Saturday, July 29, 2017

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ ၀န်ဆောင်မှုများမြှင့်တင်ရေး



မြန်မာ့အလင်းအယ်ဒီတာအာဘော်



တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်နိုင်ရန် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတို့ လိုအပ်လျက်ရှိပါသည်။ အထူးသဖြင့် ခေတ်မီ နည်းပညာနှင့် စီမံခန့်ခွဲမှုအတွေ့အကြုံ ကျွမ်းကျင်မှုတို့ရှိသည်သာမက ပမာဏအများအပြားကိုလည်း ရင်းနှီးနိုင်သော ပြည်ပရင်းနှီးမြှုပ်နှံမှုတို့ကို ပိုမိုလိုအပ်လျက်ရှိပါသည်။ ပြည်ပရင်းနှီးမြှုပ်နှံမှုတို့ ပြည်တွင်းသို့ ဝင်ရောက် လာရေးအတွက် ဆွဲဆောင်ရာ၌ ဘဏ်လုပ်ငန်းနှင့် အာမခံအပါအဝင် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုတို့ကို နိုင်ငံတကာစံချိန်နှင့်အညီ ပေးအပ် နိုင်ရေးသည် အရေးကြီးသော လိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။
တိုင်းပြည်၏ ဖြတ်သန်းခဲ့သော အတိတ်သမိုင်းတို့အရ နိုင်ငံ၏ ဘဏ္ဍာ ရေးကဏ္ဍသည် နိုင်ငံတကာစံချိန်စံòန်းနှင့် နှိုင်းယှဉ်ပါက လိုအပ်ချက် များစွာရှိနေဆဲဖြစ်ပါသည်။ ဤလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး အတွက် နိုင်ငံတော်အစိုးရသည် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်ကဲ့ သို့သော နိုင်ငံတကာအဖွဲ့အစည်းတို့၏အကူအညီကို ရယူလျက် စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိပါသည်။ ဤကဲ့သို့ ဆောင်ရွက်ရာ၌ သက်ဆိုင်ရာ ပညာရှင်တို့၏ အကြံပြုချက်နှင့်အညီ တစ်ဆင့်ပြီးတစ်ဆင့် စနစ်တကျ သတိထား၍ ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိကာလ၌ မြန်မာနိုင်ငံတွင် ဘဏ်ခွဲဖွင့်လှစ်ထားသည့် နိုင်ငံခြားဘဏ် ၁၃ ဘဏ်ရှိသော်လည်း အဆိုပါ နိုင်ငံခြားဘဏ်များသည် ပြည်တွင်းဘဏ်လုပ်ငန်း၌ အကန့် အသတ်ဖြင့်သာ ပါဝင်ဆောင်ရွက်ခွင့်ရှိပါသည်။ လက်ရှိအချိန်အထိ နိုင်ငံခြားဘဏ်များသည် ပြည်တွင်းရှိ ပြည်ပလုပ်ငန်းရှင်များကိုသာ ဝန်ဆောင်မှုပေးခွင့်ရှိပါသည်။
သို့သော် ဗဟိုဘဏ်က နိုင်ငံခြားဘဏ်များအား ပြည်တွင်းလုပ်ငန်း ရှင်များကို စီမံကိန်းချေးငွေများ ဝန်ဆောင်ခွင့်ပြုရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။ ဗဟိုဘဏ်၏ အဆိုပါ စီစဉ်ဆောင်ရွက်မှု သည် တိုင်းပြည်ကလိုအပ်လျက်ရှိသော ရင်းနှီးမြှုပ်နှံငွေရရှိရေးကို တွန်းအားပေးနိုင်မည်ဖြစ်၍ ကြိုဆိုကြောင်း ဖော်ပြအပ်ပါသည်။ ဤနေရာ ၌ တိုင်းပြည်၏ ရင်းနှီးမြှုပ်နှံငွေ လိုအပ်နေပုံကို ထပ်ဆင့်မီးမောင်းထိုး တင်ပြလိုပါသည်။ တိုင်းပြည်စက်မှုစီးပွားရေး၏ ပင်မကျောရိုးဖြစ်သော အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများသည် အာဆီယံစီးပွားရေး ရိပ်မြုံ (ASEAN Economic Community-AEC) သက်ဝင်လှုပ်ရှား လာသည်နှင့် အခြားအာဆီယံနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်ရန် အချိန်လု၍ ကြိုးပမ်းအကောင်အထည်ဖော်နေရပါသည်။ ဤသို့သောအခြေအနေ၌ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တို့အတွက် ရင်းနှီးမြှုပ်နှံငွေသည် အသက် သွေးကြောလိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။ အဆိုပါ အသက်သွေးကြော လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းအကောင်အထည်ဖော်ရမည် ဖြစ်ပါသည်။
ဤသို့သော အခြေအနေ၌ အမေရိကန်စီးပွားရေးကိုယ်စားလှယ် အဖွဲ့က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင် (MIC) နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းသည် ကြိုဆိုရမည့် သတင်းကောင်းဖြစ်ပါသည်။ အဆိုပါ အမေရိကန် စီးပွားရေးကိုယ်စားလှယ် အဖွဲ့၌ ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်းအပါအဝင် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းရှင်များလည်း ပါဝင်ကြောင်း သိရှိရပါသည်။ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) နှင့် အမေရိကန်စီးပွားရေး ကိုယ်စားလှယ်အဖွဲ့တို့၏ ဆွေးနွေးညှိနှိုင်းမှုများသည် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ မြှင့်တင်နိုင်ရေးအတွက် ပံ့ပိုးဖြည့် ဆည်းသွားနိုင်မည်ဖြစ်ကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။ ။

No comments:

Post a Comment