Tuesday, August 29, 2017

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပင်လုံတံတား အရှေ့ ဘက်ခြမ်း ကမ်းကပ်ခုံပျက်စီး၊ ယာယီလူကူးတံတား ပြုပြင်

Image may contain: one or more people, people standing, plant, tree, outdoor and nature
မိုးညှင်း သြဂုတ် ၂၈
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ပင်လုံ ကျေးရွာအုပ်စု ပင်လုံကျေးရွာ လေးတန်ချောင်းကူးပင်လုံတံတားသည် သြဂုတ် ၂၆ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် လေးတန်ချောင်း ရေကြီးရေလျှံမှုကြောင့် ပင်လုံတံတားအရှေ့ဘက် ခြမ်း ကမ်းကပ်ခုံကျိုးကျခဲ့ကြောင်း သိရ သည်။
''ဒီနေ့ နံနက် ၄ နာရီလောက်က လေးတန်ချောင်းဖျားဖြစ်တဲ့ မော်ဟန်ရွာ ဆင်ခေါင်းတောင်ခြေကနေ မိုးသည်းထန်စွာရွာသွန်းခဲ့လို့ လေးတန်ချောင်းရေကြီး ရေလျှံခဲ့တာကြောင့် ပင်လုံကျေးရွာနဲ့ မြိုင်သာယာကျေးရွာတို့ကို ဆက်သွယ်ဆောက်လုပ်ထားတဲ့ ပင်လုံတံတား အရှေ့ဘက်ခြမ်းကမ်းကပ်ခုံ ကွန်ကရစ်တိုင်ကျိုးပဲ့ပျက်စီးခဲ့တာပါ'' ဟု ပင်လုံကျေးရွာ ရာအိမ်စုမှူးဦးမြင့်မောင်က ပြောကြား သည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယင်းနေ့နံနက် ၁၁ နာရီခန့်က ပင်လုံ
တံတားအရှေ့ဘက်ခြမ်း ပျက်စီးခဲ့သဖြင့် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များနှင့် ဒေသခံများ ယာယီသွားလာမှုကို ရပ်ဆိုင်းခဲ့ ရပြီး ပင်လုံကျေးရွာရာအိမ်စုမှူးနှင့် ရပ်မိရပ်ဖများက လူကူးတံတားကို ယာယီအစားထိုးပြုပြင်ခဲ့၍ မွန်းလွဲ ၁၂ နာရီခွဲတွင် ဖြတ်သန်းသွားလာ၍ရကြောင်း၊ အဆိုပါတံတား
ကျိုးပဲ့ပျက်စီးရာသို့ မိုးညှင်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုး၊မြို့နယ်ကျေးလက်ဦးစီးမှူး ဦးဆန်းမင်း၊ပင်လုံကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးဦးကျော်လင်း၊ ပင်လုံကျေးရွာ ရာအိမ်စုမှူး ဦးမြင့်မောင်တို့ကရောက်ရှိခဲ့ကြပြီး ဒေသခံ များ၊ ကျောင်းသား ကျောင်းသူများ သွားလာမှု အဆင်ပြေရန် ဝိုင်းဝန်းကူညီပံ့ပိုးခဲ့ပြီး ယာယီ လူကူးတံတားတည်ဆောက်မှုနှင့် လေးတန်ချောင်း ရေပြန်လည်ကျဆင်း သွားပါက ကျိုးပဲ့ပျက်စီးခဲ့သော ကမ်းကပ်ခုံ
တံတားပိုင်းကို ပြန်လည်ပြုပြင် တည်ဆောက်သွားရန်တို့ကို လမ်းညွှန်မှာကြားခဲ့ ကြောင်းသိရသည်။
''ကျွန်မတို့ မြိုင်သာယာ အထက မှာ ပညာသင်ကြားနေတဲ့ ပင်လုံကျေးရွာကအလယ်တန်းနှင့် အထက်တန်းဆင့်ကျောင်းသား ကျောင်းသူ ၅ဝ ခန့်ရှိပါတယ်။သူတို့တွေ နေ့စဉ်ကျောင်းသွား ကျောင်းပြန်အတွက် စိတ်ပူရတာပါ။ ဒါကြောင့် ဒီတံတားအရှေ့ခြမ်း ကမ်းကပ်ခုံ ကျိုးပဲ့ပျက်စီးသွားတယ်လို့ကြားကြားချင်း လာကြည့်တာပါ။ ကလေးတွေအတွက်စိတ်မချ လို့ပါ'' ဟု မြိုင်သာကျေးရွာကျောင်းအုပ်ဆရာမကြီးက ပြောကြားခဲ့သည်။
အဆိုပါတံတားမှာ အလျား ၂၃၆ ပေ၊အကျယ် ၁၃ ပေ၊ အမြင့် ၁၅ ဒသမ ၆ ပေရှိပြီး ရေလယ်ကွန်ကရစ်တိုင် လေးတိုင်၊ကွန်ကရစ်ကမ်းကပ်ခုံနှစ်ခုံတို့ဖြင့် ဆောက်လုပ်ခဲ့ပြီး မြို့နယ်စည်ပင်သာယာမှ မတည်ငွေကျပ်သိန်း ၅ဝ ကျေးရွာဒေသခံနှင့် အလှူရှင်များမှ ကိုယ်အားကိုးကိုးထည့်ဝင်ငွေကျပ်သိန်း ၁၅ဝ ခန့်ဖြင့် စုစုပေါင်း ငွေကျပ်သိန်း ၂၂ဝ ကျော်ခန့် ကုန်ကျပြီး ၂ဝ၁၆ ဇွန် ၁၁ ရက်တွင် အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ဆက်လက်၍ အဆိုပါတံတား ရေရှည်ခိုင်ခံ့နိုင်စေရန် အတွက် ၂ဝ၁၇ ဧပြီလတွင် တံတားအရှေ့ ဘက် ခြမ်း ကမ်းကပ်ခုံကို ငွေကျပ်သိန်း ၅ဝ အကုန်ကျခံကာ ကျေးလက်ဦးစီးဌာန
က အာရ်စီကွန်ကရစ်လောင်း၍ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(ဝ၅၈)

No comments:

Post a Comment