Thursday, July 27, 2017

တရုတ်နှင့် ပါကစ္စတန်မှ မန်ကျည်းအပြိုင်ဝယ်ယူနေ၍ ဈေးနှုန်းမြင့်တက်

Image may contain: tree, plant and outdoor
မန္တလေး ဇူလိုင် ၂၆
မြန်မာ့ထွက်ကုန်မန်ကျည်းများ အား အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နှင့် ပါကစ္စတန်နိုင်ငံတို့မှ အပြိုင်ဝယ်ယူလာမှုကြောင့် မန္တလေး ဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက် လျက်ရှိကြောင်း သိရသည်။
''မြန်မာ့ဆိုရိုးစကားက မန်ကျည်း တစ်လှည့် ဆီးတစ်လှည့်ဆိုပေမယ့် ဆီးရော မန်ကျည်းပါ ထူးထူးခြားခြားပဲ နှစ်နှစ်ဆက်တိုက် ဈေးကောင်းရနေ တယ်။ ဒီအချိန်က မန်ကျည်းရာသီ မဟုတ်တော့ လှောင်သမားတွေ လက်ထဲမှာပဲရှိတဲ့အတွက် ထုံးစံ အတိုင်း ဝယ်အားပေါ်မူတည်ပြီး ဈေးကစားတော့ ဈေးတက်သွားတာ ပါ''ဟု မန္တလေးမြို့မှ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။
အဆိုပါ မန်ကျည်းထွက်ကုန်မှာ ပေါ်ခါစတပေါင်းလတွင် တစ်ပိဿာငွေကျပ် ၁၂ဝဝ ဖြင့် အဖွင့်ဈေးစတင်ခဲ့ သော်လည်း မေလကုန်လောက်တွင် တရုတ်နှင့်ထိုင်းနိုင်ငံတို့မှ ငွေကျပ် ၁၇ဝဝ ဈေးဖြင့် ဝယ်ယူခဲ့ပြီး ယခုဇူလိုင်လအတွင်း ပါကစ္စတန်နိုင်ငံမှ စတင်ဝယ်ယူ လာမှုကြောင့် ၎င်းနိုင်ငံနှင့်အပြိုင် တရုတ်မှ ငွေကျပ် ၁၈ဝဝ နှုန်းဖြင့် ဈေးပေး ဝယ်ယူလာကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝယ်ယူလိုသော်လည်း ပို့ဆောင်မှု အခက်အခဲများရှိနေကြောင်း ၎င်းကဆက်လက်ပြောသည်။
လက်ရှိမန္တလေးဈေးကွက်တွင် အစေ့ပါမန်ကျည်းတစ်ပိဿာလျှင် ငွေကျပ် ၁၈ဝဝ နှုန်း၊ အစေ့လွတ် မန်ကျည်းတစ်ပိဿာလျှင် ငွေကျပ် ၃၅ဝဝ နှုန်းဖြင့် အရောင်းသွက်လျက်ရှိသည့်အပြင် တရုတ်နိုင်ငံမှ မန်ကျည်းစေ့ကို တစ်ပိဿာ လျှင် ငွေကျပ် ၄ဝဝ နှုန်းဖြင့် ရသလောက်ဝယ်ယူနေမှုကြောင့် လက်ကျန်ပင် မရှိတော့ကြောင်း သိရသည်။
မကျည်းကို ပခုက္ကူ၊ ကျောက်ပန်းတောင်း၊ ရမည်းသင်းမြို့နယ်တို့မှ မန္တလေးဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိပြီး မြန်မာပြည် အလယ်ပိုင်းဒေသများတွင် အဓိကပေါက်ရောက်ရှင်သန်နေသည့် မန်ကျည်းပင် များမှထွက်ရှိသော ထွက်ကုန်များသည် မီးဖိုချောင်သုံးအဖြစ်သာမက ဆေးဖော်စပ်ရာတွင်လည်း အသုံးပြုလျက်ရှိသည့်အပြင် ပြည်ပပို့ကုန်အဖြစ်ပါတင်ပို့ရောင်းချနေရသဖြင့် ယခုထက်ပိုမိုတိုးချဲ့စိုက်ပျိုး၍ ထိန်းသိမ်းသင့် ကြောင်း ၎င်းက အကြံပြုပြောသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment