Saturday, July 29, 2017

သံသယပျောက် အမှန်ဘဝရောက်



''သံသယ''ဟူသော ဝေါဟာရမှာ လူတို့ကြားတွင် ယဉ်ပါးနေ၏။ ''လူ''နှင့်''သံသယ''မှာ အတူယှဉ်တွဲနေသကဲ့သို့  အမြဲကပ်ပါနေ၏။ လူသည် သံသယနှင့်မကင်း၊ သံသယနှင့်မစိမ်းချေ။ သံသယ..သံသယဟူ၍ ဒုက္ခလှလှပေးနေသည်ကိုလည်း သတိမမူမိချေ။ သံသယမှာ ထိုလူတွင် အခန့်မသင့်သည်နှင့် ချက်ချင်းပေါက်ချလာတော့၏။ သံသယပွား တော့၏။ အကုသိုလ်များတော့၏။ သံသယမှာ ကောင်းကျိုးမပေး၊ ဆိုးကျိုးသာပေးနိုင်သောကြောင့် သံသယကို ကောင်းသည့်ဘက်တွင်သာ အသုံးချသင့်၏။

သံသယမှာ ပါဠိသက်ဝေါဟာရဖြစ်၍ ယုံမှားခြင်း၊ အထင်အမြင် လွဲမှားခြင်းဖြစ်၏။ ယုံကြည်မှုနှင့်ဆန့်ကျင်ဘက်ဖြစ်သည့် မယုံကြည်မှု ဖြစ်၏။ ယုံလျှင်ကြည်၍ စိတ်ကြည်လင်ခြင်း၊ ကျေနပ်နှစ်သက်ခြင်း ဖြစ်ကြရ၏။ မယုံလျှင်မကြည်ဘဲ စိတ်မကြည်လင်ခြင်း၊ မနှစ်သက်ခြင်း၊ မကျေနပ်ခြင်း၊ အမုန်းပွားခြင်း၊ ဒေါသဖြစ်ခြင်း စသည်ဖြင့် မကောင်း သောဆိုးကျိုးများအထိဖြစ်ကြရ၏။ ထို့ကြောင့် ပညာရှိသူတော်ကောင်း တို့က ယုံမှားသံသယမဖြစ်ကြနှင့်ဟု အထပ်ထပ်ဆုံးမကြ၏။

ဤကမ္ဘာလောကတွင် ယုံကြည်မှုပျက်ပြားသောကြောင့်၊ တစ်ဦး နှင့်တစ်ဦး ယုံကြည်မှုမရှိသောကြောင့်  ပြဿနာများ၊ အမုန်းတရားများ၊ ပဋိပက္ခများ၊ ရန်တုဖက်ပြိုင်တိုက်ခိုက်မှုများ၊ စစ်ပွဲများ ဖြစ်ပွားနေသည် ကို မြင်တွေ့ကြရမည်ဖြစ်၏။ မြန်မာနိုင်ငံတွင်လည်း အလားတူဖြစ်ပေါ်မှု အချို့ရှိ၏။ ယုံကြည်မှုပျက်ပြားသည်နှင့် တစ်ဦးအပေါ်တစ်ဦး အပြစ်မြင် ကြမည်ဖြစ်၏။ ဘက်နှစ်ဖက်တွင် တစ်ဖက်ဖက်မှာ မှားယွင်းကောင်း မှားယွင်းနိုင်၏။ မည်သို့ပင်ဖြစ်စေ မိမိဘက်သာ မှန်သည်ဟုထင်မှတ်ကြ ၏။  သို့တည်းမဟုတ်  တစ်ဖက်မှမမှားဘဲ  အထင်အမြင်လွဲမှားစရာ အကြောင်းတစ်ခုခုကြောင့်  တစ်ဖက်ဖက်တွင်  သံသယဖြစ်စရာ အကြောင်းပေါ်လာ၏။ 

ဤသို့ကောင်းကျိုးမပြုသော မယုံကြည်မှု၊ သံသယဖြစ်မှုတို့ကို နားလည်မှု၊ စာနာမှု၊ မေတ္တာပြုမှုတို့ဖြင့်သာ ငြှိမ်းသတ်နိုင်၏။ အေးငြိမ်း စေနိုင်၏။   တစ်ဦးနှင့်တစ်ဦး  တုံ့ပြန်ချေပ၊  စွပ်စွဲနေကြခြင်းဖြင့် မည်သည့်အခါမျှ ပြေငြိမ်းအေးမည်မဟုတ်ချေ။ ပြေအေးငြိမ်းရေးအတွက် တစ်ဖက်တည်းနှင့်လည်းမပြီးချေ။ ဘက်နှစ်ဖက်စလုံး ပြေငြိမ်းအေးမှ ပြီးဆုံးခြင်းကိုရောက်စေနိုင်၏။ မယုံကြည်မှုများ၊ သံသယများမှာ မှန်ကန်နေသည်ဆိုဦးတော့ သည်းခံခွင့်လွှတ်ခြင်း၊ မိမိလမ်းကိုမိမိ တည့်မတ်မှန်ကန်စွာလျှောက်လှမ်းခြင်းဖြင့် ကောင်းသောအကျိုးကို ရရှိစေမည်ဖြစ်၏။

ဤကမ္ဘာလောကနှင့်လူသားတို့ကို ဒုက္ခမျိုးစုံပေးစေနိုင်သော ဤမယုံကြည်မှု၊ ဤသံသယဖြစ်မှုတို့ကို ကင်းပျောက်နိုင်ရန်အတွက် မြတ်စွာဘုရားရှင်က ကာလာမသုတ်ကို အနှစ်ထုတ်ဟောကြားထား၏။ ကာလာမအနွယ်ဖွားအမျိုးသားတို့ သင်တို့သည် တစ်ဆင့်စကား ကောလာ ဟလ ကြားသိကာမျှဖြင့်လည်း အမှန်ဟုမယူကြလင့်၊ မိရိုးဖလာ အစဉ် အဆက်စကားမျှဖြင့်လည်း အမှန်ဟုမယူကြလင့်၊ ဤသို့ဖြစ်ဖူးသတတ် ဟူသော ဒဏ္ဍာရီစကားမျှဖြင့်လည်း အမှန်ဟုမယူကြလင့်၊ ကျမ်းဂန်အထောက်အထားနှင့်ညီညွတ်ပေသည်ဟုလည်း အမှန်ဟုမယူကြလင့်၊ မိမိကြံစည်တွေးဆရုံမျှဖြင့်လည်း အမှန်ဟုမယူကြလင့်၊ နည်းမှီကြံဆ နိုင်ရုံမျှဖြင့်လည်း အမှန်ဟုမယူကြလင့်၊ အခြင်းအရာ ကြောင်းကျိုး ဆီလျော်ရုံမျှဖြင့်လည်း အမှန်ဟုမယူကြလင့်၊ အယူဝါဒချင်း ထပ်တူညီရုံ မျှဖြင့်လည်း အမှန်ဟုမယူကြလင့်၊ ယုံကြည်ထိုက်သောပုဂ္ဂိုလ်၏ စကား ဖြစ်သည်ဟု ပုဂ္ဂိုလ်စွဲအားဖြင့်လည်း အမှန်ဟုမယူကြလင့်၊ ဆရာ့သြဝါဒ ဆရာ့စကားဟု ဆရာစွဲဖြင့်လည်း အမှန်ဟုမယူကြလင့်ဟူသည့် အမှန် ဟုမယူသင့်သော အချက်(၁ဝ)ချက်ကို မှာကြားထားခဲ့၏။

ဤကမ္ဘာလောကကြီး ငြိမ်းအေးစေရေးအတွက် မည်သည့်လူသား မျိုးနွယ်မဆို လိုက်နာကျင့်ကြံအားထုတ်သင့်သည့် ကာလာမသုတ် တရားတော်ကို လူသားအများ လိုက်နာကျင့်ကြံမှုအားနည်းသော ကြောင့် မျက်မှောက်ကာလဝယ် အကျယ်ကျယ်မငြိမ်းဖွယ်သော စိတ် မချမ်းမြေ့စရာများနှင့်ကြုံတွေ့နေကြရခြင်းဖြစ်၏။ ထို့ကြောင့် မယုံကြည် မှု၊ သံသယဖြစ်မှုတို့ကို ဓမ္မဓိဋ္ဌာန်ကျကျရှုမြင်ဆင်ခြင်ကာ အကောင်းဆုံး အနေအထားတစ်ခုဖြစ်အောင် ပွားများအားထုတ်ကြဖို့ အလေးအနက် တိုက်တွန်းအပ်ပါသည်။   ။


No comments:

Post a Comment