Wednesday, August 2, 2017

ရာသီတုပ်ကွေးရောဂါနှင့်ပတ်သက်ပြီး ကျန်းမာရေးအသိပညာပေးပြောကြားမှုများ

Image may contain: 1 person
လက်ရှိဖြစ်ပွားနေသည့် ရာသီတုပ်ကွေးရောဂါ A(H1N1) pdm 09 နှင့်ပတ်သက်ပြီး ပြည်သူများ ပိုမိုကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိသည်။ ရာသီတုပ်ကွေးရောဂါနှင့်ပတ်သက်ပြီး နေပြည်တော် လယ်ဝေးမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် အသိပညာပေးဟောပြောပွဲတစ်ရပ်ကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တာဝန်ရှိသူများ၏ ကျန်းမာရေးအသိပညာပေးပြောကြားမှုများကို ဖော်ပြလိုက်ရပါသည်-
ဒေါက်တာနန်းရူပဟန်
(ဆေးရုံအုပ်၊ လယ်ဝေးမြို့နယ်
ခုတင်(၁ဝဝ)ပြည်သူ့ဆေးရုံကြီး)
ဒီဆေးရုံကြီးမှာတော့ ပြင်ပလူနာအနေနဲ့ ပြတာရှိတယ်။ အတွင်းလူနာအနေနဲ့ တင်တာ ရှိတယ်။ ပြင်ပလူနာအနေနဲ့ လာပြရင်တော့ လူနာတွေကို တုပ်ကွေးလက္ခဏာတွေကို သေချာကြည့်ရှုပြီး ပြင်ပလူနာအနေနဲ့ပဲပြပြီး အိမ်ပြန်လွှတ်ရမလား၊ ဒါမှမဟုတ် ဆေးရုံ တက်ကုသသင့်သလား ခွဲခြားပါတယ်။ တကယ်လို့ ပြင်ပလူနာအနေနဲ့ပဲ ကုသဖို့ လိုတယ်ဆိုရင် လိုအပ်တဲ့ကုသမှုတွေပေးပြီး ပြန်လွှတ်ပါတယ်။ အဲဒီလို ပြန်လွှတ်တဲ့နေရာ မှာလည်း သူတို့အတွက် သိသင့်သိထိုက်တဲ့ ပညာပေးအစီအစဉ်တွေကို တစ်ခါတည်း ပြောပြပေးလိုက်ပါတယ်။ ဒီရောဂါဟာ အများ သိပြီးဖြစ်တဲ့ ရာသီတုပ်ကွေးရောဂါပါ။ အသက်ရှူလမ်းကြောင်းကနေ ကူးစက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ တုပ်ကွေးဆိုတဲ့အတိုင်း ဖျားမယ်၊ နှာချေမယ်၊ ချောင်းဆိုးမယ်၊ လည်ချောင်းနာမယ်၊ နုံးခွေမယ် ဒီလို လက္ခဏာတွေပြပါတယ်။ ရာသီတုပ်ကွေးနဲ့ ပတ်သက်ပြီး မိမိကိုယ်တိုင်ကစပြီး ကြိုတင် ကာကွယ်ပါဆိုတဲ့ ဆောင်ပုဒ်နဲ့လုပ်ဆောင် သင့်ပါတယ်။
နှာစေး၊ ချောင်းဆိုးမယ်ဆိုရင် အုပ်ပြီး ဆိုးစေချင်ပါတယ်။ ဒါမှသာ ရောဂါရှိနေတဲ့ လူဆီကနေ တခြားလူဆီကို မကူးမှာဖြစ်ပါ တယ်။ ပြီးတဲ့အခါကျတော့ လက်ကိုဆေးရ ပါမယ်။ လက်ကို ဘာကြောင့် ဆေးရသလဲ ဆိုရင် တုပ်ကွေးရောဂါပိုးတွေက ကျွန်မတို့ရဲ့ ဘေးနားမှာရှိတဲ့ ကြားခံပစ္စည်းဖြစ်တဲ့ စားပွဲတို့၊ တံခါးလက်ကိုင်တို့မှာ နှာစေး၊ ချောင်းဆိုးတဲ့ အချိန်မှာ အဲဒီပိုးတွေ ဗိုင်းရပ်စ်တွေက ရှိနေ တတ်တယ်။ ခုနက ပစ္စည်းတွေကို ကိုင်မိမယ်၊ ပြီးရင် နှာခေါင်းကိုကိုင်မယ်၊ ပါးစပ်ကို ကိုင်မိ မယ်ဆိုရင် အဲဒီကနေတစ်ဆင့် ကူးမှာစိုးတဲ့ အတွက် လက်ကိုသေချာဆေးသင့်ပါတယ်။
ပြီးရင် ကိုယ်ခံအားကောင်းအောင် နေသင့်ပါတယ်။ မက်စ်တပ်ထားတယ်ဆိုရင် ဒီဗိုင်းရပ်စ်ပိုးဟာ လုံးဝကာကွယ်နိုင်မယ်ဆိုတာ မဟုတ်ပါဘူး။ N95မက်စ်ဆိုတာတောင်မှ ၉၅ ရာခိုင်နှုန်းပဲ ကာကွယ်တာပါ။ အဲဒါကို တော့ ကျန်းမာရေးဝန်ထမ်းတွေ၊ ကျန်းမာရေး စောင့်ရှောက်ပေးတဲ့သူတွေက ပိုပြီးတော့ တပ်သင့်ပါတယ်။ ဆာဂျီကယ် မက်စ်က ခုနက ပြောသလို ရောဂါခံစားနေရတဲ့သူတွေ၊ တုပ်ကွေးရောဂါဖြစ်နေတဲ့သူတွေ တပ်ထားရင် သူတို့ဆီကနေ တခြားသူတွေဆီကို ရောဂါပိုး မကူးစက်နိုင်ပါဘူး။
အခုရာသီတုပ်ကွေးရောဂါဆိုပြီးတော့ လူတွေကြောက်လန့်နေကြတယ်။ သိပ်ပြီး တော့ မကြောက်ကြဖို့ကိုလည်း တိုက်တွန်းချင် ပါတယ်။ နောက်ပြီး မိမိကိုယ်တိုင်ကနေစပြီး ကာကွယ်ရမယ်ဆိုပြီးတော့လည်း တိုက်တွန်း ချင်ပါတယ်။ အခုကျန်းမာရေးပညာပေး ဗီနိုင်းတွေ၊ ပိုစတာတွေကို လူစည်ကားတဲ့နေရာ တွေမှာ တပ်ထားပါတယ်။ အဲဒါတွေကို ဖတ်ရှုပြီးတော့လည်း တစ်ဆင့်စကားနဲ့တစ်ဆင့် ပညာပေးလေးတွေ မျှဝေပေးဖို့ကိုလည်း တောင်းဆိုချင်ပါတယ်။
ဦးဝင်းမြင့်
(လက်ထောက်ညွှန်ကြားရေးမှူး၊
ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာန)
ကျွန်တော် ပြည်သူတွေကို ပြောချင်တာ ကတော့ လိုတိုရှင်းလေးပါ။ သူတို့နားထဲ မှတ်မိလွယ်အောင်နဲ့ အလွတ်မှတ်စေချင်တဲ့ သဘောပါပဲ။ ''အုပ်၊ ပြာ၊ ရှောင်၊ ရေသောက်လို့၊ လုံလောက်စွာ နားကြပါ၊ ဤရာသီ ဒီတုပ်ကွေးကင်းပစေရေး'' ကဗျာ လေး စပ်ထားပါတယ်။ ဒီအချက်တွေထဲက အုပ်၊ ပြာ၊ ရှောင် သုံးချက်က နှာချေ၊ ချောင်း ဆိုးတဲ့သူတိုင်းဟာ လက်ကိုင်ပဝါ ဒါမှမဟုတ် တစ်ရှူး၊ တစ်ခါသုံးနှားခေါင်းစည်းတွေနဲ့ ပါးစပ် နဲ့ နှာခေါင်းတို့ကို လုံအောင်ပိတ်ထားကြဖို့ပါပဲ။ ဖုံးအုပ်ထားကြဖို့ဖြစ်ပါတယ်။ ဒါက အုပ်ပါ။ ပြာ ဆိုတာကတော့ အရေးအကြီးဆုံးပါ။ နှာခေါင်းစည်းထက် ပိုပြီးအရေးကြီးတာကတော့ လက်ဆေးခြင်း အလုပ်ပါပဲ။ လက်ဆေးခြင်းက ပိုပြီး ကာကွယ်မှုပေးပါတယ်။ လက်ဆေးတဲ့ အခါမှာ ဆပ်ပြာနဲ့ သေချာစွာဆေးကြောဖို့ လိုပါတယ်။ ဘယ်အရာဝတ္ထုကိုမဆို ကိုင်တွယ် ပြီးတိုင်းပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင် လူနာကို ကိုင်တွယ်ပြီးတိုင်းပဲဖြစ်ဖြစ် လက်ဆေးဖို့၊ မကြာခဏ လက်ကိုသေချာဆေးကြောပေးဖို့ လိုအပ်ပါတယ်။ ဒါကတော့ ပြာပါ။ ရှောင် ဆိုတာကတော့ ကိုယ့်ကိုယ်ကိုယ် တုပ်ကွေး ရောဂါ သံသယရှိတယ်လို့ ထင်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း မိသားစုနဲ့ နီးကပ်စွာ နေထိုင်ခြင်းကို ရှောင်ကြဉ်ဖို့၊ နောက်တစ်ခါ ကျောင်း၊ ဈေး၊ လူထူထပ်တဲ့
နေရာတွေကို ရှောင်ကြဉ်ဖို့လိုသလို ရောဂါမရှိသေးတဲ့ လူတွေအနေနဲ့လည်း လူထူထပ်တဲ့နေရာတွေ၊ လူစုလူဝေးရှိတဲ့ နေရာတွေကို အတတ်နိုင်ဆုံး သွားရောက်ခြင်းက ရှောင်ကြဉ်ဖို့ဖြစ်ပါတယ်။ ဒါကတော့ အုပ်၊ ပြာ၊ ရှောင်ပါပဲ။
ရေသောက်လို့ ဆိုတဲ့နေရာမှာ ကျွန်တော်တို့ ကိုယ်ခံအားစနစ်ကောင်းဖို့ လိုပါတယ်။ အဲဒီလို ကောင်းချင်ရင်တော့ ဒီရာသီမှာ ကျွန်တော်တို့ရေများများသောက် ဖို့၊ များများစားဖို့၊ များများအိပ်ဖို့ စသည်ဖြင့် လိုအပ်ပါလိမ့်မယ်။ ကဗျာအရတော့ ရေသောက်ပါလို့ ပြောတာပါ။ နောက်တစ်ခုက လုံလုံလောက်လောက် အနားယူစေချင်ပါ တယ်။ လုံလောက်စွာ အနားယူခြင်းကလည်းပဲ အင်အားကိုဖြစ်စေပါတယ်။ ဒါကြောင့် လုံလောက်စွာ အနားယူပါလို့ ကျွန်တော့်အနေ နဲ့ အကြံပြုချင်ပါတယ်။ ဒါမှသာလျှင် ပြည်သူ တွေ မှတ်မိဖို့လည်းလွယ်မယ်။ နောက်တစ်ခါ ပညာပေးတဲ့သူတွေလည်း မှတ်မိလွယ်မှာ ဖြစ်ပါတယ်။
ဒေါက်တာဖြူဖြူအေး
(ညွှန်ကြားရေးမှူး၊
ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာန)
ဒီရာသီတုပ်ကွေးနဲ့ပတ်သက်လို့ ကျွန်မ တို့ ဆောင်ရွက်ထားတာကတော့ ပြည်သူ လူထုထဲမှာ ကျန်းမရေးအသိပညာတွေ၊ အထူး သဖြင့် လူထူထပ်တဲ့နေရာတွေမှာ အသိပညာ ပေးဖို့အတွက်ဖြစ်ပါတယ်။ ပိုစတာ သုံးမျိုး၊ လက်ကမ်းစာစောင်တစ်မျိုး ထုတ်ပြန်ထားပါ တယ်။ ပိုစတာထဲမှာပါတဲ့ အဓိကအချက် တွေကို ပြည်သူလူထု သိစေချင်တဲ့အပိုင်းက သုံးခုရှိပါတယ်။ နံပါတ်(၁)ကတော့ ဒီရာသီ တုပ်ကွေး အခုလိုကူးစက်နေတဲ့အခြေအနေ မှာ လူတိုင်းလူတိုင်း ချောင်းဆိုးတိုင်း ချောင်ဆိုးတိုင်းမှာ နှာခေါင်းနဲ့ပါးစပ်ကို အုပ်ထားဖို့ပါ။ လက်ကိုင်ပဝါ၊ တစ်ရှူး၊ တစ်ခါ သုံး မက်စ် အဲဒါတွေနဲ့ အုပ်ထားလို့ရပါတယ်။ အဓိကကတော့ မိမိနှာစေး၊ ချောင်းဆိုးလိုက် တိုင်း တစ်ဖက်သားကို မကူးစက်အောင် အသိလေးနဲ့ ကြိုတင်ကာကွယ်ဖို့ဖြစ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ လက်ဆေးဖို့ပါ။ ဒီလက်ဆေးတာက တော်တော်ကိုအရေးကြီး တဲ့ အခန်းကဏ္ဍကပါဝင်ပါတယ်။ အားလုံး လည်းပဲ သိပြီးသားဖြစ်မှာပါ။ မကြာခဏ လက်ဆေးခြင်းက ရောဂါကို ကာကွယ်နိုင်တဲ့ အပိုင်းမှာ အဓိကကျတဲ့နေရာမှာ ပါဝင်ပါ တယ်။ တတိယတစ်ချက်ကတော့ လူထူထပ်တဲ့ နေရာတွေကို ရှောင်ဖို့ပါပဲ။ လူထူထပ်တဲ့နေရာ တွေကို ရှောင်ခြင်းအားဖြင့် တစ်ယောက်နဲ့ တစ်ယောက် ကူးစက်ပြန့်ပွားမှုကို ဟန့်တား နိုင်မှာ ဖြစ်ပါတယ်။ အဲဒီတော့ ပြည်သူလူထုကို အဓိက အသိပေးချင်တဲ့ အချက်ကတော့ အဲဒီ သုံးချက်ပဲဖြစ်ပါတယ်။ နောက်တစ်ချက်က တော့ ကျွန်မတို့ ကြိုတင်ကာကွယ်ရေးလုပ်ငန်း တွေဆိုတာ ကျန်းမာရေးဌာနတစ်ခုတည်းနဲ့ ဆောင်ရွက်လို့မရပါဘူး။ အခုဆိုရင် အထွေထွေအုပ်ချုပ်ရေးအပိုင်းကရော လွှတ်တော်အပိုင်းကရော နောက်ပြီး ပြည်သူ လူထုအတွင်းမှာ အခြေပြုနေတဲ့ အဖွဲ့အစည်း တွေကရော ဒီကိစ္စကို အာရုံစိုက်လာတာ ကျွန်မတို့အတွက် အလွန်ကောင်းတဲ့ လက္ခဏာဖြစ်ပါတယ်။ ဆက်ပြီးတော့လည်း အာရုံစိုက်ပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြဖို့ အထူးတိုက်တွန်းချင်ပါတယ်။
(သတင်းအဖွဲ့)

No comments:

Post a Comment