Tuesday, July 4, 2017

နေရပ်ပြန်အလုပ်သမားများ အပြန်ခရီး လုံခြုံချောမွေ့စေရေး ဝိုင်းဝန်းကူညီပေး

မြန်မာ့အလင်းအယ်ဒီတာအာဘော်


ထိုင်းအစိုးရက ဇွန် ၂ဝ ရက်တွင် ပြဋ္ဌာန်းလိုက်သည့် နိုင်ငံခြားသား အလုပ်သမားများစီမံခန့်ခွဲမှု ဥပဒေကို အကြောင်းပြု၍ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ထိုင်း-မြန်မာနယ်စပ်ဂိတ်အသီးသီးမှ မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာလျက်ရှိသည်။
ထိုင်းနိုင်ငံက ပြဋ္ဌာန်းလိုက်သည့် အဆိုပါ ဥပဒေသစ်အရ အထောက် အထားမဲ့အလုပ်သမားများကို ခိုင်းစေသည့် အလုပ်ရှင်နှင့် အလုပ်သမား များကို ဖမ်းမိပါက ထိုင်းဘတ်ငွေလေးသိန်းမှ ရှစ်သိန်းအထိ ဒဏ်ရိုက် နိုင်ပြီး အလုပ်လုပ်ခွင့် မရှိဘဲ အလုပ်လုပ်ခြင်း(သို့မဟုတ်) နိုင်ငံခြားသား အလုပ်သမားများ  လုပ်ခွင့်မရှိသည့် အလုပ်များကိုလုပ်သည့် အလုပ် သမားများအား  ငါးနှစ်ထက်မပိုသည့် ထောင်ဒဏ်  သို့မဟုတ် ဘတ် နှစ်ထောင်မှ တစ်သိန်းအထိ ငွေဒဏ်အပြင် ပြစ်ဒဏ်နှစ်မျိုးစလုံးကို လည်း ချမှတ်နိုင်သည်ဟုဆိုရာ ကြီးလေးလှသည့် ပြစ်ဒဏ်များဟု ဆိုရမည် ဖြစ်သည်။
ဥပဒေသစ်ပြဋ္ဌာန်းပြီး   တစ်ပတ်အတွင်း  ရှာဖွေဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လာခဲ့သည့်အတွက် ကော့သောင်း၊  မောတောင်၊ ဘုရားသုံးဆူ၊   မြဝတီ၊ တာချီလိတ် စသည့်ဝင်ပေါက်အသီးသီးမှနေ၍         ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်း အလုပ်သမားများ သောင်းနှင့်ချီ၍ ပြန်လည်ဝင်ရောက်လာကြသည်။ ဇွန် ၃ဝ ရက်က မြန်မာ-ထိုင်းနှစ်နိုင်ငံ အလုပ်သမားအရေး ကျွမ်းကျင်သူများ အစည်းအဝေးကို ရန်ကုန်မြို့ တွင် ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင် ညှိနှိုင်းချက်များအရ ထိုင်း နိုင်ငံက နိုင်ငံခြားသားအလုပ်သမားများ စီမံခန့်ခွဲမှုဥပဒေသစ်ကျင့်သုံးမှုကို ရက်ပေါင်း ၁၂ဝ ရွှေ့ဆိုင်းလိုက်သည်။ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများအား ထိုင်းနိုင်ငံ၏ ဥပဒေသစ်နှင့် စပ်လျဉ်း၍ အသိ ပညာပေးမှုများပြုလုပ်ခဲ့ပြီး တရားဝင်နေထိုင်ခွင့်ရရှိအောင်ဆောင်ရွက် ရန်၊ တရားဝင်နေထိုင်ခွင့်မရရှိသူများ၊ ဥပဒေနှင့် မညီညွတ်သူ၊ အထောက် အထားမဲ့အလုပ်လုပ်ကိုင်နေသူများ နေရပ်သို့ပြန်ရန် အသိပေးခဲ့ပြီး ဖြစ်သည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ပြောကြားထားသည်။ ထို့ပြင်  မြန်မာရွှေ့ပြောင်းအလုပ် သမားများအရေးနှင့်  စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်က  ထိုင်းနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ မေတ္တာရပ်ခံစာပေးပို့ခဲ့သည်။
လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကတည်းက ထိုင်းနိုင်ငံသို့ တရားဝင်ရော တရားမဝင်ပါ ရောက်ရှိအသက်မွေးနေကြသည့် မြန်မာနိုင်ငံသားများ မှာ လေးသန်းခန့်ရှိနေကြောင်း ခန့်မှန်းပြောကြားမှုများရှိနေပြီး ဥပဒေ နှင့်မညီဘဲ အလုပ်လုပ်ကိုင်နေသူများက အများစုဖြစ်ကြောင်း ပြောကြား မှုများလည်းရှိနေရာ ထိုင်းကထုတ်ပြန်လိုက်သည့်  ဥပဒေသစ်ကြောင့် ထိုင်းနိုင်ငံတွင်းရှိ  မြန်မာအသိုင်းအဝိုင်းများအတွင်း  ရိုက်ခတ်မှုများ ပြင်းပြင်းထန်ထန်ဖြစ်ပေါ်နေမည်ဟု ခန့်မှန်းသိရှိနိုင်သည်။ လတ်တလော သတင်းများအရ ထိုင်းအစိုးရက ဥပဒေသစ်ကျင့်သုံးမှုကို   လေးလ ရပ်ဆိုင်းလိုက်သည့်တိုင်အောင် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မှု များမှာ ဝင်လာမစဲတသဲသဲဖြစ်နေသကဲ့သို့ ဆက်လက်၍လည်း ဝင်ရောက် နေလိမ့်ဦးမည်ဖြစ်သည်။
လက်ရှိအခြေအနေတွင် ပြည်တွင်းသို့ပြန်လည်ဝင်ရောက်လာသူ များ  ၄င်းတို့၏နေရပ်များဆီသို့ လုံခြုံချောမွေ့စွာ ပြန်လည်ရောက်ရှိသွား နိုင်ရေး ကူညီပေးကြရန်နှင့် ထိုင်းနိုင်ငံသို့ပြန်လည်သွားရောက်၍ တရား ဝင်အလုပ်လုပ်ကိုင်ခွင့်ရရှိရေးအတွက်လည်း နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်း ဆွေးနွေးဆောင်ရွက်ပေးရန် လိုမည်ဖြစ်သည်။ အဓိကအားဖြင့် မိမိ နိုင်ငံအတွင်း အလုပ်အကိုင်အခွင့်အလမ်းများမြှင့်တင်ဖန်တီးပေးခြင်းကသာ ရွှေ့ပြောင်းအလုပ်သမားပြဿနာ လျော့ပါးရေးအတွက် မှန်ကန် သောအဖြေဟု ရှုမြင်ပါကြောင်း။     ။

No comments:

Post a Comment