Wednesday, August 2, 2017

မဟာတန်းတက်ရောက်ဖို့အတွက် စစ်မှုထမ်းရက်ကို ရွှေ့ဆိုင်းလိုက်တဲ့ လီဂျွန်ဆပ်

Image may contain: 1 person, smiling, standing, suit and text
တောင်ကိုရီးယားရဲ့ နာမည်ကျော်မင်းသားတစ်ဦးဖြစ်တဲ့ လီဂျွန်ဆပ်ဟာ လတ်တလောမှာတော့ စစ်မှုထမ်းဖို့အတွက် အကြောင်းကြားစာကို လက်ခံရရှိခဲ့ပြီဖြစ်ပါတယ်။ ယင်းစာအရ မင်းသား ဟာ လာမယ့် သြဂုတ် ၁ဝ ရက်မှာ စတင်စစ်မှုထမ်းဆောင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် လီဂျွန်ဆပ်က သူရဲ့ မဟာတန်းတက်ရောက်နေမှုကို အပြီးသတ်တဲ့အထိ တက်ရောက်သွားမှာ ဖြစ်တာကြောင့် စစ်မှုထမ်းရက်ကို ရွှေ့ဆိုင်းသွားမှာဖြစ်ကြောင်း ကိုရီးယားဘိုးဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
လီဂျွန်ဆပ်ဟာ လတ်တလောမှာ သြဂုတ် ၁ဝ ရက်မှာ စစ်မှုစတင်ထမ်းဆောင်ဖို့အတွက် လေ့ကျင့်ရေးသင်တန်းကို သွားရောက်ဖို့အတွက် အကြောင်းကြားစာလက်ခံရရှိခဲ့ပေမယ့် မင်းသားက သူတက်ရောက်သင်ကြားနေတဲ့ ရုပ်ရှင်သရုပ်ဆောင်အထူးပြုဘာသာရပ်အတွက် မဟာတန်းကို စစ်မှုမထမ်းမီ ပြီးဆုံးအောင်တက်ရောက်သွားမှာဖြစ်ပြီး စစ်မှုထမ်းရက်ကိုတော့ နောက်ကိုရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်းကစတင်ပြီး လီဂျွန်ဆပ်ဟာ တောင်ကိုရီးယားမှာရှိတဲ့ ကွန်းကွတ်ခ် တက္ကသိုလ်မှာ ရုပ်ရှင်သရုပ်ဆောင်ဘာသာရပ်နဲ့ မဟာတန်းတက်ရောက်သင်ယူနေတာ ဖြစ်ပါတယ်။ ဒါကြောင့် မင်းသားက သူ့ရဲ့ပညာရေးကို ပြီးဆုံးအောင်သင်ကြားပြီးမှသာ စစ်မှုထမ်းဆောင်လိုကြောင်း သူ့ရဲ့ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် လတ်တလောမှာ လီဂျွန်ဆပ်ရဲ့ ရုပ်ရှင်သစ် ''VIP'' နဲ့ ဇာတ်လမ်းတွဲသစ် ''While You Were Sleeping''အတွက် အရောင်းမြှင့်တင်ရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေတာဖြစ်ပြီး ယင်းလုပ်ငန်းတွေမှာလည်း မင်းသားက ပါဝင်ချင်နေတာဖြစ်တယ် လို့လည်း သိရပါတယ်။ လီဂျွန်ဆပ်က သူဟာ ရုပ်ရှင်သစ်တွေမှာ ခေါင်းဆောင်နေရာက ပါဝင် ထားတာဖြစ်တဲ့အတွက် အဓိကဇာတ်လိုက်တစ်ဦးအနေနဲ့ အရောင်းမြှင့်တင်ရေးလုပ်ငန်းတွေ မှာပါဝင်ဖို့အတွက် တာဝန်ရှိနေတယ်လို့ ခံစားရကြောင်းနဲ့ ဖြစ်နိုင်မယ်ဆိုပါက ပရိုမိုးရှင်း လုပ်ငန်းတွေပေါ်မှာသာ အာရုံစိုက်ကာ လုပ်နိုင်သမျှအကောင်းဆုံးလုပ်ဆောင်သွားမှာ ဖြစ်ကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
တစ်ဖက်မှာလည်း လီဂျွန်ဆပ်ဟာ စစ်မှုထမ်းဖို့အတွက် ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေ အားလုံးပြီးဆုံးခဲ့ပြီဖြစ်ကာ စစ်သားတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ဖို့အတွက် ယခင်က ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် သင့်တော်မှုမရှိဘူးလို့လည်း သူက ပြောကြားခဲ့ပါတယ်။ လီဂျွန်ဆပ်ရဲ့ ဖျော်ဖြေရေးအေဂျင်စီဖြစ်တဲ့ ဝိုင်ဂျီအန်တာတိန်းမန့်က မင်းသားဟာ စစ်မှုထမ်းဆောင်မယ်ဆိုပါက စစ်သားတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခြင်းထက် လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်ခြင်းဖြင့် ထမ်းဆောင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
မေလဲ့သင်း

No comments:

Post a Comment