Monday, July 31, 2017

သစ်မှောင်ခိုထုတ်မှု တားဆီးရေးအဆိုအတိုင်း ဆောင်ရွက်အောင်မြင်ရန်လို

မြန်မာ့အလင်းအယ်ဒီတာအာဘော်

နိုင်ငံတစ်ဝန်းတွင် ကြီးမားစွာဖြစ်ပွားလျက်ရှိသော သစ်မှောင်ခိုထုတ်မှုများ ကို ဥပဒေနှင့်အညီ ထိရောက်စွာ ဖြေရှင်းဆောင်ရွက်ပေးပါရန် အစိုးရအား တိုက်တွန်းသောအဆိုကို ဇူလိုင်လ ၂၈ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။ ယင်းအဆိုမှာ ဇူလိုင်လ ၁၃ ရက်နေ့က စေတုတ္တရာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က တင်သွင်း ခဲ့ခြင်းဖြစ်ပြီး  လွှတ်တော်ကိုယ်စားလှယ်  ၁၁  ဦးက  ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
သစ်ခိုးထုတ်မှုများမှာ ယခင်က ကချင်ပြည်နယ်အတွင်း အနှံ့အပြား ဖြစ်ပွားခဲ့ရာမှ ယခုအခါ စစ်ကိုင်းတိုင်းဒေသကြီးသို့ပါ ကူးစက်လာခြင်း ဖြစ်သည်။ ယခုတွေ့ရသည့် သတင်းများအရ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ဧရာဝတီမြစ်အတွင်းမှ ဖောင်တွဲ၍ ခိုးယူသယ်ဆောင်လာ သည့် ကျွန်းသစ်အလုံး ၄ဝဝ၊ ကျွန်းခွဲသား ၁ဝ၄ ချောင်းနှင့် ကျွန်းပကာ  ၂၅၆ ချောင်း စုစုပေါင်း တန်ချိန် ၉ဝ ခန့် သိမ်းဆည်းရမိခဲ့သည်ဟု သိရ သည်။ ဧရာဝတီမြစ်အတွင်း ယခုရှာဖွေဖမ်းဆီးရမှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကလည်း ထီးချိုင့်မြို့နယ်အတွင်း သစ်လုံး ၇၈ လုံး သိမ်းဆည်းရမိခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း  ယခုတရားဝင်  သစ်ထုတ်လုပ်မှု ရပ်နားထားပြီး လာမည့်ဘဏ္ဍာနှစ်တွင် ပြန်လည်စတင်မည်ဟု ဆိုသော် လည်း   ယခုစစ်ကိုင်းတိုင်းဒေသကြီးမှာ   တရားမဝင်သစ်ခိုးထုတ်မှုနှင့် တရားမဝင်သစ်လမ်းကြောင်းများစွာ တည်ရှိနေသည်ဟု ဆိုပါသည်။ ထို့ကြောင့်ပင် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဇန်နဝါရီလကုန်အထိ စစ်ကိုင်း တိုင်းဒေသကြီးအတွင်း ကျွန်း၊ တမလန်းနှင့် အခြားသစ် တန်ချိန် ၈၆ဝဝ ကျော် သိမ်းဆည်းရမိခဲ့သည်ဟု ဆိုပါသည်။
ယခုလွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြချက်များအရ ပဲခူးရိုးမ အတွင်း သစ်ထုတ်ရေးကို ၁ဝ နှစ်ရပ်ဆိုင်းထားသော်လည်း နောင် ၁ဝနှစ် ကြာလျှင် ပဲခူးရိုးမကြီး စိမ်းလန်းစိုပြည်လာမည်ဟု မျှော်လင့်၍မရကြောင်း ပဲခူးရိုးမကို ဖြတ်သန်းဖောက်လုပ်ထားသော လမ်းမသုံးခုရှိရာ ယင်းလမ်း များမှ ညစဉ်ညတိုင်း ယာဉ်များ၊ ဆိုင်ကယ်များနှင့် ခိုးထုတ်နေသည်ကို တွေ့ရှိရကြောင်း တင်ပြသည်ကို တွေ့ရသည်။ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်ရှိ သစ်တော ဦးစီးဌာနက  သစ်ခိုးထုတ်မှုများအတွက်  အဓိကတာဝန်ရှိသော်လည်း၊ သစ်တောများရှိရာ ဒေသရှိမြို့နယ်များတွင် သစ်တောဦးစီးဌာန တစ်ခု တည်းဖြင့်    မဖြေရှင်းနိုင်တော့ဘဲ   သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေး အာဏာပိုင်၊  ပြည်သူ့ရဲတို့နှင့်  ချိတ်ဆက်လုပ်ကိုင်ရန်လိုအပ်ကြောင်း တင်ပြသွားသည်လည်း တွေ့ရသည်။
သစ်တောများ ပြုန်းတီးရခြင်း တိုက်ရိုက်အကြောင်းရင်းများမှာ သစ်အလွန်အကျွံထုတ်ယူခြင်း၊ တရားမဝင်သစ်ထုတ်ခြင်းတို့မှာ အဓိကဖြစ် သည်ဟု ဆိုပါသည်။ အကျင့်ပျက်ခြစားခြင်း၊ ဆင်းရဲမွဲတေမှုနှင့် အလုပ် အကိုင် အခွင့်အလမ်းရှားပါးခြင်း၊ သစ်တောထွက်ပစ္စည်းများ ဈေးကွက် လိုအပ်ချက် မြင့်မားခြင်းတို့မှာ သွယ်ဝိုက်၍ သစ်တောပြုန်းတီးရသည့် အကြောင်းရင်းများတွင် ပါဝင်သည်။ မည်သို့ဆိုစေ သစ်တောများ ပြုန်းတီး ခြင်းကြောင့်   ရာသီဥတုဖောက်ပြန်ခြင်း၊   မြေဆီလွှာခြောက်ခန်းပြီး ရေဓာတ်မထိန်းသိမ်းနိုင်၍ ရေကြီးရေလျှံဖြစ်ခြင်းစသော အကျိုးဆက်များ ဖြစ်လာစေပါသည်။
ယခုတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေကြီးရေလျှံမှုများကြောင့် ဇူလိုင် ၁ ရက်မှ  ၂၄ ရက်အထိ ရေဘေးသင့်ပြည်သူ တစ်သိန်းလေးသောင်း နီးပါးရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သိရသည်။ ပြီးခဲ့သည့်နှစ်က ရေကြီးရေလျှံမှုကြောင့် နိုင်ငံ၏ထုတ်ကုန်များကို ထိခိုက်မှုရှိခဲ့ရာ ယခုနှစ်လည်း ထပ်မံ၍ ဆုံးရှုံးစရာရှိနေခြင်း  ဖြစ်ပါသည်။
ဤသည်တို့မှာ   တစ်နေ့တည်း   တစ်ရက်တည်းကြောင့်မဟုတ်ဘဲ နှစ်ရှည်လများ   သစ်တောထိန်းသိမ်းမှုလုပ်ငန်းများ  ကောင်းမွန်စွာ မလုပ်နိုင်ခဲ့ခြင်းကြောင့် ရေရှည်တွင် ဤသို့ထိခိုက်လာရခြင်း ဖြစ်ပေသည်။ သို့သော် တရားမဝင်သစ်ထုတ်မှုများကို  ထိထိရောက်ရောက် တားဆီး နိုင်သည်ဆိုပါက လာမည့်နှစ်အနည်းငယ်အတွင်း သစ်တောများ ပြန်လည် ဝေဆာလာအောင် လုပ်နိုင်မည်ဖြစ်သည်။ အလားတူ ဘေးထွက်ဆိုးကျိုး များကိုလည်း   တားဆီးနိုင်မည်ဖြစ်ရာ   လွှတ်တော်မှ   ကန့်ကွက်သူမရှိ အတည်ပြုခဲ့သောအဆိုအတိုင်း အချိန်မဆိုင်းဘဲ ဆောင်ရွက်သင့်ပါကြောင်း  တင်ပြရပါသည်။        ။

No comments:

Post a Comment