Sunday, July 30, 2017

စိုးရိမ်ပူပန်ခြင်းမဖြစ်အောင်ကြံဆောင်





မျက်မှောက်ကာလတွင်   ပြည်သူလူထုကြား၌  စိုးရိမ်ပူပန်မှုအမြင့်ဆုံး အကြောင်းအရာမှာ  ကူးစက်မြန်တုပ်ကွေးရောဂါဖြစ်သည်။   စိုးရိမ်မှု မြင့်တက်လာရသည်မှာ   အဆိုပါရောဂါကို   မထိန်းချုပ်နိုင်သေးခြင်း၊ ရောဂါကူးစက်ပျံ့နှံ့မှု  တိုးလာခြင်းနှင့်   လူသေဆုံးမှုရှိလာခြင်းတို့ကြောင့် ဖြစ်သည်။ ထို့ကြောင့် အဆိုပါရောဂါကို   ကာကွယ်ရေး၊  ကုသရေး၊ ထိန်းချုပ်ရေးနှင့် အသိပညာပေးရေးတို့ကို ပိုမိုတိုးချဲ့ကြံဆောင်ကြရမည် ဖြစ်သည်။ သို့မှသာ ပြည်သူလူထု စိုးရိမ်ပူပန်မှုလျော့ကျသက်သာစေ မည်ဖြစ်သည်။

လတ်တလောတွင်  ပြင်းထန်သည့် အသက်ရှူလမ်းကြောင်းပိုးဝင် ရောဂှါSeasonal Influenza A (H1N1) pdm 09-Positive  လူနာစုစုပေါင်း ၃၅ ဦးရှိခဲ့ပြီး ဇူလိုင်  ၂၈ ရက်  မွန်းလွဲ ၂ နာရီအထိ ရရှိခဲ့သော  အချက်အလက်များအရ  လူခြောက်ဦးသေဆုံးခဲ့ကြောင်း သက်ဆိုင်ရာဌာနက   သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ ရောဂါမှာ ချင်းပြည်နယ်တွင် စတင်ဖြစ်ပွားခဲ့သော်လည်း  ရောဂါပျောက်ကင်းပြီး လူသေဆုံးမှုလည်း မရှိခဲ့ချေ။ 

သို့သော်  ရန်ကုန်မြို့၌  စတင်ဖြစ်ပွားပြီးနောက် ဇူလိုင် ၂၄ ရက် တွင်   သက်ဆိုင်ရာဌာနက     တရားဝင်သတင်းထုတ်ပြန်ပြီးသောအခါ ပြည်သူလူထုကြားတွင် ကျယ်ကျယ်ပြန့်ပြန့်သိရှိခဲ့ရပြီးနောက် ရောဂါဖြစ် ပွားသူ၊ သေဆုံးသူများလည်း  ရှိလာခဲ့သည်။ အဆိုပါရောဂါမှာ မြန်မာ ပြည်တွင် ၂ဝဝ၉ ခုနှစ်ကတည်းကတွေ့ရှိခဲ့ပြီး လူအများက ဝက်တုပ်ကွေး၊ ရာသီတုပ်ကွေးဟု သိရှိထားကြသည်။ 

ထိုနှစ်က အဆိုပါရောဂါကို ကမ္ဘာ့ကပ်ရောဂါဟု သတ်မှတ်ခဲ့သော် လည်း နောက်ပိုင်းတွင် ကပ်ရောဂါဟု  မသတ်မှတ်တော့ချေ။ ထိုရောဂါ ကို သက်ဆိုင်ရာက  နှစ်တိုင်း၊ နှစ်တိုင်း အနည်းနှင့် အများဖြစ်ပွားခဲ့သည့် ဖြစ်လေ့ဖြစ်ထရှိသောရောဂါဟု ဆိုငြားလည်း ယခုလက်ရှိဖြစ်စဉ်တွင် ကူးစက်ပျံ့နှံ့မှုတိုးလာသဖြင့်  မပေါ့မဆဘဲ  အထူးသတိပြုကိုင်တွယ် ဆောင်ရွက်ကြရတော့မည်ဟု သုံးသပ်မိပါသည်။

အဆိုပါရောဂါမှာ စိုးရိမ်ရသောကူးစက်ရောဂါဖြစ်၍ ပြည်သူလူထု အတွင်း  ပူပန်မှုဖြစ်ရသည်မှာ သဘာဝပင်ဖြစ်သည်။  ဖြစ်ပေါ်နေသော အခြေအနေများကို  ထိထိရောက်ရောက်ကိုင်တွယ် ကုသဆောင်ရွက်ပေး နိုင်ရန်နှင့် သတင်းစာမျက်နှာများပေါ်တွင်လည်း  လိုသည်ထက်ပို၍ ချဲ့ကားမရေးမိဖို့လည်း လိုအပ်ပေသည်။ ပြည်သူလူထုအား အသိပညာ ဗဟုသုတများ  မျှဝေရာတွင်   အလွန်အကျွံပုံကြီးချဲ့အသိပေးခြင်း မပြုလုပ်မိဖို့လိုအပ်သလို ဖြစ်စဉ်အမှန်ကို  ဖုံးဖိထားခြင်းလည်း မပြုလုပ် သင့်ချေ။ ဖြစ်စဉ်အမှန်တို့ကို အသိပေးရမည်ဖြစ်သော်လည်း   ပြည်သူ လူထုစိတ်ဓာတ်ကျဆင်းခြင်း မဖြစ်စေရန်လည်း သတိမူရမည်ဖြစ်သည်။

ယခုဖြစ်စဉ်မှာ  အမှန်တကယ်ဖြစ်ပွားဆဲဖြစ်၍  မှန်မှန်ကန်ကန် အသိပေးပြီး  ထိထိရောက်ရောက်ကာကွယ် ကုသစောင့်ရှောက်မှုပေးကြ ရမည်ဖြစ်သည်။ ရောဂါပျံ့ပွားမှုကိုထိန်းချုပ်နိုင်ရန် ဦးစားပေးဆောင်ရွက် လျက်ရှိပြီး  ရောဂါကူးစက်ခံရသူအတွက်  လိုအပ်သောဆေးဝါး အလုံ အလောက်ရှိဖို့လိုသည်။ ဇူလိုင် ၂၈ ရက်အထိ  ရန်ကုန်မြို့ပေါ်ရှိ ဆေးရုံကြီးများနှင့် ဒေသအသီးသီးရှိ ကျန်းမာရေးဌာနများသို့ နှာခေါင်း စည်းမျက်နှာဖုံး တစ်သိန်းခွဲခန့်၊  ရောဂါကာကွယ်ရေးဝတ်စုံ  ၄၅ဝ၊ အသက်ရှူစက်များနှင့် အခြားလိုအပ်သော ဆေးဝါးပစ္စည်းကိရိယာများ ထောက်ပံ့ပေးထားသည်ဟု သိရသည်။

လူမှလူသို့   ကူးစက်နိုင်သည့်   ရာသီတုပ်ကွေး (H1N1) ကို ကုသဆောင်ရွက်ပေးနေချိန်တွင်   တိရစ္ဆာန်မှ  တိရစ္ဆာန်၊  တိရစ္ဆာန်မှ လူကိုကူးစက်နိုင်သော  ကြက်ငှက်တုပ်ကွေး (H5N1) ကိုလည်း နှိမ်နင်း ဆောင်ရွက်နေရပြန်သည်။  အဆိုပါရောဂါနှစ်မျိုးမှာ  သဘောသဘာဝ မတူသည်ကို  သတိပြုမိဖို့လိုသည်။ (H5N1) ရောဂါမှာ လူမှ လူကို ကူးစက်နိုင်ခြင်းမရှိဘဲ ရောဂါရှိသောတိရစ္ဆာန်ကို  ကိုင်တွယ်အသုံးပြုမိသူ သာ ကူးစက်နိုင်သည်ကို  သိရှိထားရန်လိုအပ်သည်။

သို့ဖြစ်ရာ ကူးစက်ရောဂါပိုးများသည် မြန်မာတစ်နိုင်ငံတည်းဖြစ်ပွား နေသည့် ရောဂါများမဟုတ်ဘဲ အခြားနိုင်ငံများတွင်လည်း ဖြစ်ပွားနေသော ရောဂါဖြစ်ပြီး လူတစ်ဦးချင်းလိုက်နာဆောင်ရွက်နိုင်မှုများနှင့် သက်ဆိုင်ရာ တို့က   ပြည်သူလူထုစိုးရိမ်ပူပန်မှု   လျော့နည်းကျဆင်းလာအောင်         ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။     ။


No comments:

Post a Comment