Thursday, August 3, 2017

ရွှေပြည်သာမြို့ နယ် ဘုရင့်နောင် (ပုလဲ)လမ်းမပေါ် ရှိ ချိုင့်ခွက်များကို ပြန်လည်ပြုပြင်ပေးစေလို



ထင်သာမြင်သာပြုပြင်စရာ



ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ်ရှိ ဘုရင့်နောင် (ပုလဲ)လမ်းမတွင် လမ်းပျက်စီးမှုများကြောင့် ခရီးသည်တင် ယာဉ်လိုင်းအချို့ဖြတ်သန်းမောင်းနှင်မှုမရှိတော့သဖြင့် ခရီးသွား ပြည်သူများလိုရာခရီးကို တိုက်ရိုက်မရောက်ဘဲ ခရီးထောက် တစ်ဆင့်သွားလာနေရသည်။ ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရန် သက်ဆိုင်ရာမှ အမြန်ပြုပြင် ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
''တော်ရုံတန်ရုံလမ်းပျက်စီးတာကတော့ ကားကိုထိန်း မောင်းပြီးသွားလို့ရပါသေးတယ်။အခုဟာက လမ်းချိုင့်ခွက် တွေနဲ့ကမူတွေက ဆက်နေတော့ တိမ်းရှောင်ပြီး မောင်းလို့ မရအောင်ဖြစ်နေတယ်။ ဝန်အား၊ ယာဉ်အားနဲ့ဆိုယာဉ်အ္တရာယ် ဖြစ်မှာစိုးရိမ်ရလို့ လမ်းလွှဲက မောင်းနှင်နေတာပါ''ဟYBS (၆၅) ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးကပြောသည်။
''ဒီလမ်းပိုင်းပျက်စီးပြီး ခရီးသည်ယာဉ်တွေဖြတ်သန်းမှု နည်းတော့ ဒညင်းကုန်းဈေးမှာ ဈေးရောင်းဈေးဝယ်လုပ်တဲ့ ပြည်သူတွေ၊ စက်မှုဇုန်တွေမှာ အလုပ်ဆင်းနေတဲ့ အလုပ်သမား တွေ၊ အနောက်ပိုင်းတက္ကသိုလ်တွေမှာ ကျောင်းတက်နေတဲ့ ကျောင်းသားတွေ အခက်ကြုံရတယ်။ ဒါကြောင့် ပျက်စီးမှုများနေ တဲ့ လမ်းသားတွေကို အမြန်ပြုပြင်ပေးစေချင်ပါတယ်'' ဟု ဒေသခံတစ်ဦးက ပြောသည်။
''ကျွန်တော်တို့ဌာနကWater bround ကျောက်ကြီးနဲ့သဲညှပ်စနစ်နဲ့ လမ်းပျက်စီးနေတဲ့ နေရာတွေကို ဖာထေးပြုပြင်သွားမှာပါ။ နောင်နှစ်မှာ တော့ ကျောက်ချောလမ်းသစ်အဖြစ်ခင်းကျင်းဖို့ တင်ပြထားပါတယ်'' ဟု အင်ဂျင်နီယာ (လမ်းနှင့် တံတား)ဌာနမြောက်ပိုင်းခရိုင်ခွဲတာဝန်ရှိသူတစ်ဦး က ပြောသည်။ အဆိုပါ ပျက်စီးနေသောလမ်းတွင် YBS(၆၅)၊(၄ဝ)၊(၆၈)ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်၊ အခြားယာဉ်များအသုံးပြုနေသော လမ်းတစ်လမ်းဖြစ်ကြောင်း သိရသည်။
မြင့်သန်းကြည်(ရွှေပြည်သာ)

No comments:

Post a Comment