Monday, July 3, 2017

တိုင်းရင်းဆေးကောင်စီဥပဒေ(မူကြမ်း) ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

Image may contain: 4 people, people sitting, table and indoor
နေပြည်တော် ဇူလိုင် ၂
တိုင်းရင်းဆေးကောင်စီဥပဒေ (မူကြမ်း)နှင့် ပတ်သက်သည့် ညှိနှိုင်းဆွေးနွေးပွဲကို ဇူလိုင် ၂ ရက် နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် ဧရာဝတီလမ်းရှိ Mandalay Paradise ခန်းမ၌ ကျင်းပ သည်။
အခမ်းအနားတွင် သဘာပတိတိုင်းရင်းဆေး ကောင်စီဝင် ဆရာကြီး ဦးဝင်းကိုက အဖွင့်အမှာစကား ပြောကြားပြီး ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင် သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက တိုင်းရင်းဆေး ကောင်စီဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။
ဆက်လက်၍ တက်ရောက်လာကြသူများက တိုင်းရင်းဆေးကောင်စီဥပဒေ(မူကြမ်း)တွင် ပါရှိသည့် အကြောင်းအရာများကို ဆွေးနွေးညှိနှိုင်းခြင်း၊ အတည်ပြု ခြင်းတို့ကို ဆောင်ရွက်ကြသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ''ယခင်ရှိခဲ့တဲ့ တိုင်းရင်းဆေးကောင်စီဥပဒေဟာ ခေတ် ကာလနဲ့ လိုက်လျောညီထွေမှု မရှိတော့တဲ့အတွက် အသစ် ပြန်လည်ရေးဆွဲပြီး မူကြမ်းအဆင့်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ယခင်ဥပဒေထဲက လက်ရှိအချိန်အခါနဲ့ ကိုက်ညီနေသေးတဲ့ အချက်အလက်အချို့ကိုတော့ အခု ဥပဒေမူကြမ်းမှာ ပြန်ထည့်ထားပါတယ်။ လက်ရှိအခြေ အနေကတော့ ဒီဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ရဲ့ အကြံÓဏ်ကိုလည်း ရယူထားပြီး ဖြစ်သလို ဝန်ကြီးဌာနကိုလည်း တင်ပြထားပါတယ်။ ဒီ ဆွေးနွေးပွဲရလဒ်တွေ၊ ဝန်ကြီးဌာနဘက်က အကြံပြုချက် တွေကို ထပ်မံဆွေးနွေးအတည်ပြုပြီး လွှတ်တော်ဆိုင်ရာ အဆင့်ဆင့်ကနေတစ်ဆင့် ဆောင်ရွက်ပုံနည်းလမ်းများ အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု ပြောသည်။
ယခင်တိုင်းရင်းဆေးကောင်စီဥပဒေကို ၂ဝဝဝ ပြည့် နှစ်က အတည်ပြုပြဋ္ဌာန်းခဲ့ပြီး အဆိုပါဥပဒေမှာ ခေတ် ကာလနှင့် လိုက်လျောညီထွေမှုမရှိခြင်း၊ ဗဟိုဦးစီးချုပ်ကိုင် မှုစနစ် များပြားနေခြင်းတို့ကြောင့် ပြည်သူကို ဗဟိုပြုသော ဥပဒေဖြစ်စေရန် အသစ်ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ဆွေးနွေးပွဲမှ သိရသည်။
အခမ်းအနားသို့ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်တို့မှ တာဝန်ရှိသူများ၊ တိုင်းရင်း ဆေးကောင်စီဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တိုင်းရင်းဆေးဆရာများ၊ လုပ်ငန်းရှင်များ တက်ရောက် ဆွေးနွေးကြသည်။
(ကြေးမုံ)

No comments:

Post a Comment