Tuesday, August 29, 2017

ကောင်းရှုံးဖြစ်ခဲ့တဲ့ မြန်မာယူ-၂၂၊ မော်ရင်ဟိုရဲ့ ဒုတိယရာသီ၊ ဆန်းချက်ဇ်က အာဆင်နယ်အတွက် ပြဿနာဖြစ်ခဲ့ပြီလား

Image may contain: one or more people, people playing sports and outdoor
ကောင်းရှုံးဖြစ်သွားရတဲ့ မြန်မာယူ-၂၂
ဒီရက်သတ္တပတ်အတွင်းမှာတော့ နိုင်ငံတကာလိဂ်ပွဲစဉ်တွေလည်း ရှိခဲ့သလို ဆီးဂိမ်းပြိုင်ပွဲလည်း ရှိနေတာကြောင့် မြန်မာဘောလုံးပရိသတ်တွေအတွက် ဘယ်ပွဲကို ဦးစားပေးကြည့်ရှုရမလဲဆိုတာ ရွေးချယ်စရာများပြားခဲ့တဲ့ ရက်သတ္တပတ်ဖြစ်ခဲ့ပါတယ်။ ဘယ်ပွဲတွေ ဘယ်လိုကောင်းကောင်း၊ မြန်မာ အသင်းပရိသတ်တွေကတော့ အခြားပွဲတွေနဲ့ တိုက်နေမယ်ဆိုရင်တောင် မြန်မာအသင်းကစားတဲ့ ပွဲစဉ်တွေတိုင်းကို လက်မလွှတ်တမ်းအားပေးကြည့်ရှု ခဲ့ကြပြီး ၁၂ ဦးမြောက် ကစားသမားအဖြစ် တာဝန်ကျေကျေ အားပေးခဲ့တာ ကတော့ ခေတ်ကာလတွေ ပြောင်းသွားတဲ့တိုင် မပြောင်းလဲတဲ့အစဉ်အလာဖြစ် နေဆဲပါပဲ။ ရန်ကုန်လို မြို့ကြီးတွေမှာဆို ပရိသတ်တွေက အိမ်ကနေ ကြည့်ရှုရုံနဲ့ အားမရဘဲ LED ဘုတ်တွေနဲ့ ပြသတဲ့ မြို့တော်ခန်းမရှေ့လိုနေရာတွေမှာ လူစုလူဝေးနဲ့ မြန်မာအလံတွေကိုင်၊ မြန်မာအသင်း ဂျာစီတွေဝတ်ပြီး မိုးထဲ လေထဲ အားပေးခဲ့ကြတာကိုတွေ့ရပါတယ်။
မြန်မာအသင်းဟာ အုပ်စု ဒုတိယသာ ရရှိခဲ့တာကြောင့် ဆီမီးဖိုင်နယ် အဆင့်မှာ လက်ရှိချန်ပီယံ ထိုင်းအသင်းနဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ထိုင်းလို ဆီးဂိမ်းရဲ့ အစဉ်အလာကြီးမားတဲ့အသင်းနဲ့ တွေ့ဆုံခဲ့တာကြောင့် မြန်မာ ပရိသတ်တွေ မကစားခင်အချိန်က စိုးရိမ်မှုရှိခဲ့ပေမယ့် တကယ်တမ်းကစားချိန် မှာတော့ ဒီစိုးရိမ်မှုတွေ ပျောက်သွားလောက်အောင် မြန်မာကစားသမားတွေက ထိုင်းလို အသင်းကို အကောင်းဆုံး ခြေရည်တူ ယှဉ်ပြိုင်ကစားသွားတာကို တွေ့ရပါတယ်။ ဒီနေရာမှာ ပြောစရာရှိတာက ဆန်းဆက်နိုင်၊ နန်းဝေမင်းလို အရင်ပွဲတွေက နာမည်သိပ်မထွက်ခဲ့တဲ့ ကစားသမားတွေဟာ ဒီပွဲအပြီးမှာ ပရိသတ်နှုတ်ဖျား စွဲကျန်ခဲ့တဲ့အထိ စွမ်းဆောင်ရည်ကောင်းခဲ့ကြတာကိုပါ။
မြန်မာအသင်းက ပွဲချိန် မိနစ် ၉ဝ ပြည့်တဲ့အထိ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်အောင် ကစားနိုင်ခဲ့ပေမယ့် နာကျင်အချိန်ပိုမှာတော့ ထိုင်း အသင်းရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရပါတယ်။ မြန်မာ အသင်းအနေနဲ့ ပွဲပြီးခါနီးမှ ဂိုးပေးခဲ့ရ တာကြောင့် တုံ့ပြန် ချိန်မရ တော့ဘဲ တစ်ဂိုး-ဂိုး မရှိ နဲ့ အရေးနိမ့်သွားတာကြောင့် ထိုင်းအသင်း သွင်းယူသွားခဲ့တဲ့ ဒီသွင်းဂိုးကို ဖေ့စ်ဘွတ်လို လူမှုကွန်ရက် စာမျက်နှာတွေမှာတော့ ''သန်း ၅ဝ အတွက် အသည်းခွဲ ဂိုးရယ်''လို့ မှတ်ချက်ပြုရေးသားနေကြတာကို တွေ့ရပါတယ်။ မြန်မာအသင်းဟာ သြဂုတ် ၂၉ ရက်မှာတော့ အင်ဒိုနီးရှားအသင်းနဲ့ တတိယနေရာလုပွဲ ကစားရဦးမှာမို့ ဘာပဲဖြစ်ဖြစ် မြန်မာအသင်းကို ပရိသတ်တွေ ဆက်လက်အားပေးဖို့ တိုက်တွန်း လိုပါတယ်။
ပွဲစဉ်တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်
ဒီရက်သတ္တပတ်ဆိုရင် ဘောလုံးရာသီပြန်လည်စတင်တာ တစ်လနီးပါး ရှိနေပြီဖြစ်တာကြောင့် ဥရောပလိဂ်အသင်းတော်တော်များများရဲ့ ခြေစွမ်းကို အကဲခတ်ခွင့်ရနေတာကလည်း အချိန်ကာလ အတန်ငယ်ရလာပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ ပြင်သစ်လိဂ်မှာဆိုရင် ပွဲစဉ်(၄)အထိ ယှဉ်ပြိုင်ခဲ့ပြီးဖြစ်သလို မိုနာကိုနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ ရာနှုန်းပြည့်နိုင်ပွဲဆက်ပြီး အမှတ်ပေး ဇယားထိပ်ကို အပြိုင်ဦးဆောင်နေကြပါတယ်။ လာလီဂါနဲ့ စီးရီးအေတို့ကတော့ ပွဲစဉ်(၂)သာ ယှဉ်ပြိုင်ထားရသေးပေမယ့် စီးရီးအေမှာ ဂျူဗင်တပ်၊ အင်တာမီလန်၊ နာပိုလီ၊ အေစီမီလန်၊ ဆမ်ဒိုရီးယားစတဲ့ အသင်းငါးသင်းလောက်က ရာနှုန်းပြည့် နိုင်ပွဲဆက်နေတာကြောင့် ဒီနှစ်စီးရီးအေဟာ အတော်လေးပြိုင်ဆိုင်မှု ပြင်းထန် နိုင်တယ်လို့ ခန့်မှန်းချက် ထုတ်နိုင်ပါတယ်။ လာလီဂါမှာတော့ ဘာစီလိုနာ၊ လီဂါနက်စ်နဲ့ ဆိုစီဒက်အသင်းတို့သာ ရာနှုန်းပြည့် နိုင်ပွဲဆက်နိုင်ကာ ရီးယဲလ် မက်ဒရစ်အသင်းကတော့ ဗလင်စီယာနဲ့ နှစ်ဂိုးစီသရေကျသွားခဲ့ပါပြီ။
မော်ရင်ဟိုရဲ့ ဒုတိယရာသီလာပါပြီ
စပါယ်ရှယ်ဝမ်းလို့ နာမည်ကျော်သူ နည်းပြ မော်ရင်ဟိုကတော့ အသင်း တစ်သင်းကို သူကိုင်တွယ်ရင် ဒုတိယရာသီမှာ ပိုကောင်းတတ်တယ်လို့ အမြဲတမ်းကြွေးကြော်ခဲ့သူပါ။ ဒီလိုကြွေးကြော်ခဲ့တဲ့အတိုင်း ချယ်လ်ဆီးအသင်းကို ပထမဦးဆုံး ကိုင်တွယ်စဉ်ကလည်း ဒုတိယရာသီမှာ ရလဒ်တွေ ပိုကောင်း အောင်စွမ်းဆောင်ပြနိုင်ခဲ့ကာ အင်တာမီလန်၊ ရီးယဲလ်မက်ဒရစ်နဲ့ ချယ်လ်ဆီး အသင်းကို ဒုတိယအကြိမ် ကိုင်တွယ်ခဲ့စဉ်ကလည်း သူ့စကားမှန်တယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။
အခုမန်ယူကို မော်ရင်ဟိုကိုင်တွယ်တဲ့ ဒုတိယရာသီ ရောက်လာပြန်ပါပြီ။ ပထမရာသီက အမှတ်ပေးဇယား အဆင့်(၆)နေရာနဲ့သာ ရာသီသိမ်းနိုင်ခဲ့ပေမယ့် ယူရိုပါလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့တာကြောင့် ဒီနှစ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရထားပါ တယ်။ ဒီနှစ်နွေဈေးအတွင်း လူကာကူ၊ လင်ဒီလော့ဖ်၊ မာတစ်တို့ကို ခေါ်ယူ ထားပြီးဖြစ်တာကြောင့် မန်ယူအသင်းလူစာရင်းဟာ အတော်လေးတောင့်တင်း နေပြီလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ကျန်ပရီမီယာလိဂ်အသင်းတွေကလည်း အားဖြည့်မှုတွေ အသီးသီး လုပ်ဆောင်ခဲ့ပြီးဖြစ်တာကြောင့် မန်ယူတစ်သင်းသာ အခြားအသင်းတွေထက် ခေါင်းတစ်လုံးအသာ ကစားသမားဖြည့်တင်းမှု လုပ်နိုင်တာတော့ မဟုတ်ပါဘူး။
ခုဆို ပရီမီယာလိဂ်ပွဲစဉ်(၃) ယှဉ်ပြိုင်ပြီး ဖြစ်တာကြောင့် အသင်းအချို့ရဲ့ ခြေစွမ်းအတက်အကျကို မြည်းစမ်းခွင့်ရလာပါပြီ။ ဒီအချိန် ပရီမီယာလိဂ်မှာ ရာနှုန်းပြည့် နိုင်ပွဲဆက်နိုင်တဲ့အသင်းဆိုလို့ မန်ယူတစ်သင်းသာ ရှိတော့တာ ကြောင့် မီဒီယာတွေက မော်ရင်ဟိုရဲ့ ဒုတိယရာသီကို မြင်တွေ့ရတော့မယ်လို့ ချီးကျူးရေးသားနေကြပါတယ်။ မန်ယူအသင်းဟာ ယူအီးအက်ဖ်အေစူပါဖလား ပြိုင်ပွဲမှာ ရီးယဲလ်ကို နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ပရီမီယာလိဂ်ပွဲစဉ်(၁)ကနေ ယခု ပွဲစဉ်(၃)အထိ ပေးဂိုးမဲ့အနေအထားနဲ့ ရာနှုန်းပြည့် နိုင်ပွဲဆက်နေတာဖြစ်ပါတယ်။
မန်ယူအသင်း
အနိုင်ရတဲ့ အသင်း သုံးသင်းထဲမှာ အသင်းကြီးလို့ သတ်မှတ် ရမယ့် မန်စီးတီး၊ ချယ်လ်ဆီး၊ လီဗာပူးနဲ့ အာဆင်နယ်တို့လို အသင်းတွေ မပါပေမယ့် မန်ယူအသင်း ကွင်းလယ်ပိုင်း လွှမ်းမိုးလာနိုင်မှု နဲ့အတူ အချိန်မရွေးဂိုးသွင်းနိုင်စွမ်းရှိတယ်ဆိုတဲ့ ယုံကြည်မှုအပြည့်နဲ့ ကစား ဟန်တွေကြောင့် နိုင်ပွဲတွေ ဆက်ရနေတယ်လို့ ယူဆရပါတယ်။ နိုင်ငံတကာ ပွဲစဉ်တွေကြောင့် လိဂ်ပွဲတွေကို စက်တင်ဘာ ၉ ရက် ရောက်မှသာ ပြန်စမှာဖြစ် တာကြောင့် ဘာပဲဖြစ်ဖြစ် မန်ယူအသင်းဟာ အမှတ်ပေးဇယားကို ဦးဆောင်ပြီး လိဂ်ပွဲပြန်စမယ့် အချိန်ကိုစောင့်နေခွင့်ရနေတာကတော့ မန်ယူပရိသတ်တွေ အတွက် ကျေနပ်စရာဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် မန်ယူအသင်းဟာ ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီကလည်း မန်စီးတီးနဲ့ မကစားခင် ပွဲစဉ်(၃)အထိ နိုင်ပွဲဆက်ကာ ပရီမီယာလိဂ်အမှတ်ပေး ဇယားထိပ်ကို ဦးဆောင်နိုင်ခဲ့တယ်ဆိုတဲ့အချက်ကို သတိချပ်သင့်ပါတယ်။ မနှစ်က မန်စီးတီးအသင်းဆိုရင် ပရီမီယာလိဂ် ခြောက်ပွဲဆက်အနိုင်ရရှိခဲ့တဲ့အထိ ခြေစွမ်းကောင်းခဲ့ပေမယ့် စပါးအသင်းကို အရေးနိမ့်ပြီးနောက် ရလဒ်တွေ ဆက်တိုက်ကျဆင်းလာခဲ့ပြီး ရာသီကုန်အထိ ထိပ်ဆုံးလေးနေရာဝင်ဖို့ ခက်ခက် ခဲခဲကြိုးပမ်းခဲ့ရတဲ့ အစဉ်အလာ ပရီမီယာလိဂ်မှာ ရှိနေတတ်ပါတယ်။ ဒါကြောင့် ရာသီအစ ရလဒ်တွေကောင်းခြင်းဟာ အစကောင်းတယ်လို့ ပြောလို့ရပေမယ့် ပရီမီယာလိဂ်ဆိုတာ ရှုံးထွက်ပွဲတွေလို တစ်ပွဲကောင်း အစီအစဉ်နဲ့ ယှဉ်ပြိုင်လို့ ရတာမဟုတ်ပါဘူး။ ဒါပေမယ့် မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ရာသီက ခြောက်ပွဲဆက်တိုက်အနိုင်ရတယ်ဆိုပေမယ့် ပေးဂိုးမဲ့ပွဲဆိုလို့ ဘုန်းမောက်ကို လေးဂိုးပြတ်နဲ့အနိုင်ရတဲ့ ပွဲစဉ်တစ်ပွဲသာရှိခဲ့တာကြောင့် မန်ယူအသင်းရဲ့ ပေးဂိုးမဲ့ နိုင်ပွဲဟာ မနှစ်က မန်စီးတီးရဲ့ အခြေအနေနဲ့ မတူတာတော့ အမှန်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သုံးပွဲမှာ သွင်းဂိုး ၁ဝ ဂိုးအထိ သွင်းယူထားနိုင်တဲ့တိုက်စစ် စွမ်းရည်က တစ်ပွဲ ပျမ်းမျှသွင်းဂိုး သုံးဂိုးကျော်အထိရှိတာ
ကြောင့် တိုက်စစ်၊ ခံစစ်အတော်ကောင်းတဲ့ ရလဒ်ဆိုတာတော့ လက်ခံရမှာဖြစ်ပါတယ်။
ဆန်းချက်ဇ်က သူရဲကောင်းလား၊ ဗီလိန်လား
အာဆင်နယ်ဟာ သြဂုတ် ၂၇ ရက်က ယှဉ်ပြိုင်တဲ့ ပရီမီယာလိဂ်ပွဲစဉ်(၃)မှာ လီဗာပူးကို လေးဂိုးပြတ်နဲ့ မရှုမလှ အရေးနိမ့်သွားခဲ့ပါတယ်။ ဝင်းဂါးကတော့ ကစားသမားတွေရဲ့ အနိုင်ရလိုစိတ်ပြင်းထန်မှုမရှိတာကြောင့် အခုလို ဂိုးပြတ် ရှုံးပွဲကြုံတွေ့ရတာလို့ ပြစ်တင်လိုက်ပေမယ့် နည်းဗျူဟာပိုင်းမှားယွင်းမှုတွေ ရှိခဲ့တာကို ဝင်းဂါးထည့်မပြောသွားခဲ့တာကတော့ စိတ်ပျက် စရာပါ။ အာဆင်နယ်ဟာ ဒီပွဲမှာ ၃-၄-၃ ကစားကွက်ကို အသုံးပြုပြီး ဗဟိုကွင်းလယ်မှာ ဇာကာနဲ့ ရမ်ဆေး၊ တောင်ပံနှစ်ဖက်မှာ ချိန်ဘာလိန်နဲ့ ဘယ်လာရင်တို့ကို အသုံးပြုခဲ့တာကြောင့် ကွင်းလယ်ပိုင်း နေရာလွတ်တွေ များစွာဖြစ်ပေါ်ခဲ့တဲ့အတွက် လီဗာပူးအသင်း အနေနဲ့ လွတ်လွတ်လပ်လပ် ဘောလုံး အပေးအယူလုပ်လို့ရခဲ့တာ ဖြစ်ပါတယ်။
ရာသီအစကတည်းက အာဆင်နယ်အတွက် တစ်ပွဲမှ ဝင်ရောက်မကစား ရသေးတဲ့ ဆန်းချက်ဇ်အခုပွဲမှာ ပါဝင်ခဲ့ပေမယ့် ပွဲချိန် မိနစ် ၆ဝ ကျော်မှာပဲ လူစားလဲခံလိုက်ရတာကြောင့် လာမယ့်ကြာသပတေးနေ့ ဈေးကွက်အပိတ်မတိုင်မီ ဆန်းချက်ဇ် မန်စီးတီးကိုရောက်တော့မယ်ဆိုတဲ့ ခန့်မှန်းမှုတွေထွက်လာပါတယ်။ ဆန်းချက်ဇ်ဟာ အဲဒီပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဘောလုံးထိချက် ၄၄ ချက် အထိရှိအောင် အင်ပြည့်အားပြည့်ကစားခဲ့တာကိုတော့ တွေ့ရပါတယ်။ ဒါပေမယ့် ဝင်းဂါးက ဆန်းချက်ဇ်ကို ပွဲချိန်မိနစ် ၆ဝ ကျော်ကတည်းက လူစားလဲလိုက်တာ ကြောင့် အားလုံးအတွက် အတွေးပွားစရာဖြစ်ခဲ့ပါတယ်။ အရန်ခုံပေါ်ထိုင်နေတဲ့ ဆန်းချက်ဇ်ရဲ့သွင်ပြင်ဟာလည်း အာဆင်နယ်ကနေ ထွက်ခွာဖို့ဆုံးဖြတ်ချက်ချထားတဲ့ ပုံပေါ်တယ်လို့ ဘီဘီစီအားကစားသတင်းသုံးသပ်သူ ဒန်နီမာဖီက သုံးသပ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ သုံးနှစ်တာကာလအတွင်း ဆန်းချက်ဇ်ဟာ အာဆင်နယ်ပရိသတ် တွေရဲ့ ရင်ထဲမှာ နေရာအယူနိုင်ဆုံးကစားသမားဖြစ်ခဲ့တာက သူ့ရဲ့ အားပြည့် အင်ပြည့် ယှဉ်ပြိုင်တတ်တဲ့ ကစားဟန်၊ နေရာယူမှု ကောင်းကောင်းနဲ့ အဆုံးသတ်တဲ့ ပုံစံကောင်းတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူဟာ အိုဇေးလ်လို နာမည်ကျော်ကစားသမားထက်တောင် ပရိသတ်ရဲ့ချစ်ခင်မှုရရှိတဲ့ ကစားသမားဖြစ်ခဲ့တာပါ။ အာဆင်နယ်အသင်း ပြီးခဲ့တဲ့ရာသီက အဆင့် (၅)နေရာနဲ့သာ ရာသီသိမ်းနိုင်ခဲ့ပေမယ့် ဆန်းချက်ဇ်ရဲ့သွင်းဂိုးနဲ့ အက်ဖ်အေဖလား မှာ ချယ်လ်ဆီးကို အနိုင်ယူပြီး ဗိုလ်စွဲခဲ့ပါတယ်။
အာဆင်နယ်အသင်းရလဒ်တွေ ဆိုးရွားနေချိန်မှာ ဆန်းချက်ဇ်ကအသင်း ဖော်တွေကို ဒေါသပေါက်ကွဲခဲ့တာ၊ ပရိသတ်တွေကို လက်ပြနှုတ်ဆက်ခြင်းမရှိဘဲ ဥမင်အတွင်း ဝင်သွားခဲ့တာ၊ အရန်ခုံပေါ် ထိုင်နေရစဉ်အတွင်းတစ်ကိုယ်တည်း ပြုံးနေခဲ့တာတွေကြောင့် ဆန်းချက်ဇ်နဲ့ အာဆင်နယ်လမ်းခွဲမှုကို အနှေးနဲ့အမြန် ဆိုသလို မြင်တွေ့ရတော့မယ်လို့ မီဒီယာတွေက တောက်လျှောက်ဇောင်းပေးဖော် ပြခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းက ဒီနှစ်နွေဈေးကွက် တစ်တောက်လျှောက် လုံးလည်း ဆန်းချက်ဇ် စာချုပ်သက်တမ်းတိုးရေးကိစ္စကိုသာ ကြိုးပမ်းခဲ့ပေမယ့် အခုထိ မအောင်မြင်သေးဘဲရှိခဲ့ရာမှာ လာကာဇက်ကို ရဲရဲဝံ့ဝံ့သုံးသင့်တယ်လို့ မီဒီယာအချို့က ထောက်ပြနေခဲ့ကြပါတယ်။ ဒါကြောင့် အရင်ကသူရဲကောင်း ဖြစ်ခဲ့တဲ့ ဆန်းချက်ဇ်က ခုတော့ ပြဿနာတစ်ခုဖြစ်စေပြီလားလို့ ထင်ရပါတယ်။
မေလဲ့သင်း

No comments:

Post a Comment