Wednesday, August 30, 2017

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ယခုနှစ် ဒီဇင်ဘာလဆန်းတွင် သုံးရက်တာကျင်းပမည်

Image may contain: 6 people, indoor

နေပြည်တော် သြဂုတ် ၂၉
လူငယ်များ၏ အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုး တို့ကို မြှင့်တင်ပေးနိုင်မည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ကျင်းပရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပရာ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ပညာ ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့ တက်ရောက်အမှာစကား ပြောကြားကြသည်။
အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်က လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ကျင်းပရေး လုပ်ငန်းစီမံချက်(မူကြမ်း)ကို ဦးစွာရှင်းလင်း တင်ပြပြီး တက်ရောက်လာကြသည့် ပြန်ကြားရေးဝန်ကြီး ဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများ အလိုက် ပါဝင်ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တက်ရောက် လာသူများက အထွေထွေဆွေးနွေးကြပြီး ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်ပြောကြား သည်။
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ လဆန်းတွင် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း၌ စာပေ၊ အားကစား၊ အနုပညာဆိုင်ရာလှုပ်ရှားမှုများ၊ ပညာပေးနှင့် ဖျော်ဖြေရေး အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်၊ ပွဲတော် သို့ ရန်ကုန်ဝန်းကျင်ရှိ တက္ကသိုလ်၊ ကောလိပ်နှင့် သင်တန်း ကျောင်းများမှ လူငယ်များအပြင် ရပ်ကွက်၊ မြို့နယ်၊ ခရိုင်များမှ လူငယ်များကိုလည်း သတ်မှတ်ဖိတ်ကြားနိုင်ရန် လျာထားဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment