Tuesday, July 4, 2017

သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ စုဒ္ဒသမအစည်းအဝေး ဒုတိယနေ့ကျင်းပ

Image may contain: one or more people, people sitting, table and indoor
ရန်ကုန် ဇူလိုင် ၃
သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ စုဒ္ဒသမအစည်း အဝေး ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ဗန်းမော် ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသအမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ သာသနာရေးဦးစီးဌာနနှင့် သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။
အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသက ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးအဖြစ် တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဒွိပိဋကဓရ ဘဒ္ဒန္တအဂ္ဂဓမ္မက ဆောင်ရွက်တော်မူသည်။
အစည်းအဝေးတွင် သတ္တမအကြိမ် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ (တတိယအဖွဲ့ခွဲ)၏ တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက်များအနက် ဝိနိစ္ဆယ ရေးရာ၊ သာသနာ့ရေးရာ၊ ပညာရေးရာဆောင်ရွက်ချက် များအပေါ် အဖွဲ့ဝင်ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေး တော်မူကြပြီး ဝိနိစ္ဆယရေးရာ၊ သာသနာ့ရေးရာ၊ ပညာ ရေးရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်တော်မူကြသည်။
ထို့နောက် သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ (တတိယအဖွဲ့ခွဲ)၏ စတုတ္ထအကြိမ် တာဝန် ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာ၊ ဝေဖန် ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ အဖွဲ့ဝင်ဆရာတော်ကြီးများက ပြန်လည်ရှင်းလင်း လျှောက်ထားတော်မူကြပြီး စတုတ္ထအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက် ချက်အစီရင်ခံစာကို တွဲဖက်အကျိုးတော်ဆောင် ဆရာတော်က အတည်ပြုချက်ရယူကာ သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီစုဒ္ဒသမ အစည်းအဝေးကို မွန်းလွဲပိုင်းတွင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့သည်။
ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများကို အလှူရှင် ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဝေဠုဝန် ရွှေကျင်ကျောင်းတိုက်ဆရာတော် သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ မာနိတနှင့် တပည့်ဒါယကာ၊ ဒါယိကာမများက ဧကဝီသတိမ (၂၁)ကြိမ်မြောက် တစ်နေ့ တာဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment