Sunday, July 30, 2017

မြောက်ကိုရီးယားက ဂျပန်ပင်လယ်တွင်းသို့ ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ဟု တောင်ကိုရီးယားပြောကြား


Image may contain: one or more people and outdoor
ဆိုးလ် ဇူလိုင် ၂၉
မြောက်ကိုရီးယားနိုင်ငံက ဂျပန်ပင်လယ်အတွင်းသို့ ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့ကြောင်း၊ ယင်းဒုံးကျည်မှာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်(အိုင်စီဘီအမ်)အမျိုးအစားဖြစ်သည်ဟု ယူဆရကြောင်း တောင်ကိုရီးယားစစ်ဘက်က ဇူလိုင် ၂၉ ရက်တွင် ပြောကြားသည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြသည်။
ဇူလိုင် ၂၈ ရက် ည ဒေသစံတော်ချိန် ၁၁ နာရီ ၄၁ မိနစ်တွင် မြောက်ကိုရီးယားနိုင်ငံ မြောက်ပိုင်းစွန်း အလယ်ပိုင်းရှိ ဂျာဂျန်းပြည်နယ်တွင်း တစ်နေရာမှ ယင်းဒုံးကျည်ကိုပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီး ချုပ်ရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြသည်။
မြောက်ကိုရီးယား၏ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်ကြောင်း သတင်းရရှိပြီးနောက် နံနက် ၁ နာရီတွင် တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်က သဘာပတိအဖြစ် ဆောင်ရွက်သော အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးကို တောင်ကိုရီးယားသမ္မတ အိမ်တော်တွင် ပြုလုပ်ခဲ့သည်။
မြောက်ကိုရီးယား တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုသည် စိုးရိမ် ဖွယ်ရာ ရန်စမှုဖြစ်ကြောင်း၊ ယင်းသည် ကိုရီးယားကျွန်းဆွယ်တည်ငြိမ်ရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိခိုက်စေကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီး ဆွန်းယောင်မိုးက ပြောကြားသည်။
မြောက်ကိုရီးယားပစ်လွှတ်ခဲ့သော ဒုံးကျည်သည် ကီလိုမီတာ ၁ဝဝဝ ခန့်ရှိသော ခရီးအကွာအဝေးကို အမြင့် ကီလိုမီတာ ၃၇ဝဝ နီးပါးမှ ပျံသန်းခဲ့ ကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်ရုံး(ဂျေစီအက်စ်)က ပြောကြား သည်။ ယင်းဒုံးကျည်သည် ယခုနှစ် ဇူလိုင် ၄ ရက်တွင် မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့သော ဟွာဆောင်-၁၄ အမျိုးအစားဒုံးကျည်အား ပိုမိုအဆင့်မြှင့်ထား သည့် ဒုံးကျည်ဟု ခန့်မှန်းရသည်။
ဇူလိုင် ၄ ရက်က ပစ်လွှတ်ခဲ့သော မြောက်ကိုရီးယား၏ပဲ့ထိန်းဒုံးကျည်မှာ ခရီးတာ ၉၃၃ ကီလိုမီတာထိ ပျံသန်းခဲ့ပြီး အမြင့် ၂၈ဝ၂ ကီလိုမီတာအထိ ရောက်ရှိခဲ့သည်။
ဟွာဆောင်-၁၄ အမျိုးအစား ဒုတိယမြောက် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (အိုင်စီဘီအမ်)ကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရ ကေစီအန်အေသတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါဒုံးကျည်သည် နိုင်ငံတကာရေပြင်ပိုင်နက်အတွင်းရှိ ပစ်မှတ်သို့ မကျရောက်မီ အမြင့် ၃၇၂၄ ဒသမ ၉ ကီလိုမီတာထိ ရောက်ရှိခဲ့ပြီး ခရီးတာ အကွာအဝေး ၉၉၈ ကီလိုမီတာအား ၄၇ မိနစ် ၁၂ စက္ကန့်ဖြင့် ပျံသန်းခဲ့ကြောင်း ကေစီအန်အေသတင်း၌ ဖော်ပြသည်။
ဆင်ဟွာ။

No comments:

Post a Comment