Wednesday, August 2, 2017

ဘူးသီးတောင်မြို့နယ်တွင် A(H1N1) pdm 09 ရာသီတုပ်ကွေးရောဂါ စောင့်ကြည့်စစ်ဆေးခြင်းနှင့် ပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ

Image may contain: 1 person
ဘူးသီးတောင် သြဂုတ် ၁
ဘူးသီးတောင်မြို့နယ်တွင် A(H1N1) pdm 09 ရာသီ တုပ်ကွေးရောဂါကို စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံမှ ဆရာဝန်တစ်ဦးက ပြောကြားသည်။
စောင့်ကြည့်စစ်ဆေးခြင်းအနေဖြင့် အဖျားရောဂါ ပြင်းထန်မှု၊ နှာစေး၊ ချောင်းဆိုးပြင်းထန်မှု၊ အဆုတ်အအေးမိ ရောဂါ ပြင်းထန်မှုများကို စုံစမ်းစစ်ဆေးပြီး ကာကွယ်ထိန်း ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့အထိ အသက်ရှူလမ်းကြောင်းတွင်ဖြစ်ပွားသည့် ရောဂါများဖြစ်ပွားမှု မတွေ့ရှိရသေးကြောင်း၊ သို့သော် ပြည်သူများ မစိုးရိမ်ရအောင် ကျန်းမာရေးအသိပညာပေးခြင်းအနေဖြင့် ပိုစတာများ၊ ဗီနိုင်းများဖြင့် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံမှ ဒေါက်တာသန်းထွန်းကျော်က ပြောသည်။
'' H1N1 ရောဂါဟာ ကာကွယ်လို့ရတဲ့၊ ကုသလို့ရတဲ့ ရောဂါဖြစ်ပါတယ်။ ဘာမှစိုးရိမ်စရာမလိုပါဘူး။ သံသယ ရှိတဲ့လူနာတွေကို စောင့်ရှောက်ကုသမှုပေးသွားမှာဖြစ်ပါ တယ်'' ဟု ဒေါက်တာသန်းထွန်းကျော်က ပြောသည်။
ဘူးသီးတောင်မြို့နယ်ပြည်သူ့ဆေးရုံသည် ခုတင် (၅ဝ)ဆံ့ ဆေးရုံဖြစ်ပြီး စုစုပေါင်း ကျန်းမာရေးဝန်ထမ်း ၁၅၇ ဦးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေသည့် ဆေးရုံတစ်ခုဖြစ်သည်။
ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံအနေဖြင့် ကာကွယ်၍ရသည့်ရောဂါများကို ကာကွယ်ဆေးထိုးပြီး ကာကွယ်ထိန်းချုပ်နိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့် ပိုလီယိုရောဂါကာကွယ်ဆေးတိုက်ကျွေးမှုအနေဖြင့် နိုင်ငံတော်အစိုးရက ဇူလိုင် ၂၁ ရက်မှ ၂၅ ရက်ထိ တိုက်ကျွေးရန်သတ်မှတ်ထားသော်လည်း ဒေသအခြေအနေနှင့် လူဦးရေထူထပ်မှုကြောင့် ဇူလိုင် ၁၆ ရက် မှ စတင်တိုက်ကျွေးခဲ့သည့်အတွက် ရာနှုန်းပြည့်နီးပါးအောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သွေးလွန်တုပ်ကွေး ကာကွယ်တားဆီးရေးလုပ်ငန်များ အနေဖြင့်လည်း ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ၊ ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေး အနေဖြင့်လည်း တောင်ပေါ်ဒေသကျေးရွာများအထိ ခြင်ဆေးဖျန်းခြင်း၊ ဆေးစိမ်ခြင်ထောင်များ ပေးအပ်ခြင်း စသည့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
သတင်းနှင့်ဓာတ်ပုံ- အေဝမ်းစိုး၊ မျိုးသူဟိန်း

No comments:

Post a Comment