Saturday, July 29, 2017

ပါကစ္စတန်ဝန်ကြီးချုပ် နာဝပ်ရှရစ်ဖ် တရားရုံးချုပ်၏ဆုံးဖြတ်ချက်ဖြင့် ရာထူးမှဖယ်ရှားခံရ

Image may contain: 3 people

အစ္စလာမ္မာဘတ် ဇူလိုင် ၂၈
မိသားစုပိုင်ဆိုင်သော ဓနဥစ္စာများနှင့်ပတ်သက်၍ ကြေညာခြင်းမရှိသည့်အတွက် ဝန်ကြီးချုပ်ရာထူးတွင် ဆက်လက်တာဝန်ထမ်းဆောင်ခြင်းငှာ ထိုက်တန်ခြင်းမရှိဟု ပါကစ္စတန်တရားရုံးချုပ်က ဇူလိုင် ၂၈ ရက်တွင် ဆုံးဖြတ် လိုက်ရာ ဝန်ကြီးချုပ် နာဝပ်ရှရစ်ဖ်မှာ ရာထူးမှ ဖယ်ရှား ခံလိုက်ရပြီဖြစ်ကြောင်း၊ အဂတိလိုက်စားမှုဆိုင်ရာ စွပ်စွဲ ချက်များနှင့်ပတ်သက်၍ တရားရုံးချုပ်တရားသူကြီးအဖွဲ့က တစ်ခဲနက်ဆုံးဖြတ်ချက် ချမှတ်လိုက်ခြင်းကြောင့် ယင်းနိုင်ငံ တွင် နိုင်ငံရေးအရ ဝရုန်းသုန်းကား အခြေအနေတစ်ရပ်သို့ ဆိုက်ရောက်စေကြောင်း ရိုက်တာသတင်းဌာနက သတင်း ထုတ်ပြန်သည်။
၂ဝ၁၆ ခုနှစ်တွင် ''ပနားမား ပေါက်ကြားမှုကြီး''၏ အကျိုးဆက်အဖြစ် ဝန်ကြီးချုပ်နာဝပ်ရှရစ်ဖ်မှာ အဂတိ လိုက်စားမှု စွပ်စွဲချက်များကိုရင်ဆိုင်ခဲ့ရပြီး တစ်နှစ်ကြာမျှ နိုင်ငံရေးအရ အငြင်းပွားပြောဆိုလာမှုများမှာ တရားရုံးချုပ် ၏ ဆုံးဖြတ်ချက်အရ အထွတ်အထိပ်သို့ ရောက်ရှိသွား ခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။
''ပနားမားပေါက်ကြားမှုကြီး''ဆိုသည်မှာ ပနားမား အခြေစိုက် မော့ဆက်ဖွန်ဆေကာအမည်ရှိ ဥပဒေ အကျိုးဆောင်ကုမ္ပဏီတစ်ခုနှင့် သက်ဆိုင်နေသော စာလွှာ စာတမ်းများကို အမည်မသိ အရင်းအမြစ်တစ်ခုက ဖွင့်ချခဲ့ ခြင်းဖြစ်သည်။ ''ပနားမား စာလွှာစာတမ်းများ''ဟု ရည်ညွှန်းပြောဆိုသော ယင်းဖြစ်စဉ်တွင် ပင်လယ်ရပ်ခြား နိုင်ငံတကာကုမ္ပဏီများနှင့် သက်ဆိုင်နေသော ဘဏ္ဍာရေး ဆိုင်ရာ သတင်းအချက်အလက်များ၊ ဥပဒေအကျိုးဆောင် နှင့် အမှုသည်တို့အကြား ဆက်သွယ်မှုမှတ်တမ်းများ ဖြစ်သည့် စာလွှာစာတမ်း ၁၁ ဒသမ ၅သန်းမှာ ပေါက်ကြား ခဲ့သည်။
ဝန်ကြီးချုပ်နာဝပ်ရှရစ်ဖ်သည် အဂတိလိုက်စားမှု စွဲချက်များအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဗျူရို၏ စုံစမ်းစစ်ဆေးမှုကိုခံခဲ့ရပြီး အစိုးရအဖွဲ့အကြီးအကဲရာထူး နှင့် ထိုက်တန်ခြင်းမရှိတော့ဟု တရားသူကြီး ငါးဦးပါ ဂျူရီ အဖွဲ့က တစ်ခဲနက်ဆုံးဖြတ်ခဲ့သည်။
ဝန်ကြီးချုပ်နာဝပ်ရှရစ်ဖ်သည် တရားရုံးချုပ်၏ ဆုံးဖြတ်ချက်ပေါ်ထွက်ခဲ့အပြီး ချက်ချင်းပင် ရာထူးမှ ဆင်းပေးခဲ့ကြောင်း အာဏာရပါတီဖြစ်သည့် ပါကစ္စတန် မွတ်စလင်လိဂ်က ပြောကြားသည်။
ရိုက်တာ။

No comments:

Post a Comment