Wednesday, August 30, 2017

စိန်ခေါ်မှုများကြားမှဖွံ့ဖြိုးတိုးတက်




မြန်မာနိုင်ငံတွင် မျက်မှောက်ကာလ၌ စိန်ခေါ်မှုများစွာကို ရင်ဆိုင် ဖြေရှင်းနေရသည်။ ထိုသို့ဖြေရှင်းနေရစဉ် စီးပွားရေးဘက်၌ တိုးတက်မှု အလားအလာကောင်းများ မြင်တွေ့လာရသည်မှာ ကျေနပ်စရာ၊ ဝမ်းမြောက်စရာဖြစ်သည်။ ယင်းတိုးတက်မှုမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ယခင်နှစ်ကာလများကထက် ပိုမိုတိုးတက်မြင့်မားလာခြင်းဖြစ်သည်။
ယမန်နေ့က ကျင်းပခဲ့သည့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ၏အခက်အခဲများနှင့် လိုအပ်ချက်များ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် နဝမအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုတိုးတက်လာသည့် အခြေအနေများကို ကြားသိခဲ့ရခြင်းဖြစ်သည်။
လက်ရှိတွင် နိုင်ငံတော်က နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ဦးစားပေးဆောင်ရွက်နေပြီး နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို သက်ဆိုင်ရာ ကဏ္ဍအလိုက် အလေးထားဆောင်ရွက်နေသည်။ စီးပွားရေးကဏ္ဍတွင် မြန်မာနိုင်ငံသားများ၏ရင်းနှီးမြှုပ်နှံမှုမှာ ယခင်နှစ်က ငွေကျပ် ၁ဝ၉ ဘီလီယံခန့်ရှိခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် ၁၂၇၅ ဘီလီယံနီးပါးထိ တိုးတက်လာသည်ကို တွေ့ရသည်။ ပြည်ပရင်းနှီးမြှုပ်နှံမှုတွင် ယမန် နှစ်က အမေရိကန်ဒေါ်လာ သန်း ၄ဝဝ ခန့်ရှိပြီး ယခုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၃၅ဝဝ အထိ တိုးတက်လာသည်ကို တွေ့ရသည်။
ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံကြရာတွင် ရင်းနှီးမြှုပ်နှံမှုအားလုံး၏ ၈ဝ ရာခိုင်နှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အများဆုံး ရင်းနှီးမြှုပ်နှံကြပြီး ကျန်ဒေသများတွင် အနည်းငယ်မျှသာရှိသည်။ ရင်းနှီးမြှုပ်နှံကြသူများအနေဖြင့် အကျိုးစီးပွားဖြစ်ထွန်းမှုနှင့် လုပ်ကိုင်မှု လွယ်ကူသော အရပ်ဒေသတွင် ရင်းနှီးမြှုပ်နှံကြသည်မှန်သော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရင်းနှီးမြှုပ်နှံမှုဖြန့်ကြက်ဖွံ့ဖြိုးမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေနိုင်သည်။
နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် ဒေသတည်ငြိမ်အေးချမ်းမှုသည် အဓိကကျသောအချက်ဖြစ်၍ လက်ရှိအခြေအနေတွင် ရင်ဆိုင်ကြုံတွေ့နေရသော ဒေသတည်ငြိမ်အေးချမ်းရေး စိန်ခေါ်မှု များကို ဝိုင်းဝန်းလက်တွဲဖြေရှင်းနိုင်မှသာ ပြည်တွင်း၊ ပြည်ပရင်းနှီး မြှုပ်နှံမှုများ တစ်နိုင်ငံလုံးဖြန့်ကြက်ဖွံ့ဖြိုးလာနိုင်မည်ဟု ထင်မြင်ယူဆပါသည်။ လက်ရှိတွင် ရင်းနှီးမြှုပ်နှံမှုအလားအလာကောင်းများ မြင်တွေ့နေရသဖြင့် တည်ငြိမ်အေးချမ်းရေး ဖြစ်ထွန်းလာအောင် အလေးထားဆောင်ရွက်ကြရမည်ဖြစ်သည်။
စီးပွားရေးကဏ္ဍရင်းနှီးမြှုပ်နှံမှုများ တိုးတက်ဖြစ်ထွန်းလာသည်ဟု ဆိုသော်လည်း စိန်ခေါ်မှုများစွာရှိနေသေးသည်။ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကကျသောလုပ်ငန်းတစ်ခုဖြစ်သည့် စတော့ ရှယ်ယာဈေးကွက် ထူထောင်လုပ်ကိုင်ရေးလုပ်ငန်းကို အစောပိုင်း ကာလကတည်းက အကောင်အထည်ဖော်ခဲ့သော်လည်း ထိရောက်အောင်မြင်သည့်အတိုင်းအတာမရှိသေးချေ။ လက်ရှိတွင် ပြည်တွင်း၌ စိုက်ပျိုးမှုကောင်းမွန်သည့် ပဲဈေးကွက်မှာလည်း တည်ငြိမ်မှုမရှိသေးသဖြင့် သေချာရေရာသည့် ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းလာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
ပြည်ပရင်းနှီးမြှုပ်နှံမှုများမှာ အခြေခံကောင်းအောင် ရင်းနှီးထားရသည်ဖြစ်၍ ရုတ်တရက် ပြန်လည်စီးထွက်သွားခြင်းလည်းမရှိ ချေ။ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအဖို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများသည်သာ အားထားရသည့်စီးပွားရေးဖြစ်သည်။ လမ်းပန်းဆက်သွယ်မှုနှင့် အခြေခံအဆောက်အအုံလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ ရေနံနှင့်ဓာတ်သတ္တုရှာဖွေရေး လုပ်ငန်းများ စသည့်လုပ်ငန်းများစွာတို့တွင် ရင်းနှီးမြှုပ်နှံကြရာ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးကျေးဇူးများပေသည်။
သို့ဖြစ်ရာ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေအနေ ကောင်းများရှိနေသောအချိန်အခါတွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက် စေရေးတွင် အဓိကကျသည့် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို နိုင်ငံတော်နှင့်အတူ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။

No comments:

Post a Comment