Sunday, July 30, 2017

ဆီးဂိမ်းပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၂၂ အသင်းနှင့်Ryutsu Keizai တက္ကသိုလ်အသင်းတို့ ခြေစမ်းကစားမည်

Image may contain: 2 people, people smiling, people playing sports and outdoor
ရန်ကုန် ဇူလိုင် ၂၉
မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် အောင်မြင်မှု ရရန် ပြင်ဆင်လျက်ရှိပြီး ပြိုင်ပွဲစတင်ရန် နှစ်ပတ်နီးပါးသာလိုတော့ သောကြောင့် အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး နိုင်ငံတကာ ခြေစမ်းပွဲနှစ်ပွဲ ထပ်မံကစားမည်ဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းသည် ပြိုင်ပွဲအကြိုနောက်ဆုံးပြင်ဆင် မှုအဖြစ် ဂျပန်နိုင်ငံမှ Ryutsu Keizai တက္ကသိုလ်အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ပထမခြေစမ်းပွဲကို ဇူလိုင် ၃ဝ ရက် ညနေ ၆ နာရီတွင် သုဝဏ္ဏကွင်း၌ ကျင်းပသွားမည် ဖြစ်သည်။ ကွင်းဝင်ကြေးအဖြစ် အထူးတန်း ကျပ် ၃ဝဝဝ၊ ရိုးရိုးတန်း ကျပ် ၂ဝဝဝ၊ ကျပ် ၁ဝဝဝ သတ်မှတ်ထားပြီး ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသမည်မဟုတ်ပေ။ မြန်မာ ယူ-၂၂ အသင်းသည် အာရှ ယူ-၂၃ ခြေစစ်ပွဲအပြီးတွင် ဆီးဂိမ်းပြိုင်ပွဲအတွက် အပြီးသတ် ပြင်ဆင်မှုများပြုလုပ်လျက်ရှိပြီးRyutsu Keizai တက္ကသိုလ်အသင်း နှင့် ဇူလိုင် ၃ဝ ရက်တွင် ပထမပွဲ၊ သြဂုတ် ၂ ရက်တွင် ဒုတိယပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ပဏာမ ကစားသမား ၂၆ ဦးဖြင့် လေ့ကျင့်မှုများပြုလုပ်လျက်ရှိပြီး သြဂုတ် ၁၁ ရက်တွင် ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသည့် အင်တာမီလန် ယူ-၁၈ အသင်းနှင့် ခြေစမ်းပွဲကို ဖျက်သိမ်းခဲ့သောကြောင့်Ryutsu Keizai တက္ကသိုလ်အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲအပြီးတွင် အပြီးသတ် လူစာရင်းထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်း သည် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ နိုင်ငံတကာပြိုင်ပွဲနှစ်ခု၊ နိုင်ငံတကာခြေစမ်းပွဲသုံးပွဲ၊ ပြည်တွင်း ခြေစမ်းပွဲတစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး လက်ရှိတွင် ရှစ်ပွဲကစားထားပြီးဖြစ်ကာRyutsu Keizai တက္ကသိုလ် အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲသာကစားရန် ကျန်ရှိတော့သည်။ မြန်မာယူ-၂၂ အသင်းကို ပဏာမကစားသမား ၃ဝ ဝန်းကျင် ဖြင့် ဇွန်လလယ်ပိုင်းမှစ၍ လေ့ကျင့်မှုပြုလုပ်ခဲ့ပြီး နောက် ပိုင်းတွင် ကစားသမားများကို အပြောင်းအလဲပြုလုပ်ခဲ့ကာ လက်ရှိတွင် ၂၆ ဦးသာ ကျန်ရှိတော့သည်။ မြန်မာ ယူ-၂၂ အသင်းသည် ပထမဆုံးခြေစမ်းပွဲအဖြစ် MNL AllStar အသင်းနှင့် ခြေစမ်းပွဲကစားရာ နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့ ပြီး လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ရာ ဒုတိယဆုရရှိခဲ့ သည်။ ယင်းပြိုင်ပွဲတွင် မြန်မာယူ-၂၂ အသင်းသည် ကမ္ဘောဒီးယားကို လေးဂိုး-တစ်ဂိုး၊ ဟောင်ကောင်ကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း နောက်ဆုံးပွဲတွင် ဂျပန်တက္ကသိုလ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော ကြောင့် ချန်ပီယံဆုနှင့်လွဲခဲ့ရခြင်းဖြစ်သည်။ မြန်မာယူ-၂၂ အသင်းသည် လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲအပြီးတွင် မလေးရှားနိုင်ငံသို့သွားရောက်၍ ဆီးဂိမ်းအိမ်ရှင်မလေးရှား အသင်းနှင့် ခြေစမ်းပွဲကစားခဲ့ပြီး နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ သည်။ ဇူလိုင် ၁၉ ရက်မှ ၂၃ ရက်အထိ ရန်ကုန်မြို့၌ကျင်းပ ခဲ့သည့် အာရှ ယူ-၂၃ ခြေစစ်ပွဲတွင် မြန်မာအသင်းသည် စင်ကာပူနှင့်ဘရူနိုင်းတို့ကို အနိုင်ရခဲ့သော်လည်း နောက် ဆုံးပွဲတွင် သြစတြေးလျကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သောကြောင့် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းမရှိပေ။ မြန်မာယူ-၂၂ အသင်း သည် ဆီးဂိမ်းပြိုင်ပွဲတွင်အုပ်စု(က)၌ မလေးရှား၊ စင်ကာပူ၊ လာအို၊ ဘရူနိုင်းအသင်းတို့နှင့် ပါဝင်လျက်ရှိသည်။
သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-စိုးညွန့်

No comments:

Post a Comment