Sunday, July 2, 2017

မြဝတီမြို့ (၉၉၉)ဂိတ်မှ ဝင်ရောက်လျက်ရှိသည့် မြန်မာအလုပ်သမားများ ဒုတိယနေ့တွင် ၄ဝဝဝ ကျော်ရှိ

Image may contain: 11 people, crowd and outdoor
မြဝတီ ဇူလိုင် ၁
ထိုင်းနိုင်ငံအတွင်း အလုပ်သွားရောက်လုပ်ကိုင်နေကြသည့် အထောက်အထား မပြည့်စုံသည့် မြန်မာအလုပ်သမားများနှင့် အထောက်အထားလုံးဝမရှိသည့် မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံအတွင်း အရှိန်မြှင့်ဖမ်းဆီးလျက်ရှိသည့်အတွက် ဇွန် ၂၉ ရက် နံနက်ပိုင်းမှစပြီး မြန်မာအလုပ်သမားများ မြဝတီမြို့(၉၉၉)ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လာလျက်ရှိရာ ဇွန် ၃ဝ ရက် ဒုတိယနေ့တွင်လည်း လူဦးရေ ထောင်နှင့်ချီပြီး ပြန်လာလျက်ရှိကြောင်း သိရသည်။
ထိုသို့ နေရပ်ပြန်လာသည့် မြန်မာအလုပ်သမားများအား ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးထူးလွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်နိုင်ထွန်း၊ မြဝတီ ရှေ့တန်းမှူး ဗိုလ်မှူး အောင်ကိုဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နယ်ခြားစောင့် တပ်မှ တာဝန်ရှိသူများ၊ အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ Rescue လူမှုကယ်ဆယ်ရေး အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပရဟိတအသင်းအဖွဲ့များက သွားရောက်ကြိုဆိုကြပြီး လိုအပ်သည့် အကူအညီများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ နေရပ်ပြန်ရန် အခက်အခဲရှိသူများအား ဆောင်ရွက်ပေးလျက်ရှိရာတွင် မြန်မာနိုင်ငံ Rescue လူမှု ကယ်ဆယ်ရေးအဖွဲ့ချုပ်(မြဝတီ)မှ တာဝန်ရှိသူများနှင့်အခြားသောမြို့နယ်များမှ မြန်မာနိုင်ငံ Rescue လူမှုကယ်ဆယ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ ပူးပေါင်းပြီး မော်တော်ယာဉ်များဖြင့် နေအိမ်အရောက် ပြန်လည် ပို့ဆောင်ပေးလျက်ရှိပြီး မြို့နယ်ကျန်းမာရေးဌာနမှလည်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ဇွန် ၃ဝ ရက် ဒုတိယနေ့တွင် ပြန်လည်ဝင်ရောက်လာသည့် မြန်မာအလုပ်သမားဦးရေမှာ ပထမနေ့ထက် ပိုမို များပြားခဲ့ပြီး ကျား ၂၅၂၅ ဦး၊ မ ၁၅၄၂ ဦး စုစုပေါင်း ၄ဝ၆၇ ဦးခန့် ရှိပြီဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)

No comments:

Post a Comment