Sunday, July 30, 2017

အရှိန်ဟုန်မြှင့်ဖော်ဆောင်လာသောစီးပွားရေးမူဝါဒများ

မြန်မာ့အလင်းအယ်ဒီတာအာဘော်

လူထုအစိုးရသစ်သည် တိုင်းပြည်၏စီးပွားရေးအပေါ် အာရုံစိုက်မှု နည်းပါး သည်ဟူသော ဝေဖန်ချက်တို့ရှိခဲ့ပါသည်။ ဤဝေဖန်ချက်ထွက်ပေါ်ခဲ့ရခြင်း၏ အကြောင်းရင်းတို့ကို သုံးသပ်ပါက လူထုအစိုးရသစ် စတင်တာဝန်ယူခဲ့သည့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်သည့်ပမာဏကျဆင်းခဲ့ရခြင်းသည် အခြေခံအကြောင်းရင်း တစ်ရပ်ဖြစ်ပါသည်။ ယခင်အစိုးရ၏ နောက်ဆုံးဘဏ္ဍာနှစ်ဖြစ်သော ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေး နှစ်၌ တိုင်းပြည်အတွင်း ဝင်ရောက်ခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ သည် အမေရိကန်ဒေါ်လာ ၉ ဒသမ ၄၈ ဘီလီယံရှိခဲ့ပါသည်။ လူထုအစိုးရ သစ် စတင်တာဝန်ယူခဲ့သည့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်၌မူ အမေရိကန် ဒေါ်လာ ၆ ဒသမ ၆၄ ဘီလီယံသာ ဝင်ရောက်ခဲ့ပါသည်။ အမှန်မှာမူနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ကျဆင်းခဲ့ရခြင်းမှာ သမိုင်းအလှည့်အပြောင်းတို့၌ ကြုံတွေ့ရလေ့ရှိသော လက္ခဏာတစ်ရပ်သာ ဖြစ်ပါသည်။
လက်ရှိ  ဘဏ္ဍာရေးနှစ်ဖြစ်သော  ၂ဝ၁၇-၂ဝ၁၈  ဘဏ္ဍာရေးနှစ်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုကို အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ရရှိရန် လျာထားခဲ့ပါသည်။ သို့သော် လက်ရှိဘဏ္ဍာရေးနှစ်၏ လေးလတာ ကာလမပြည့်မီမှာပင် တိုင်းပြည်အတွင်းသို့ ဝင်ရောက်ခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ဘီလီယံရှိနေပြီ ဖြစ်ပါသည်။ တင်ပြရမည်ဆိုပါက လက်ရှိဘဏ္ဍာရေးနှစ်၏ လေးလ တာ ကာလ၌ပင် လျာထားချက်၏ ၅ဝ ရာခိုင်နှုန်းကျော်ကို ရရှိပြီးဖြစ်ပါ သည်။ သို့ဖြစ်၍ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်၌ မူလလျာထားသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏရရှိရန်မှာ သေချာနေပြီဖြစ်ပါသည်။
လူထုအစိုးရသစ်သည်  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့  အရှိန်အဟုန်မြှင့် ဝင်ရောက်လာနိုင်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သော ကိစ္စရပ်တို့ကို တစ်ခုပြီးတစ်ခု စဉ်ဆက်မပြတ် အကောင်အထည်ဖော်လျက် ရှိပါသည်။ ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်တို့ကို တစ်နေရာတည်း၌ တစ်ထိုင်တည်း  အလုံးစုံဝန်ဆောင်မှုပေးနိုင်ရန် ပြည်ထောင်စုဝန်ကြီးဌာန ရှစ်ခုပါသော အဖွဲ့ကိုလည်း ဖွဲ့စည်းထားရှိပြီးဖြစ်ပါသည်။ အဆိုပါအဖွဲ့က ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်တို့ကို  ၂၄ နာရီအတွင်း တစ်ထိုင်တည်း ကိုင်တွယ်ဖြေရှင်းပေးသွား မည် ဖြစ်ပါသည်။
ကုန်သည်/စက်မှုအသင်းချုပ်(UMFCCI) ကလည်း စီးပွားရေး သတင်းအချက်အလက်တို့ကို  ပြည်တွင်းစီးပွားရေး  လုပ်ငန်းရှင်များ အနေဖြင့် အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးကို ဦးတည်၍ သတင်းလွှာ တစ်ရပ် (News Letter) ထုတ်ဝေသွားမည်ဟု သိရှိရပါသည်။ သတင်း လွှာ၌ ဖော်ပြမည့် သတင်းအချက်အလက်တို့အနေဖြင့် ပြည်တွင်းစီးပွားရေး  လုပ်ငန်းရှင်တို့၏ လိုအပ်ချက်နှင့် အံဝင်ကွက်တိဖြစ်စေရန် ကုန်သည်/စက်မှု အသင်းချုပ် (UMFCCI) သည် သတင်းလွှာထုတ်ဝေရေးအတွက် နိုင်ငံခြားပညာရှင်တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ လူထု အစိုးရသစ်နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်တို့အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးအတွက်    နိုင်ငံတော်ဒုတိယသမ္မတ(၁)နှင့်    ပုဂ္ဂလိက လုပ်ငန်းရှင်တို့ တွေ့ဆုံဆွေးနွေးခဲ့သည်မှာ အဋ္ဌမအကြိမ်ထိပင် ရောက်ရှိ  နေပြီဖြစ်ပါသည်။ ချုပ်၍တင်ပြရပါက လူထုအစိုးရသစ်က စီးပွားရေးမူဝါဒ တို့ကို တစ်ဆင့်ပြီးတစ်ဆင့် အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်နေပြီ ဖြစ်၍ ရလဒ်ကောင်းတို့ကို မဝေးတော့သော အနာဂတ်ကာလတွင် တွေ့ရှိရ တော့မည်ဖြစ်ကြောင်း လေးစားစွာတင်ပြအပ်ပါသည်။       ။

No comments:

Post a Comment