Sunday, July 30, 2017

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် ယာယီကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်းပေးလျက်ရှိ

Image may contain: one or more people and outdoor
ကြာအင်းဆိပ်ကြီး ဇူလိုင် ၂၉
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ဇွန်လမှ စတင်ကာ မိုးအဆက်မပြတ်ရွာသွန်းပြီး ဇမိမြစ်ရေတက်မှုကြောင့် အနိမ့်ပိုင်းနေရာများ ဇူလိုင် ၂၉ ရက် နံနက် ၇ နာရီမှ စတင်ပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ရေကြီးရေလျှံမှုများကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရေနစ်မြုပ်လျက် ရှိသော ကျွန်းတောလမ်း၊ လုပ်သားလမ်း၊ မွေးမြူရေးလမ်းများတွင် နေထိုင်သည့် အိမ်ထောင်စုများအား ရေလွတ်ရာဖြစ်သော အမှတ်(၁)အခြေခံပညာမူလတန်း ကျောင်း၊ ရော်ဘာခြံကုန်းယာယီရေဘေးစခန်းနှစ်ခုတို့တွင် ကြာအင်းဆိပ်ကြီး အခြေချဗျူဟာမှ တပ်မတော်သားများ၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပြောင်းရွှေ့ နေရာချထားပေးကြောင်းနှင့် ကြာအင်းဆိပ်ကြီးမြို့နယ် အောက်သင်္ကန်း ချောင်းနှင့် သံပုရာကျေးရွာကြား ဦးယုချောင်းအနီး တံတားမိုင်တိုင်အမှတ် (၈/၄)နှင့် (၂/၉)အကြားတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်းမပေါ် တွင် ရေတစ်ပေခွဲခန့် ရေကျော်လျက်ရှိရာ ဖြတ်သန်းသွားလာလျက်ရှိသည့် ယာဉ်များ အန္တရာယ်မဖြစ်စေရေးအတွက် ကြာအင်းဆိပ်ကြီးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မှတ်တိုင်များစိုက်ထူပေး ခြင်း၊ ကူညီဖြတ်သန်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါရေဘေးသင့်ပြည်သူများ စားသောက်ရေးအဆင်ပြေစေရေး အတွက် ကြာအင်းဆိပ်ကြီး မြို့မရဲစခန်းမှူး ဒုတိယရဲမှူး မျိုးညီညီက ရေသန့် ဘူးကြီး ၃ဝ၊ ညနေစာအတွက် ကြက်သားအာလူးဟင်းချက်ပြုတ်ကာ လှူဒါန်း ပေးခဲ့ကြောင်းသိရပြီး အလားတူ ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ရေကြီးရေလျှံမှုကြောင့် မြို့ပေါ်ယာယီရေဘေးစခန်းသုံးခုတွင် အိမ်ထောင်စု ၈၉ စု လူဦးရေ ၅ဝ၇ ဦး၊ မိတန်ကျေးရွာ ကျောက်ပန်းဖြူဘုရားကုန်းယာယီ ရေဘေးစခန်းတွင် အိမ်ထောင်စု ၉၅ စု၊ လူဦးရေ ၅၄ဝ ရှိကြောင်း သိရ သည်။
နေမျိုးလွင်(ပြန်/ဆက်)

No comments:

Post a Comment