Tuesday, August 29, 2017

အမရပူရမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်ဆက်သွယ်သော နားဋောင်းကျချောင်းကူးတံတား(ကာဝန်း)နှင့် ကတ္တရာလမ်းသစ်ဖွင့်

Image may contain: 1 person, outdoor
အမရပူရ သြဂုတ် ၂၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်ရန်ပုံငွေ ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သောအမရပူရ မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ် ဆက်သွယ်သော နားဋောင်းကျ ချောင်းကူးတံတား(ကာဝန်း)နှင့် ကတ္တရာလမ်းသစ်ဖွင့်ပွဲကို သြဂုတ် ၂၇ ရက် နံနက် ၉ နာရီက မန္တလေး ခရိုင် အမရပူရမြို့နယ် တမုတ်ဆိုး ကျေးရွာအနီး နားဋောင်းကျချောင်း (ကာဝန်း) ကွန်ကရစ်တံတားမုခ်ဦး ရှေ့၌ ကျင်းပရာ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင် တက်ရောက်အားပေး ပြီး အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက်တံတားဖွင့်ပွဲ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဝန်ကြီးဒေါက်တာစိုးသန်း၊
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇော်မြင့်နှင့်ဦးသောင်းဌေးလင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးထွန်းထွန်းဦး၊ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးရဲမင်းဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တံတားတည်ဆောက်ခြင်းကမ္ပည်း မော်ကွန်းကျောက်စာကို စက်ခလုတ် နှိပ် ဖွင့်လှစ်ပေးကာ အမွေးနံ့သာရည် များ ပက်ဖျန်း၍တံတားပေါ်မှ ဖြတ် သန်းကြည့်ရှုကြသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းဟန်က တံတား တည်ဆောက်ခဲ့မှုများအား ရှင်းလင်းပြောကြားပြီး တံတားတည် ဆောက်ရေးဆိုင်ရာမှတ်တမ်းများ အား ကျေးရွာကိုယ်စားလှယ်များထံ ပေးအပ်သည်။
အဆိုပါ တံတားသည် အမရပူရ မြို့နယ် တမုတ်ဆိုးကျေးရွာအုပ်စု မုံတောကျေးရွာ၊ ရှမ်းကြီးကျေးရွာနှင့် ပုသိမ်ကြီးမြို့နယ် ရွှေစာရံကျေးရွာ ကြားနားဋောင်းကျချောင်းပေါ်တွင်တည်ရှိပြီး အမရပူရမြို့နယ်ရှိကျေးရွာ ၁၈ ရွာ၊ ပုသိမ်ကြီးမြို့နယ်ရှိကျေးရွာ သုံးရွာအထောက်အကူပြုစေသော တံတားဖြစ်ကာ အရှည်ပေ ၂၁ဝ၊ အကျယ် ၁၄ ပေရှိ သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်သည်။
ကတ္တရာလမ်းမှာလည်း တံတား ထိပ်မှ အမရပူရမြို့နယ် မိုင် လေးဆယ် ကျေးရွာကြားအရှည် ၇ ဒသမ ဝ၄ ဖာလုံ၊ အကျယ် ၁၂ ပေအား ထပ်ပိုး လွှာခင်းပေးခဲ့သည်။ တံတားအား တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရန်ပုံငွေ ကျပ် ၃၁၅ သန်းကျော်ကျခံ၍ ပျက်စီး သွားသော တံတားဟောင်းနေရာတွင် ပြန်လည်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကတ္တရာလမ်းအား ကျေးလက်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၆၅ သန်းဖြင့် ထပ်ပိုးလွှာ ခင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မောင်ပြည်သူ(မန္တလေး)

No comments:

Post a Comment