Wednesday, August 2, 2017

(၁၃)ကြိမ်မြောက် အေဆမ်နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပရေး ဒုတိယအကြိမ် အစည်းအဝေးကျင်းပ မိတ်ဖက်နိုင်ငံများနှင့် အဖွဲ့အစည်းအားလုံး လက်ခံနိုင်သည့် ရလဒ်ကောင်းများထွက်ပေါ်လာရေး ကော်မတီအသီးသီး ညှိနှိုင်းဆောင်ရွက်

Image may contain: 3 people, people sitting and indoor
နေပြည်တော် သြဂုတ် ၁
(၁၃) ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး နှင့်ဆက်စပ်အစည်းအဝေးများ အောင်မြင်စွာကျင်းပရေး ဗဟိုကော်မတီ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည်။
အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ယခုအစည်း အဝေးသည် မေလအတွင်း ကျင်းပခဲ့သည့် ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေး နောက်ဆက်တွဲအဖြစ် ကျင်းပခြင်းဖြစ်ကြောင်း၊ ဆပ်ကော်မတီ အသီးသီးအနေဖြင့်လည်း လုပ်ငန်းဆောင်တာများကို ဆောင်ရွက်လျက်ရှိ ကြောင်း၊ အစည်းအဝေးအောင်မြင် စွာ ကျင်းပရေးအတွက် ဘာသာရပ် ပိုင်းဆိုင်ရာ ကိစ္စရပ်များသာမက အုပ်ချုပ်ထောက်ပံ့မှု အဆင်ပြေချောမွေ့စေရန်လည်း အရေးကြီးပါကြောင်း၊ ဘာသာရပ်ပိုင်း ဆိုင်ရာကိစ္စရပ်များတွင် အေဆမ်မိတ်ဖက်နိုင်ငံများအကြား ထိရောက်စွာညှိနှိုင်းသွားရန်လိုအပ် ကြောင်း၊ သို့မှသာအေဆမ်မိတ်ဖက်နိုင်ငံများနှင့် အဖွဲ့အစည်းအားလုံးလက်ခံနိုင်သည့် ထိရောက်ကောင်းမွန်သောရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များ အောင်မြင်စွာဆောင်ရွက်နိုင်ရန် ကော်မတီအသီးသီးအကြား အသေးစိတ်ညှိနှိုင်းဆောင်ရွက် သွားရန်လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးကျင်းပရေးဆပ်ကော်မတီ၊ အတွင်းရေးမှူးရုံးနှင့် ညှိနှိုင်းကွပ်ကဲရေး ဆပ်ကော်မတီ၊ အခမ်းအနားများ ပြင်ဆင်ရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးနှင့် ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများ မှန်ကန်မှုရှိစေရေးဆပ်ကော်မတီ၊ ကြိုဆိုရေးမုခ်ဦးများ၊ အလံများနှင့်ဆိုင်းဘုတ် များစိုက်ထူရေး၊ မီးအလှများထွန်းညှိရေးနှင့် အခြားလုပ်ငန်းများဆပ်ကော်မတီ၊ ဖျော်ဖြေရေးဆပ် ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေးရေးနှင့် လေ့လာရေးခရီးစဉ်စီစဉ်ပေး ရေးကော်မတီ၊ သံတမန်ရေးရာကိစ္စရပ်များ ဆောင်ရွက်ရေးကော်မတီ၊ သယ်ယူပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဆပ်ကော်မတီ၊ 8th Model ASEM ကျင်းပရေးဆပ်ကော်မတီ၊ ပြန်ကြားရေး 11thASEF Journalists' Seminar ကျင်းပရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီနှင့် နေပြည်တော်သာယာလှပရေးဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment