Thursday, August 31, 2017

မိုးသည်းထန်စွာရွာသွန်း၍ တံတားတစ်စင်းပျက်စီးကာ စပါးစိုက်ခင်းများ ရေနစ်မြုပ်

Image may contain: sky, outdoor, nature and water
ရေတာရှည် သြဂုတ် ၃ဝ
ရေတာရှည်မြို့နယ်တွင် သြဂုတ် ၂၈ ရက် ညနေ ပိုင်းမှစတင်ကာ မိုးများသည်းထန်စွာရွာသွန်းခဲ့၍ ယင်းနေ့ညပိုင်းတွင် တောင်ကျရေများကြောင့် ကြက်ဆင်ချောင်းရေများလျှံခဲ့ပြီး ကက္ကူကျေးရွာ အုပ်စုအတွင်းရှိ ဆပ်သွား-စစ်တောင်းလမ်းပေါ်၌ အရှည် လေးဖာလုံခန့်တွင် ရေသုံးပေခန့်ကျော်ခဲ့ပြီး အရှည် ၁၅ ပေ၊ အကျယ် ၁၄ ပေရှိ သစ်သား တံတားတစ်စင်း ပျက်စီးခဲ့သည်။
ထို့အပြင် စပါးများ စိုက်ပျိုးပြီးစီးသွားသည့် ကက္ကူကျေးရွာ၊ အုတ်ဖိုကျေးရွာ၊ ကျွဲဦးကကျေးရွာ၊ ချုံအင်းကျေးရွာ၊ ပိန်းအင်းကျေးရွာများနှင့် ဝဲဒေါင့် ကျေးရွာ အုပ်စုအတွင်းရှိ ကွင်းမှတ် ၇၂၄(က) (ခ) ၇ဝ၇၊ ၇၁ဝ တို့တွင် စပါးစိုက်ခင်း ဧက ၁၅ဝ ခန့် ရေဝင်နစ်မြုပ်ခဲ့သည်။
ရေဝင်နစ်မြုပ်လယ်မြေများနှင့် တံတားပျက်စီး သွားသည့် နေရာများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်၊ မြို့နယ်ကျေးလက်ဦးစီးမှူး ဦးရန်နိုင်ညွန့်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းမြင့်နှင့် တာဝန်ရှိ သူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
''ည ၉ နာရီလောက်ကတည်းက ရေက တအားကိုထိုးကျလာတာ။ အတော့်ကိုများတယ်။ တံတားပါ ကျိုးကျသွားတော့ သွားလာရေးတွေ အခက်အခဲဖြစ်ကုန်တယ်''ဟု ချုံအင်းကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။ မိုးဆက်လက်ရွာသွန်း ပါက နစ်မြုပ်လယ်မြေများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်မည်ကို တောင်သူများအနေဖြင့် စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။
ကိုလွင်(ဆွာ)

No comments:

Post a Comment