Tuesday, August 1, 2017

မိုနာကို( သို့မဟုတ်) ကစားသမားကောင်းများပေါ်ထွန်းရာကလပ်

Image may contain: 2 people, people smiling, text
မိုနာကို ဆိုတာ ဒီနေ့ လူပြောသူပြော အများဆုံးကလပ်အသင်းတစ်ခုပါ။ အရင်ကတော့ မိုနာကို အသင်းအကြောင်းကို ဘယ်သူကမှ တခုတ်တရ ပြောကြားခြင်းမရှိခဲ့ပေမယ့် ခုနောက်ပိုင်းနှစ်တွေမှာတော့ မီဒီယာစာမျက်နှာ ထက် နေရာအယူဆုံးအမည်တစ်ခု ဖြစ်နေပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီက သူတို့အသင်းရဲ့ အောင်မြင်မှုတွေကြောင့်လို့ ယေဘုယျကျကျ ပြောနိုင်ပေမယ့် တကယ်တမ်းမှာ ဒီထက်ပိုတဲ့အဓိပ္ပာယ်ဆောင်ပါတယ်။
မိုနာကိုအသင်းရဲ့ ကစားသမားတွေဟာ ဒီနှစ်နွေဈေးကွက်အတွင်း ဥရောပအသင်းကြီးတွေရဲ့ အဓိကပစ်မှတ်ဖြစ်ခဲ့သလို ဘာနာဒိုဆေးလ်ဗား၊ ဘာကာယိုကို၊ မန်ဒီတို့လို ကစားသမားတွေကို ရောင်းချခဲ့တဲ့အတွက် ပေါင် ၁၅၅ သန်း(ယူရို ၁၇၃ ဒသမ ၅ သန်း) ဝင်ငွေရရှိခဲ့ပြီးဖြစ်ကာ ဂျာဗီလာ၊ ဒါမိန်း၊ ဒီရာတို့လို ဈေးနှုန်းဖော်ပြခြင်းမရှိတဲ့ ကစားသမားတွေလည်း ရှိခဲ့လို့ တကယ်တမ်းဝင်ငွေကို ချပြကြေးဆို ပေါင်သန်း ၂ဝဝ နီးပါး ကပ်နေပြီလို့ ခန့်မှန်းရပါတယ်။ မက်ပီကို ရီးယဲလ်က ပေါင်သန်း ၁၆ဝ၊ လီမာကို အာဆင် နယ်က ပေါင် ၄၅ သန်းနဲ့ ပြောင်းရွှေ့ဖို့ အနေအထားတွေလည်း ရှိနေသေး တာကြောင့် မိုနာကိုအသင်းက အရောင်းသက်သက်နဲ့ ခရီးဆက်နေခဲ့သလား ဒါကိုလည်း စဉ်းစားစရာရှိပါတယ်။
မိုနာကို ခေတ်ဖြစ်ဖို့ အစပြုခဲ့ပြီ
ရုရှားဘီလျံနာသူဌေး ဒီမီထရီ ရီလိုလော့ဗ်ဟာ မိုနာကိုအသင်းကို ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလမှာ ဝယ်ယူခဲ့ပြီး ပြုပြင်ပြောင်းလဲရေးအတွက် တစ်ရာသီ အနည်းဆုံး ယူရိုသန်း ၁ဝဝ( ပေါင် ၈၄ သန်း) အသုံးပြုသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ အဲဒီအချိန်က မိုနာကိုအသင်းဟာ ပြင်သစ်ဒုတိယတန်းလိဂ် မှာသာ ယှဉ်ပြိုင်နေခဲ့ရတာကြောင့် ပထမတန်းကို တန်းပြန်တက်နိုင်ဖို့ ပထမ ဦးဆုံး ဆောင်ရွက်ခဲ့ရပြီးနောက်မှာ ပြင်သစ်လိဂ်မှာ ကြီးစိုးနေတဲ့ ပီအက်စ်ဂျီကို ယှဉ်ပြိုင်ဖိအားပေးနိုင်ရေး ဆက်လက်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် လည်း ၂ဝ၁၃ ခုနှစ် နွေဈေးကွက်မှာတော့ အက်သလက်တီကိုက ဖယ်လ်ကာအို အတွက် ပေါင်သန်း ၅ဝ၊ ပေါ်တိုရဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်နဲ့ မော်တင်ဟိုတို့ နှစ်ဦးပေါင်းအတွက် ပေါင်သန်း ၇ဝ အသုံးပြုခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကြယ်ပွင့်ကစားသမား အများအပြားရောက်ရှိပြီးဖြစ်တဲ့ ပီအက်စ်ဂျီကို ရင်ပေါင်တန်းနိုင်ဖို့ ခက်ခဲနေဆဲအနေအထားအပြင် ပရိသတ် ၉ဝဝဝ လောက် သာဆံ့တဲ့ ကွင်းအနေအထား၊ ရုပ်သံစာချုပ်တွေကရရှိတဲ့ ဝင်ငွေနည်းပါးမှု၊ နာမည်ကြီးကုမ္ပဏီတွေနဲ့ စပွန်ဆာစာချုပ် ချုပ်ဆိုနိုင်မှုမရှိခြင်းက ဝင်ငွေနဲ့ ထွက်ငွေမျှတမှုကိုဖြေရှင်းဖို့ အဓိကအခက်တွေ့စေခဲ့တာပါ။ မိုနာကိုဟာ အဲဒီအချိန်
က ဝင်ငွေထက် ထွက်ငွေပိုမိုများပြားခဲ့တဲ့ အသင်းဖြစ်ခဲ့ရဖူးပေမယ့် တစ်ဖက်မှာလည်း ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေးမျှခြေစည်းမျဉ်းကို လိုက်နာရဖို့ရှိတဲ့အတွက် ဒါဟာ ဘယ်လိုမှမဖြစ်နိုင်ခဲ့တဲ့ကိစ္စရပ်ဖြစ်ခဲ့ပါတယ်။
ချဉ်းကပ်မှုပုံစံ ပြောင်းခဲ့လေပြီ
၂ဝ၁၄ ကမ္ဘာ့ဖလားမှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့တဲ့ ဂျိမ်းရိုဒရီဂွက်ဇ် ကို ရီးယဲလ်မက်ဒရစ်က ပေါင်သန်း ၆ဝ အသုံးပြုခေါ်ယူခဲ့တာကြောင့် ဂျိမ်းစ် နေရာမှာ မထင်မရှားပြင်သစ်ကစားသမားလေး လီမာကို ကန်းအသင်းက ယူရို ၄ သန်းနဲ့ အစားထိုးခေါ်ယူခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ကလပ်အသင်းရဲ့ အောင်မြင်ရေးချဉ်းကပ်မှုပုံစံပြောင်းလဲသွားခြင်းရဲ့ အမှတ်သင်္ကေတဖြစ်ခဲ့တာကို ဘယ်သူကမှ သတိမမူခဲ့ကြပေမယ့် အပြောင်းအလဲစတင်ရာ ပထမဦးဆုံး ခြေလှမ်းဖြစ်ခဲ့ပါတယ်။ လူငယ်ကစားသမားလေးတွေကို ဖွံ့ဖြိုးစေရမယ်၊ မိုနာကိုဟာ သူတို့ အရည်အသွေးအစစ်အမှန်ကို ပြသနိုင်တဲ့ နေရာဖြစ်စေရမယ်၊ သူတို့ကို ရောင်းချပြီး ရရှိလာတဲ့ ဘဏ္ဍာရေးအင်အားကို နောက်မျိုးဆက်အတွက် သုံးစွဲပြီး စဉ်ဆက်မပြတ်တိုးတက်ရေး ဖော်ဆောင်မယ်ဆိုတာဟာ မိုနာကိုရဲ့ ချဉ်းကပ်မှုပုံစံအသစ် ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ရာသီနွေဈေးကွက်ကနေစတင်ပြီး မိုနာကိုရဲ့ ပထမမျိုးဆက် လူငယ်လေးတွေကို ဥရောပအသင်းကြီးတွေဆီ ရောင်းချမှုကို စတင်မြင် တွေ့ခဲ့ရပါတယ်။ မာရှယ်လ်ကို ပေါင် ၅၇ သန်းနဲ့ မန်ယူအသင်းဆီကို ရောင်းချမှုက စုစုပေါင်း ပေါင် ၇၁ ဒသမ ၆ သန်းအထိ ရရှိနိုင်ဖွယ်ရှိခဲ့သလို ကာရက်စ္စကိုက အက်သလက်တီကို၊ အက်ပ်ဒင်နိုကို ဗလင်စီယာ၊ ကော်ဇောဝါကို ပီအက်စ်ဂျီအသင်းတွေဆီ ရောင်းချမှုဝင်ငွေစုစုပေါင်းဟာ ယူရိုသန်း ၁၈ဝ လောက် ရရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် မိုနာကိုဟာ အရောင်းသက်သက် လုပ်ဆောင်ခဲ့တာမဟုတ်ဘဲ ထွက်သွားတဲ့နေရာမှာ အလားတူကစားနိုင်မယ့် ကစားသမားတွေကို စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ပြင်သစ်ကွင်းလယ်လူ ဂျော်ဖရီ ကွန်ဒိုဘီယာကို အစားထိုး ခေါ်ယူခဲ့မှုဟာ အထင်ရှားဆုံးပြယုဂ်ဖြစ်ခဲ့ပြီး ဒီကစားသမားဟာလည်း ၂ဝ၁၅ ချန်ပီယံလိဂ် အာဆင်နယ်ကို အနိုင်ယူနိုင်ခဲ့တဲ့ပွဲမှာ အထူးခြေစွမ်းပြသနိုင်ခဲ့သလို တစ်ရာသီလုံးလည်း ခြေစွမ်းကောင်းခဲ့ပါတယ်။ ဒါကြောင့်လည်း မိုနာကိုမှာ တစ်ရာသီပဲကြာပြီး အင်တာမီလန်အသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်း(ပေါင် ၂၅ သန်း)နဲ့ ထွက်ခွာသွားတာကြောင့် တစ်ရာသီအကြာမှာပဲ ကစားသမားတစ်ဦးတည်းအတွက် အမြတ်ငွေ ပေါင် ၁၅ သန်း ရရှိခဲ့တာပါ။ အဲဒီအချိန်မှာတော့ မိုနာကိုအသင်းဟာ အားကစားနည်းတစ်ခုအပေါ် ထားရှိ ရမယ့် ခံယူချက်သွေဖည်သွားပြီး စီးပွားရေးတအားဆန်နေပြီဆိုတဲ့ ဝေဖန်မှုတွေ ဆက်တိုက်ခံခဲ့ရပါတယ်။
ရည်မှန်းချက် ပြည့်ပြည့်ဝဝ
ယနေ့ မိုနာကိုအသင်းရပ်တည်မှုပုံစံက အောင်မြင်နေတဲ့ ဘောလုံးကလပ်၊ ကစားသမားတွေကို စက်နဲ့လှည့်ထုတ်သလို ထုတ်ပေးနိုင်တဲ့အသင်း၊ အံဝင် ခွင်ကျလည်ပတ်နေတဲ့ အဖွဲ့အစည်းတစ်ခုလို့ ယေဘုယျကျကျ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ လူငယ်အကယ်ဒမီက ပြင်သစ်မှာ အကောင်းဆုံးဖြစ်သလို ကမ္ဘာ့အတိုင်းအတာမှာတောင် ထိပ်ဆုံးကပြေးနေတဲ့ အနေအထားရှိပါတယ်။ ဒီအကယ်ဒမီအတွက် တစ်နှစ်ကို ယူရို ရှစ်သန်းလောက် အသုံးပြုနေသလို ရိုးရှင်းပေမယ့် ထိရောက်တဲ့စည်းမျဉ်းတွေဟာ ပါရမီရှင်လူငယ်လေးတွေအတွက် လျင်လျင်မြန်မြန်ဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးနိုင်ပါတယ်။
ဥရောပတစ်တိုက်လုံးမှာ ကောင်းမွန်တဲ့ ကင်းထောက်စနစ်ကို ဖြန့်ကြက် ထားနိုင်သလို ပဲရစ်တစ်မြို့တည်းမှာပဲ ကင်းထောက် ခြောက်ဦးလောက် ထားနိုင် တာကို တွေ့ရပါတယ်။ မိုနာကိုရဲ့ ကင်းထောက်တွေက မြို့ကြီးတွေနဲ့ မြို့ငယ် လေးတွေမှာရှိတဲ့ အောက်ခြေကလပ်လေးတွေရဲ့အကြောင်းကို ခရေစေ့ တွင်းကျ သိနိုင်လောက်အောင် လှုပ်ရှားအလုပ်လုပ်နေကြသူတွေပါ။ ဒီကင်းထောက်တွေရဲ့ စွမ်းဆောင်ချက်ကြောင့်ပဲ ယနေ့ ဥရောပထိပ်တန်း အသင်းကြီးများစွာက လိုချင်တဲ့ မက်ပီကို အသက်(၁၄)နှစ်အရွယ်မှာ ခေါ်ယူ စာချုပ်ချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ မက်ပီရဲ့ မိသားစုက မိုနာကိုအသင်းဟာ အခြားအသင်းတွေထက် သူတို့သားရဲ့အနာဂတ်ကို ဖြောင့်အောင်ပံ့ပိုးနိုင်တဲ့ အသင်းရယ်လို့ ယူဆတာကြောင့် အခြားကလပ်အသင်းတွေ ချဉ်းကပ်နေတဲ့ ကြားက မိုနာကိုကို ရွေးချယ်စေခဲ့တာဖြစ်ပါတယ်။
ဘာကာယိုကို၊ လီမာ၊ ဆီဒီဘီ၊ မန်ဒီတို့လို တောက်ပလာမယ့် ကြယ်ပွင့် လေးတွေကိုလည်း အတန်အသင့်ဈေးနှုန်းနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီကစားသမားတွေကလည်း ဥရောပစင်မြင့်ထက်ကို မြန်မြန်တက်လှမ်းခွင့်ဟာ မိုနာကိုမှာပဲ ရမယ်ဆိုတာ သဘောပေါက်ကြတာကြောင့် တက်တက်ကြွကြွနဲ့ ပူးပေါင်းခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုကောင်းသတင်းတွေကြောင့်ပဲ ဘယ်လ် ဂျီယံ၊ နယ်သာလန်၊ ပေါ်တူဂီနဲ့ ဘရာဇီးက ဘောလုံးဝါသနာရှင် လူငယ်လေး တွေဟာ မိုနာကိုအသင်းနဲ့ပူးပေါင်းရေးဟာ သူတို့ အိပ်မက်လိုကို ဖြစ်တည် လာကြပါပြီ။ မိုနာကိုအသင်းဟာ ဘောလုံးကင်းထောက်တွေကိုချည်း အားကိုးမှု သက်သက်ပြုနေတဲ့ အသင်းတော့မဟုတ်ဘဲ အေးဂျင့်တွေရဲ့ အကြံပြုချက်ကို လည်း နားထောင်ပြီး ဆောင်ရွက်တတ်တဲ့အသင်းပါ။ ဘင်ဖီကာရဲ့ မထင်မရှား ကစားသမား ဘာနာဒိုဆေးလ်ဗားကိုခေါ်ယူဖို့ နာမည်ကျော်အေးဂျင့် ဂျော့ဂ်ျ မန်းဒက်ဇ်ရဲ့ အကြံပြုချက်အရ ခေါ်ယူခဲ့ပြီး သုံးနှစ်အကြာ ယခုနှစ်နွေဈေးကွက် မန်စီးတီးကို ထုတ်ရောင်းရာမှာ ယူရိုသန်း ၅ဝ (ပေါင် ၄၃ သန်း)အထိ ရရှိ လာခဲ့ပါတယ်။ မိုနာကိုအသင်းနည်းပြ ဂျာဒင်ဟာလည်း အသင်းရဲ့ လူငယ် တည်ထောင်ရေးမူဝါဒနဲ့ အကိုက်ညီဆုံးနည်းပြဖြစ်ပြီး လူငယ်လေးတွေကို အခွင့်အရေးပေးဖို့ ဘယ်တုန်းကမှ တွေဝေခြင်းမရှိတဲ့ လူစားမျိုးပါ။
ရောင်းချခြင်းအနုပညာ
အသင်းဥက္ကဋ္ဌ ရီလိုလော့ဗ်နဲ့ သူရဲ့လက်ထောက်လည်းဖြစ် ဒု-ဥက္ကဋ္ဌ လည်းဖြစ်တဲ့ ဗက်ဆယ်လိုင်ယက်ဇ်တို့ နှစ်ဦးစလုံးဟာ အမြင်တူ၊ သဘောထား တူကြသလို ''ကြောက်ရင်လွဲ၊ ရဲရင် မင်းဖြစ်''ဆိုတဲ့ မူဝါဒမျိုးကို ကျင့်သုံးပြီး မိုနာကိုအသင်းရဲ့ စီးပွားရေးယန္တရားကြီးတစ်ခုလုံးကို အဓိကကြိုးကိုင်နေသူ နှစ်ဦးဖြစ်ပါတယ်။ ''ရောင်းချိန် အမြင့်ဆုံးနှုန်း ပြန်ရချိန်မှ ထုတ်မယ်၊ အဝယ်ကျရင် အနိမ့်ဆုံးဈေးနှုန်းရမှ ဝယ်မယ်''ဆိုတာ ဒီရုရှားသားကြီး နှစ်ဦးကိုင်စွဲတဲ့ စီးပွားရေးမူဝါဒပါ။
မာရှယ်လ်တုန်းကလည်း ဈေးကွက်ပိတ်သိမ်းမယ့် နောက်ဆုံးနေ့ရက် ရောက်တဲ့အထိ သူတို့လိုချင်တဲ့ ပမာဏရမှသာ ထုတ်ရောင်းခဲ့ဖူးသလို မန်ဒီကိုလည်း ပေါင် ၅၂ သန်းရမှသာ မန်စီးတီးကိုထွက်ခွာခွင့်ပေးခဲ့တာကို ကြည့်ရင် သူတို့နှစ်ဦးရဲ့ ဒီလိုဘဘောထားကို ထင်ထင်ရှားရှား မြင်တွေ့ ရမှာဖြစ်ပါတယ်။ မန်ဒီကို လွန်ခဲ့တဲ့နှစ်နွေဈေးကွက်ကမှ မာဆေးလ်ကနေ ပေါင် ၁၁ သန်းကျော်နဲ့ ဝယ်ယူခဲ့ပေမယ့် နောက်တစ်ရာသီအကြာမှာ ပေါင် ၅၂ သန်းနဲ့ ထုတ်ရောင်းခဲ့သလို ဘာကာယိုကိုကလည်း အလားတူ အနေအထား ပါပဲ။ ချယ်လ်ဆီးကို ပေါင် သန်း ၄ဝ နဲ့ ထုတ်ရောင်းလိုက်တဲ့ ဘာကာယိုကိုဟာ ၂ဝ၁၄ ခုနှစ်တုန်းက ရင်းနက်စ်အသင်းကနေ ပေါင် ၆ ဒသမ ၃၅ သန်းနဲ့ ရောက်ရှိလာသူပါ။
ဒီရုရှားသားနှစ်ဦးက သူတို့ဟာ ဘောလုံးစီးပွားရေးကိုလည်း အကောင်း ဆုံးနဲ့ လျင်လျင်မြန်မြန်ဦးဆောင်နေနိုင်ပြီဆိုတာ သဘောပေါက်တာကြောင့် ဘယ်လ်ဂျီယံ ဒုတိယတန်းကလပ် ဆာဆယ်လ် ဘရာဂါကိုပါ ဆက်လက် ဝယ်ယူထားပြီးပါပြီ။ သူတို့နှစ်ဦးကတော့ ဒီကလပ်ကိုလည်း မိုနာကိုရဲ့ နည်းစဉ် အတိုင်း ဆက်လက်လည်ပတ်စေမယ်လို့ မျှော်လင့်ရပြီး မိုနာကိုကစားသမား ခုနစ်ဦးကို အငှားချပုံစံနဲ့ ထွက်ခွာခွင့်ပေးထားပြီးဖြစ်ပါတယ်။ ဒီကစားသမား တွေထဲကရော လာမယ့်ရာသီတွေမှာ ကြေးကြီးကြီးနဲ့ ပြောင်းရွှေ့သွားမယ့် ကစားသမားတွေ ဘယ်နှစ်ဦး ထွက်ပေါ်လာဦးမလဲ။ ကမ္ဘာ့ဘောလုံး ဇာတ်ခုံမှာ ကျင်လည်နေကြသူတွေကတော့ ဒီရုရှားသားကြီးတွေရဲ့ အစီအမံတွေ နှစ်ဘယ်လောက်ကြာကြာ အလုပ်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရင်းနဲ့.....။
မေလဲ့သင်း

No comments:

Post a Comment