Wednesday, August 2, 2017

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂ဝ၁၆ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာကို လွှတ်တော်ကမှတ်တမ်းတင်


နေပြည်တော် သြဂုတ် ၁
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂ဝ၁၆ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာကို ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး (၁၅) ရက် မြောက်နေ့တွင် လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။
အစီရင်ခံစာနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက လက်နက် ကိုင်ပဋိပက္ခများအတွင်း ကလေးသူငယ်များ ပါဝင်မှုနှင့် ပတ်သက်သည့် ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ နောက်ဆက်တွဲ သဘောတူစာချုပ်ကို ကနဦးလက်မှတ်ရေး ထိုးပြီးဖြစ်သော်လည်း အတည်ပြုပါဝင်ချုပ်ဆိုနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန်ရှိပါကြောင်း၊ လူအင်အား အရင်းပြု ကုန်ထုတ်လုပ်ငန်းများတွင် ကလေးသူငယ် များအပါအဝင် အလုပ်သမားများ၏ အခွင့်အရေးများ မဆုံးရှုံးစေရန်နှင့် လုပ်ငန်းခွင်လုံခြုံမှုရှိစေရန် အကြံပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေး များဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ် အတည်ပြုချုပ်ဆိုနိုင်ပါက လူ့အခွင့်အရေးမြှင့်တင် ကာကွယ်ရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ သဘောထား ရပ်တည်ချက်သည် ခိုင်မာမှုရှိသည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်းက ရှုမြင်လာနိုင်ပါကြောင်းရှင်းလင်းဆွေးနွေးပြီး လူ့အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲများ၊ ဟောပြော ပွဲများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ထားရန် စီစဉ်ထား ရှိမှု၊ လူမှုကွန်ရက်နှင့်အတူ မီဒီယာများနှင့်ပူးပေါင်း၍ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ခဲ့မှု၊ ၂ဝ၁၆ ခုနှစ်အတွင်း လူ့အခွင့်အရေးဆိုင်ရာ ပညာပေးလုပ် ငန်းများဆောင်ရွက်ခဲ့မှု၊ တိုင်ကြားချက်များအပေါ် ကွင်းဆင်းစစ်ဆေးထားရှိမှု အခြေအနေ၊ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များနှင့် ပတ်သက်သည့် တိုင်ကြားချက်များရရှိမှု၊ အကျဉ်းသား၊ အကျဉ်းသူများ ပညာဆက်လက်သင်ကြား နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု၊ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အချုပ်ခန်းများတွင် အကျဉ်းသား၊ အချုပ်သားများနှင့် သီးခြားတွေ့ဆုံစစ်ဆေးခဲ့မှု၊ ကမ္ဘာ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံအပေါ် အကြံပြုတိုက်တွန်းချက်ရရှိမှု၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုလျော့
ကျစေရန် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခဲ့မှုနှင့် CEDAW ကော်မတီသို့ပေးပို့သည့် ကော်မရှင်၏သီးခြားအစီရင်ခံစာ၌ ထည့်သွင်းဖော်ပြထားမှု အခြေအနေများ နှင့်စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်း တင်ပြသည်။
ယင်းအစီရင်ခံစာကို လွှတ်တော်ကမှတ်တမ်းတင်သည်။
ထို့ပြင် အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများအဖြစ် ဦးစိုးမင်း၊ ဦးစိုးသိန်းနှင့် ဦးဘိုဘိုငယ်တို့က ပြည်ထောင်စုလွှတ်တော်နာယက ရှေ့မှောက်၌ ကတိသစ္စာပြုကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးဆက်အောင်အား ခန့်အပ်တာဝန်ပေးအပ်ခြင်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေ ကို ပြင်ဆင်သည့်ဥပဒေကြမ်း၊ ခရစ်ယာန်ထိမ်းမြား ခြင်းဆိုင်ရာအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေကြမ်းတို့ကို လွှတ်တော်က မှတ်တမ်းတင်သည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာဥပဒေကြမ်းနှင့် လွှတ်တော်နှစ်ရပ်သဘော ကွဲလွဲသော တာတမံဥပဒေကြမ်းတို့နှင့်စပ်လျဉ်း၍ တစ်ပိုဒ် ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး အတည်ပြုသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂ဝ၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ ကုန်စည်အချို့အပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များ ကင်းလွတ်ခွင့်ပြုရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးထင်လင်းဦးက ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ အခွန်အကောက်ရငွေလျာထားချက်များ အရ အခွန်အမျိုးအစားများအားလုံးအတွက် မူလခန့်မှန်း ခြေသည် ၂ဝ၁၆-၂ဝ၁၇ မူလ ခန့်မှန်းခြေထက် ငွေကျပ် သန်းပေါင်း ၂၆ဝဝဝဝ ခန့် ပိုမိုလျာထားသည်ကို လေ့လာ တွေ့ရှိရပါကြောင်း၊ အထူးကုန်စည်ခွန်အတွက် ၂ဝ၁၇-၂ဝ၁၈ မူလခန့်မှန်းခြေသည် ၂ဝ၁၆-၂ဝ၁၇ မူလ ခန့်မှန်းခြေထက် ငွေကျပ်သန်း ၈၇၂၉၉ ဒသမ ၉၄၁ ပိုမို လျာထားသည်ကို တွေ့ရှိရပါကြောင်း၊ ယခုဘဏ္ဍာ နှစ်အတွင်း စိန်နှင့်မြတို့ကို အထူးကုန်စည်ခွန်မကျ သင့်သည့် ကုန်စည်အဖြစ်သတ်မှတ်နိုင်ရေးဆောင်ရွက်ပါက နိုင်ငံတော်၏ အခွန်မူဝါဒများ၊ ပြည်ထောင်စု၏ အခွန်အကောက်ရငွေလျာထားချက်များနှင့် ကိုက်ညီ မှုရှိရန်လိုအပ်မည်ဖြစ်ပါကြောင်း။
ထို့ပြင် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် နိုင်ငံတော်၏ လိုငွေသည် ဂျီဒီပီ၏ ၄ ဒသမ ၃၇ ရာခိုင်နှုန်းဖြစ်ပြီး အခွန်နှင့် ဂျီဒီပီ၏အချိုးမှာ ၇ ဒသမ ၁ဝ ရာခိုင်နှုန်းရှိမည်ဖြစ် ကြောင်း၊ ယခုကိစ္စကို ဆောင်ရွက်ပါက နိုင်ငံတော်၏ လိုငွေ၊ အခွန်နှင့် ဂျီဒီပီ အချိုးတို့အပေါ် သက်ရောက်နိုင်မှုကို ကြိုတင်တွက်ချက်ထားရန် လိုအပ်ပါကြောင်း၊ တန်ဖိုးကြီး ကုန်ပစ္စည်းများကို အခွန်ကင်းလွတ်ခွင့်ပေးခြင်းအားဖြင့် ရေရှည်တွင် မသမာမှုများ ဖြစ်ပေါ်လာနိုင်သည်ကို သတိပြု ရမည်ဖြစ်ပါကြောင်း၊ စိန်နှင့် မြရတနာများသည် လူအများ စု ဝယ်ယူသုံးစွဲနိုင်ခြင်းမရှိသည့် ကုန်ပစ္စည်းများဖြစ် ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်သူလူထုအများစု သုံးစွဲလျက်ရှိသည့် ကုန်စည်များအပေါ်တွင် ဥပဒေများ ပြဋ္ဌာန်းကာ အခွန်အမျိုးမျိုးကောက်ခံလျက်ရှိနေပြီး တန်ဖိုးမြင့် ကုန်ပစ္စည်းများအပေါ် အခွန်ကင်းလွတ်ခွင့်ပြု ခြင်းသည် ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှုအပေါ် မေးခွန်းထုတ်စရာဖြစ်နေပါကြောင်း၊ ဒီမိုကရေစီ နိုင်ငံ တစ်ခုသည် အစိုးရအသုံးစရိတ်နှင့် လည်ပတ်ငွေကို အခွန်မှရရှိသုံးစွဲရပြီး အလုပ်လက်မဲ့များပြားမှု၊ ဝင်ငွေ မညီမျှမှု၊ လုပ်ငန်းများ၏ ရပ်တည်နိုင်စွမ်းစသည့် အခြေအနေများကြားတွင် အခွန်ပိုမိုရရှိစေရန်အတွက် နိုင်ငံတကာအဆင့်မီအခွန်စနစ်တစ်ရပ်ကို ဖော်ဆောင်ရ မည်ဖြစ်ကြောင်း ဆွေးနွေးသည်။
မင်္ဂလာဒုံမဲဆန္ဒနယ်မှ ဦးအောင်လှိုင်ဝင်း၊ သံဖြူဇရပ် မဲဆန္ဒနယ်မှ ဦးဥာဏ်ဟိန်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မဲဆန္ဒ နယ်မှ ဦးနေကျော်၊ ကောလင်းမဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်၊ မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၅) မှ ဦးတင်အောင်ထွန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၈)မှ ဦးမျိုးဝင်း၊ မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၇)မှ ဦးနိုင်သီဟ၊ ဇလွန်မဲဆန္ဒနယ်မှ ဦးအောင်မင်းနှင့် စမ်းချောင်းမဲဆန္ဒနယ်မှ ဦးဘိုဘိုဦးတို့က ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော အစိုးရအောင်ဘာလေထီ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီက လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာကို ဦးထွန်းထွန်းဟိန်က ဖတ်ကြားတင်ပြရာ လွှတ်တော်က ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏ သဘောထားမှတ်ချက်များအတိုင်း ပြည်ထောင်စုအစိုးရသို့ ပြန်လည်ပေးပို့ရန် ဆုံးဖြတ်သည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ ပြည်ထောင်စု၏ အရအသုံးစာရင်းများ စစ်ဆေးချက်အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ရှင်းလင်းတင်ပြသည်။
ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာ(၉/၂ဝ၁၇)ကို ကော်မတီဝင် ဦးသန်းစိုး(ခ)သန်းစိုး(ဘောဂဗေဒ)က ရှင်းလင်းတင်ပြသည်။
အဆိုပါ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေး လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည် တင်သွင်းနိုင်ကြောင်း ကြေညာသည်။
မျိုးမြင့်၊အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment