Thursday, July 27, 2017

''Wonder Woman 2''ကို ရုံတင်မယ့်ရက် ကြေညာ

Image may contain: 1 person
ဟောလိဝုဒ်ရဲ့ အောင်မြင်ခဲ့တဲ့ အမျိုးသမီးလူစွမ်းကောင်းရုပ်ရှင် တစ်ကားဖြစ်တဲ့ ''Wonder Woman''ရုပ်ရှင်ရဲ့ နောက်ဆက်တွဲရုပ်ရှင်ကို စတင်စီစဉ်နေပြီဖြစ်ကြောင်း ယင်းရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်ဖော် ပြောကြားခဲ့ပြီးနောက် လတ်တလောမှာတော့ ရုပ်ရှင်သစ်အတွက် ရုံတင်ဖို့ရည်ရွယ်ထားတဲ့နေ့ကို တရားဝင်ထုတ်ပြန်ကြေညာပေးခဲ့ ကြောင်း အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
မြောက်အမေရိကားမှာ ရုံတင်ခဲ့တဲ့ ရုပ်ရှင်ရုံတွေမှာသာမက ကမ္ဘာတစ်ဝန်းရုံတင်ခဲ့တဲ့ ရုပ်ရှင်ရုံတွေမှာပါ ဝင်ငွေအရ ရှေ့ဆုံးက ရပ်တည်နိုင်ခဲ့တာကြောင့် ပထမဆုံးသော ''Wonder Woman'' ရုပ်ရှင်ဟာ ဝင်ငွေအရ အောင်မြင်ခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင်တစ်ကား ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် နောက်ဆက်တွဲရုပ်ရှင်သစ်ကို ဖန်တီးဖို့ရာ ဆုံးဖြတ်ခဲ့ပြီး ဒုတိယမြောက်ရုပ်ရှင်ကိုတော့ လာမယ့် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း ရုံတင်သွားနိုင်ဖို့ သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်မှာတော့ ''Wonder Woman''ကို ထုတ်လုပ်ခဲ့တဲ့ ဝါနာဘရိုစ်စတူရီယိုက ရုံတင်ခဲ့တဲ့ အဖွင့်သီတင်းပတ်မှာ ဝင်ငွေစံချိန်တင်ခဲ့တဲ့ အဆိုပါရုပ်ရှင်ရဲ့ နောက်ဆက်တွဲရုပ်ရှင်အတွက် ရုံတင်ရက်ကိုတော့ လာမယ့် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်အဖြစ် သတ်မှတ်ထားကြောင်းနဲ့ လတ်တလောမှာလည်း ရုပ်ရှင်သစ်အတွက် ပြင်ဆင်မှုတွေကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ထုတ်ဖော်ပြော ကြားခဲ့တယ်လို့လည်း သိရပါတယ်။
ပထမဆုံးသော ''Wonder Woman''ရုပ်ရှင်ကတော့ ပြီးခဲ့တဲ့ လအတွင်း စတင်ရုံတင်ခဲ့တာဖြစ်ပြီး မြောက်အမေရိကားမှာ ဝင်ငွေအကောင်းဆုံးသောရုပ်ရှင်အဖြစ် ရပ်တည်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
လာမယ့် ရုပ်ရှင်သစ်မှာလည်း ထုတ်လွှင့်ခဲ့ပြီးဖြစ်တဲ့ ရုပ်ရှင်မှာ အဓိကဇာတ်ဆောင်ဖြစ်တဲ့ ဒိုင်ယာနာပရင့်စ်အဖြစ် ပါဝင်ခဲ့တဲ့ မင်းသမီး ဂဲလ်ဂတ်ဒေါ့ကပဲ ခေါင်းဆောင်မင်းသမီးအဖြစ် ပြန်လည်ပါဝင်ပေးသွားမှာဖြစ်ကြောင်း မင်းသမီးက တရားဝင်ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။ ဂဲလ်ဂတ်ဒေါ့ဟာ လတ်တလောမှာ သူပါဝင်ထားတဲ့ရုပ်ရှင်တစ်ကားဖြစ်တဲ့ ''Justice League''အတွက် ပရိုမိုးရှင်းလုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေတာဖြစ်ပြီး ယင်းရုပ်ရှင် မှာလည်း သူဟာ ''Wonder Woman''က ဇာတ်ကောင်ဖြစ်တဲ့ အမျိုးသမီးလူစွမ်းကောင်း ဒိုင်ယာနာပရင့်စ်အဖြစ်ပဲ ပါဝင်ထားတာ ဖြစ်ပါတယ်။
''Wonder Woman 2''ကိုတော့ ယခင်ရုပ်ရှင်ကို ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ ပတ်တီဂျန်ကင်စ်ကပဲ တာဝန်ယူရိုက်ကူးပေးသွားမှာ ဖြစ်ကြောင်း သတင်းတွေထွက်နေပြီး လတ်တလောမှာတော့ အဆိုပါ ကောလာဟလတွေကို စတူရီယိုက အတည်ပြုပေးခဲ့ပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအတွင်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတော့ သူက ပရိသတ်တွေချစ်မြတ်နိုးနေတဲ့အချိန်မျိုးမှာ ဇာတ်လမ်းသစ်ကို ဆက်သင့်တာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။
အေးပြည့်

No comments:

Post a Comment