမြူနိုင်ရန် ဆောင်ရွက် နေပြီဖြစ်ပါသည်။ ဂျပန်ပညာရှင်တို့က ငါးမြင်းငါးနမူနာများဖြင့် ငါးမြင်းငါးတစ်ရှူးတို့ကို ဂျပန်နိုင်ငံသို့သယ်ဆောင်၍ လိုအပ်သည့် စမ်းသပ်ဆောင်ရွက်မှုများကို ဆောင်ရွက်နေပြီဖြစ်ပါသည်။
ငါးမြင်းငါးမွေးမြူရေး၌သာမက ငါးရှဥ့်မွေးမြူရေး၌ပါ ဂျပန်နိုင်ငံ၏ အကူအညီကို ရယူဆောင်ရွက်လျက်ရှိပါသည်။ ငါးရှဥ့်သည် ပြည်တွင်း ဈေးကွက်အခိုင်အမာရှိသကဲ့သို့ ပြည်ပဈေးကွက်လည်း အခိုင်အမာရှိသော ရေထွက်ကုန်တစ်မျိုးဖြစ်ပါသည်။ မြန်မာနိုင်ငံသည် နှစ်စဉ်ငါးရှဥ့်တန်ချိန် ၁၂ဝဝဝ ဝန်းကျင်ခန့်တင်ပို့နေရသော်လည်း သဘာဝအလျောက်ဖမ်းဆီး ရယူမှုအပေါ်၌သာ အားပြုဆောင်ရွက်ရသည်ဖြစ်၍ ၂ဝ၁၆ ခုနှစ်၌ တန်ချိန် ၇ဝဝဝ ဝန်းကျင်ခန့်သာ တင်ပို့နိုင်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ ငါးရှဥ့် မွေးမြူရေးကို စနစ်တကျဆောင်ရွက်ရတော့မည်ဖြစ်ပါသည်။ ဤ လိုအပ်ချက်နှင့်အညီ မြန်မာ့လုပ်ငန်းရှင်တို့သည် ဂျပန်နည်းပညာအပါအဝင် တရုတ်နှင့် ဗီယက်နမ်နည်းပညာတို့ကို အသုံးပြု၍ ငါးရှဥ့်မွေးမြူရေးကို ကြိုးပမ်းဆောင်ရွက်နေကြပြီဖြစ်ပါသည်။ ဗီယက်နမ်နိုင်ငံ၌ ငါးရှဥ့် သားဖောက် မွေးမြူနည်းစနစ်လေ့လာခြင်းကဲ့သို့သော လုပ်ငန်းစဉ် များသည် များစွာအကျိုးရှိမည့်လုပ်ငန်းစဉ်များ ဖြစ်ပါသည်။
ငါးမွေးမြူရေးလုပ်ငန်းတို့ကို ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သကဲ့သို့ တစ်ဖက်၌လည်း မြန်မာ့ငါးသယံဇာတများ အလဟဿ ဆုံးရှုံးမှုကို ဟန့်တားကာကွယ်ရမည်ဖြစ်ပါသည်။ သို့ဖြစ်၍ တရားမဝင် ငါးဖမ်းယာဉ်များနှင့် လိုင်စင်မဲ့ငါးဖမ်းရေယာဉ်များကို ထိထိရောက်ရောက် ထောက်လှမ်းအရေးယူနိုင်ရမည် ဖြစ်ပါသည်။ ဤသို့ ထောက်လှမ်း အရေးယူနိုင်ရန်အတွက် တရားဝင်ငါးဖမ်းရေယာဉ် ဟုတ်/မဟုတ် စစ်ဆေးသိရှိနိုင်ရမည်ဖြစ်ပါသည်။ အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် မြန်မာ့ငါးဖမ်းစက်လှေများတွင် စက်လှေ စောင့်ကြည့်စနစ် (Vessel Monitoring System -VMS) ကို တပ်ဆင်သွားတော့မည်ဖြစ်ပါသည်။ နိဂုံးချုပ်အနေဖြင့် လူထုအစိုးရသစ်၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်လျက်ရှိသော မြန်မာ့ငါးသယံဇာတ ထိန်းသိမ်း တိုးပွားရေးလုပ်ငန်းစဉ်များကို ကြိုဆိုပါကြောင်း လေးစားစွာ တင်ပြ အပ်ပါသည်။ ။

No comments:

Post a Comment