Monday, July 3, 2017

ပရီးမီးယားလိဂ်ရဲ့ ပြယုဂ် (သို့မဟုတ်) တစ်ကျော့ပြန်နယူးကာဆယ်

Image may contain: 3 people, people smiling, text
လာမယ့်နှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နယူး ကာဆယ်ကို ပြန်လည်တွေ့မြင်ရတော့မယ်။ ဒီတော့ အဆိုပါအကြောင်းအခြင်းအရာနဲ့ ပတ်သတ်ပြီး ဘာများပြောစရာရှိမလဲ။ အထူး သဖြင့် သူတို့မှာ မန်နေဂျာကောင်းတစ်ယောက် ဖြစ်တဲ့ ဘင်နီတက်ဇ်ရှိတယ်။ ဘင်နီတက်ဇ် ဆိုတာက သူတို့ကို ပြီးခဲ့တဲ့ ၂ဝ၁၅-၁၆ ရာသီ မှာ တန်းမဆင်းရအောင် ဦးဆောင်မှုမပေးနိုင် ခဲ့ဘူးလို့ဆိုနိုင်သော်ငြား ဘင်နီတက်ဇ် ဆိုတာ က လက်ရှိ ထိပ်တန်းမန်နေဂျာတွေဖြစ်တဲ့ ကွန်တီ၊ မော်ရင်ညို၊ ဂွါဒီယိုလာ၊ အာဆင် ဝင်းဂါး၊ ပိုချက်တီနိုတို့နဲ့တောင် ပုခုံးချင်း ယှဉ်နိုင်တဲ့သူ။ အာဆင်ဝင်းဂါး၊ ပိုချက်တီနို၊ ကွန်တီတို့တောင်မှမရဖူးတဲ့ ချန်ပီယံဆုဖလား ကိုပါ အရယူထားနိုင်သူ။
ထက်မြက်တဲ့မန်နေဂျာ
ပြီးတော့ ဗလန်စီယာလိုအသင်းမျိုးကို တောင်မှ ရီးရဲနဲ့ဘာစီလိုနာတို့ကို ကျော်ပြီး လာလီဂါချန်ပီယံဆုကို နှစ်ကြိမ်တိုင်တိုင် ယူပေးနိုင်ခဲ့သူ။ ဒါ့အပြင် ယူရိုပါလိဂ်ဆုဖလား ကို နှစ်ကြိမ်၊ ဥရောပစူပါဖလားကို တစ်ကြိမ်၊ ကမ္ဘာ့ကလပ် ချန်ပီယံများဖလားကို တစ်ကြိမ် အပြင် အက်ဖ်အေဖလား၊ ကွန်မြူနတီဒိုင်း၊ ကိုပါအီတာလီယာဖလား၊ အီတလီစူပါဖလား တွေကိုတောင်ရယူပေးနိုင်ခဲ့ကာ ပရီးမီးယား လိဂ်မှာလည်း လီဗာပူးနဲ့ ဘောလုံးရာသီ ၆ ရာသီ၊ ချဲလ်ဆီးနဲ့လည်း ဘောလုံးရာသီ တစ်ရာသီအပြင် ၂ဝ၁၅-၁၆ ရာသီတုန်းက သူတို့နဲ့ပဲ ရာသီဝက်လောက်ဖြတ်သန်းခဲ့ဖူးသူ ဖြစ်တော့ ဘင်နီတက်ဇ်ဆိုတာ ထိပ်တန်း မန်နေဂျာဖြစ်တာထင်ရှားသလို ပရီးမီးယား လိဂ်အတွေ့အကြုံလည်း ကြွယ်ဝတာမြင်သာ တယ်ဆိုတော့။ သူတို့အနေနဲ့ ဒီလိုထိပ်တန်း မန်နေဂျာတစ်ဦးရဲ့ ဦးဆောင်မှုနဲ့အတူ တစ်ချိန်က အင်္ဂလန်ဘောလုံးလောကမှာ လေးစားလောက်တဲ့အဆင့်အတွင်း ရပ်တည် နိုင်ခဲ့တဲ့အနေအထားမျိုးပြန်လည်ရယူနိုင်မှာလားဆိုတာ ပိုမိုစိတ်ဝင်စားဖို့ကောင်း လာတယ်။
ပြောမယ်ဆိုရင် နယူးကာဆယ်ဟာ ပြီးခဲ့တဲ့လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံဆု အရယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲ ကို လာမယ့်နှစ်မှာ တက်ရောက်ယှဉ်ပြိုင်ခွင့် ရထားတဲ့ တန်းတက်အသင်းတစ်သင်း ဆိုပေမယ့် သူတို့ရဲ့အစဉ်အလာကတော့ ထိပ်တန်းအဆင့်မှာရှိတယ်လို့ဆိုရမယ်။ အထူး သဖြင့် နယူးကာဆယ်ဟာ အင်္ဂလန်ရဲ့အဆင့် အမြင့်ဆုံးအမှတ်ပေးပြိုင်ပွဲ၊ အင်္ဂလန်ရဲ့ သက်တမ်းအရင့်ဆုံး အက်ဖ်အေဖလားပြိုင်ပွဲနဲ့ ကွန်မြူနတီဒိုင်းပြိုင်ပွဲဆိုတဲ့ အင်္ဂလန်ရဲ့အဓိက ကျတဲ့ ပြိုင်ပွဲကြီး သုံးရပ်မှာချန်ပီယံဖြစ်ခဲ့ဖူးတဲ့ အသင်းဖြစ်တဲ့အထိ တစ်ချိန်ကအောင်မြင်မှု ရရှိခဲ့တဲ့အသင်းလည်းဖြစ်တယ်။
အချိန်တိုအတွင်းက အောင်မြင်မှု
အထူးသဖြင့် နယူးကာဆယ်ဟာ ၁၈၉၂ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှာ အသင်းကို စတင်တည်ထောင်ခဲ့ပြီးတဲ့နောက် အင်္ဂလန်ရဲ့ အနိမ့်ဆုံးပြိုင်ပွဲဖြစ်တဲ့ Northern League ပြိုင်ပွဲမှာ စတင်ပါဝင်ကစားခဲ့ရတာဖြစ်ပေမယ့် အဆိုပါပြိုင်ပွဲမှာ တစ်ရာသီသာကစားခဲ့ရကာ ဒုတိယရရှိမှုနဲ့အတူ ဒုတိယတန်းပြိုင်ပွဲကို တက်ရောက်နိုင်ခဲ့တဲ့ အသင်းဖြစ်တဲ့အပြင် ဒုတိယတန်းပြိုင်ပွဲမှာလည်း ဘောလုံးရာသီ ငါးရာသီသာကျင်လည်ခဲ့ပြီး ၁၈၉၇-၉၈ ပြိုင်ပွဲ မှာ ဒုတိယရရှိမှုနဲ့အတူ အဲဒီတုန်းက အင်္ဂလန် ရဲ့အဆင့်အမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ ပထမတန်း ပြိုင်ပွဲကို စတင်တက်ရောက်နိုင်ခဲ့တာဖြစ်တယ်။ ဒါကြောင့်လည်း နယူးကာဆယ်ဟာ ကလပ် အသင်းတည်ထောင်ပြီး အချိန်ကာလတိုတစ်ခု ဖြစ်တဲ့ ခြောက်နှစ်ဆိုတဲ့ကာလအတွင်းမှာတင် အင်္ဂလန်ရဲ့အဆင့်အမြင့်ဆုံးပြိုင်ပွဲကို တက် ရောက်နိုင်ခဲ့တဲ့မှတ်တမ်းကောင်းကို ရယူနိုင် ခဲ့တဲ့အထိ အောင်မြင်ခဲ့တာဖြစ်တယ်။
ဒါ့အပြင် အင်္ဂလန်ရဲ့အဆင့်အမြင့်ဆုံး ပြိုင်ပွဲဖြစ်တဲ့ ပထမတန်းပြိုင်ပွဲကို ၁၈၉၈-၉၉ ရာသီမှာ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ပြီးတဲ့နောက်မှာလည်း နယူး ကာဆယ်ဟာ အဆိုပါပြိုင်ပွဲအတွင်း အကောင်းဆုံးခြေစွမ်းတွေပြသကာ ဘောလုံး ရာသီ ၃၂ ရာသီတိတိ ဆက်တိုက်ကျင်လည် နိုင်ခဲ့တာဖြစ်သလို အဲဒီနှစ်တွေအတွင်းမှာ ပထမတန်းချန်ပီယံဆုကို လေးကြိမ်တိုင်တိုင် ရယူနိုင်ကာ ကွန်မြူနတီဒိုင်းကိုလည်း တစ်ကြိမ်၊ အက်ဖ်အေဖလားကို သုံးကြိမ်တိတိ ရယူနိုင်ခဲ့တဲ့အထိ အောင်မြင်မှုရခဲ့တာဖြစ် တယ်။ ပြောရရင် နယူးကာဆယ်ဟာ ၁၉၃၃-၃၄ ရာသီမှာ ပထမတန်းပြိုင်ပွဲအတွင်း အဆင့် ၂၁ မှာသာ ရပ်တည်နိုင်မှုကြောင့် ၁၉၃၄-၃၅ ရာသီမှာ ဒုတိယတန်းကိုပြန်လည်ဆင်းသက် ခဲ့ရပေမယ့် အဆိုပါဒုတိယတန်းမှာ ဘောလုံး ရာသီ ရှစ်ရာသီသာကျင်လည်ခဲ့ရပြီးနောက် ဒုတိယကမ္ဘာစစ်အပြီး ဘောလုံးပွဲတွေ ပြန်လည်ကျင်းပတဲ့အခါ ၁၉၄၇-၄၈ ရာသီ ဒုတိယတန်းပြိုင်ပွဲမှာ ဒုတိယရမှုနဲ့အတူ ၁၉၄၈-၄၉ ရာသီမှာ ပထမတန်းကိုပြန်လည် တက်ရောက်နိုင်ခဲ့တာဖြစ်တယ်။
တစ်ကျော့ပြန်ချန်ပီယံများ
အထူးသဖြင့် နယူးကာဆယ်ဟာ ပထမ တန်းပြိုင်ပွဲကို ဒုတိယအကြိမ် ပြန်လည် တက်ရောက်နိုင်ခဲ့ရာမှာလည်း ဘောလုံးရာသီ ၁၃ ရာသီ ဆက်တိုက်ရပ်တည်နိုင်ခဲ့သလို အဆိုပါကာလတွေအတွင်း အက်ဖ်အေဖလား ကို သုံးကြိမ် ထပ်မံဆွတ်ခူးနိုင်ခဲ့တဲ့အထိ ခြေစွမ်းပြနိုင်ခဲ့တဲ့အသင်းလည်းဖြစ်တယ်။ ဒါ့အပြင် နယူးကာဆယ်ဟာ ၁၉၆ဝ-၆၁ ရာသီ ပထမတန်းပြိုင်ပွဲမှာ အဆင့် ၂၁ ရရှိမှုနဲ့အတူ ဒုတိယတန်းကို ပြန်လည်ဆင်းခဲ့ရသေးပေမယ့် လည်း ဒုတိယတန်းပြိုင်ပွဲမှာ ဘောလုံးရာသီ လေးရာသီသာကျင်လည်ခဲ့ရပြီး ဒုတိယတန်း ချန်ပီယံအဖြစ်နဲ့ ၁၉၆၅-၆၆ ရာသီမှာ ပထမတန်းကို ပြန်လည်တက်ရောက်နိုင်ခဲ့ကာ ဘောလုံးရာသီ ၁၃ ရာသီတိတိ ပထမတန်းမှာ တည်တည်ငြိမ်ငြိမ်နဲ့ ထပ်မံရပ်တည်နိုင်ခဲ့တာ ဖြစ်တယ်။ အထူးသဖြင့် နယူးကာဆယ်ဟာ ၁၉၇၈-၇၉ ရာသီမှာ ဒုတိယတန်းကို ပြန်လည် ဆင်းခဲ့ရပေမယ့်လည်း ဘောလုံးရာသီ ခြောက် ရာသီသာ ရုန်းကန်ခဲ့ရကာ ၁၉၈၄-၈၅ ရာသီ မှာ ပထမတန်းပြိုင်ပွဲကို ပြန်လည်တက်ရောက် လာနိုင်ခဲ့တာဖြစ်တယ်။
ပြောရမယ်ဆိုရင် နယူးကာဆယ်ဟာ ၁၉၈၄-၈၅ မှာပထမတန်းကို ပြန်လည် တက်ရောက်နိုင်ခဲ့ပြီးတဲ့အခါမှာလည်း ၁၉၈၈-၈၉ မှာ ဒုတိယတန်းကိုပြန်ဆင်းခဲ့ရပေမယ့် ၁၉၉၂-၉၃ ရာသီမှာ ပထမတန်းကိုပြန်လည် တန်းတက်နိုင်ခဲ့ကာ ချန်ပီယံဖြစ်တဲ့အထိ စွမ်းဆောင်နိုင်ခဲ့သလို ၁၉၉၃-၉၄ ရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို စတင်ထူထောင် ကျင်းပခဲ့ရာမှာလည်း နယူးကာဆယ်ဟာ တစ်သင်းအပါအဝင်ဖြစ်ခဲ့ပြီး ၂ဝဝ၈-၂ဝဝ၉ ရာသီအထိ ပရီးမီးယားလိဂ်မှာ ဆက်တိုက် ရပ်တည်နိုင်ခဲ့တဲ့အသင်းလည်း ဖြစ်တယ်။ အဆိုပါကာလအတွင်းမှာ နယူးကာဆယ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ဒုတိယနှစ်ကြိမ် ရတဲ့ အထိအောင်မြင်ခဲ့သလို အက်ဖ်အေ ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကိုလည်း နှစ်ကြိမ် တိုင်တိုင်တက်ရောက်နိုင်ခဲ့တဲ့အထိ စွမ်း ဆောင်နိုင်ခဲ့တာ တွေ့ရတယ်။
ဒါ့အပြင် နယူးကာဆယ်အနေနဲ့ ၂ဝဝ၉-၂ဝ၁ဝ မှာ လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဆင်းခဲ့ ရပေမယ့် အဆိုပါတစ်ရာသီသာ ရုန်းကန်ခဲ့ ရကာ ၂ဝ၁ဝ-၁၁ ကီဗင်ကီးဂန်းရဲ့ဦးဆောင်မှု နဲ့အတူ ပရီးမီးယားလိဂ်ကို ပြန်လည်တက် ရောက်နိုင်ခဲ့ပြီးနောက် ၂ဝ၁၅-၁၆ ရာသီအထိ ပရီးမီးယားလိဂ်မှာ ဆက်တိုက်ထပ်မံရပ်တည် နိုင်ခဲ့တာ ဖြစ်ပါတယ်။ နယူးကာဆယ်အနေနဲ့ အဆိုပါ ၂ဝ၁၅-၁၆ ရာသီမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲအတွင်း အဆင့် ၁၈ နေရာမှာ ရပ်တည် နိုင်ခဲ့လို့ ၂ဝ၁၆-၂ဝ၁၇ မှာ လိဂ်ချန်ပီယံရှစ်ကို ဆင်းခဲ့ရတာဖြစ်ပေမယ့်လည်း အဆိုပါ တစ်ရာသီအတွင်းမှာတင် ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်မှုနဲ့အတူ အခုလိုပရီးမီးယားလိဂ် ကို တစ်ကျော့ပြန်ရောက်ရှိလာခဲ့တာဖြစ်တယ်။
စောင့်ကြည့်ရမယ့်အသင်း
ပြောရမယ်ဆိုရင် နယူးကာဆယ်ဟာ တန်းတက်အသင်းတစ်သင်း ဖြစ်တယ် ဆိုပေမယ့် ပရီးမီးယားလိဂ်ရဲ့ အတွေ့အကြုံရင့် အသင်းတစ်သင်းဖြစ်သလို အစဉ်အလာ ကောင်းတွေ၊ မှတ်တမ်းကောင်းတွေ၊ အောင်မြင်မှုတွေနဲ့အတူ အင်္ဂလန်ရဲ့ ထိပ်တန်း အသင်းတစ်သင်းလို့တောင် ဆိုနိုင်တဲ့အသင်း ဖြစ်တယ်။ ဒါကြောင့်လည်း ဒီလိုအသင်း တစ်သင်း ပရီးမီးယားလိဂ်ကို ပြန်လည်ရောက် ရှိလာခြင်းဟာ အင်္ဂလန်ဘောလုံးလောက အတွက် ကောင်းမွန်တဲ့လက်ဆောင်တစ်ခု ဖြစ်ပြီး အဆိုပါအသင်းနဲ့အတူ ဘင်နီတက်ဇ်လို ထိပ်တန်းမန်နေဂျာတစ်ဦး ပရီးမီးယားလိဂ်ကို ပြန်လည်ရောက်ရှိလာခြင်းကလည်း အင်္ဂလန် ဘောလုံးလောကအဆင့်အတန်းကို ပိုမြင့်စေ တယ်လို့ဆိုနိုင်တယ်။ ဒါ့အပြင် နယူးကာဆယ် မှာ ဘင်နီတက်ဇ်လိုမန်နေဂျာအပြင် ရှယ်ဗေး၊ ကောဘတ်၊ ဆိုင်းမ်ဒီဂျောင်တို့လို ကစားသမား ကောင်းတွေလည်း ပါဝင်လာမှာဖြစ်တာ ကြောင့် နယူးကာဆယ်ဟာ တန်းတက်အသင်း တွေအနက် ပရီးမီးယားလိဂ်အတွေ့အကြုံ ပြည့်ဝမှုအရှိဆုံးနဲ့ တောင့်တင်းမှုအရှိဆုံး အသင်းလို့ပါဆိုနိုင်မှာဖြစ်တယ်။ ဒါ့အပြင် နယူးကာဆယ်ဟာ အခုလိုတန်းတက်ခွင့်ရရှိ ပြီးတဲ့နောက်ပိုင်းမှာလည်း ချက်ချင်းတန်းပြန် မဆင်းရဘဲ တည်တည်ငြိမ်ငြိမ်နဲ့ရပ်တည်နိုင် ခဲ့တဲ့ အစဉ်အလာကောင်းတွေလည်းရှိခဲ့တာ ဆိုတော့ လာမယ့်နှစ်မှာ ပရီးမီးယားလိဂ် ပြိုင်ပွဲအတွင်း နယူးကာဆယ်ကတော့ စောင့်ကြည့်ချင်စရာ အကောင်းဆုံးအသင်း ဖြစ်နေတယ်လို့တောင်ဆိုကြတာဖြစ်တယ်။
ဒါပေမယ့် လက်ရှိအချိန်အထိတော့ နယူးကာဆယ်ရဲ့ကစားသမား အားဖြည့်မှုက ထိရောက်မှုမရှိသေးဘူး။ မနှစ်က ရာသီမှာ ကတည်းက သူတို့ဆီမှာ အငှားလာကစားနေတဲ့ ချဲလ်ဆီးရဲ့ ဂါနာကွင်းလယ်ကစားသမား ခရစ္စတီယန်အက်ဆုတစ်ဦးတည်းကိုသာ အပြီး သတ်ခေါ်ယူထားနိုင်တယ်။ ဒါကြောင့် လက်ရှိ အချိန်အထိတော့ နယူးကာဆယ်ရဲ့ ကစား သမားအင်အားဟာ မနှစ်ကထက် ပိုမိုတောင့် တင်းလာပြီလို့တော့ ဆိုဖို့ခက်တယ်။ ဒါပေမယ့် နယူးကာဆယ်ဟာ ဆောက်သမ်တန်တိုက်စစ် မှူး ဂျေးရိုဒရီဂွေးဇ်အပါအဝင် ကစားသမား ကောင်းအချို့ကို ခေါ်ယူနိုင်ဖို့ကြိုးစားနေသလို အီဘားခံစစ်မှူး ဖလော်ရန်လီဂျန်ကိုလည်း ခေါ်ယူနိုင်ဖို့ကြိုးစားနေလို့ အဆိုပါကစား သမားတွေသာ နယူးကာဆယ်ကိုရောက်လာ ခဲ့မယ်ဆိုရင်တော့ လာမယ့်ရာသီမှာ နယူး ကာဆယ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း စောင့်ကြည့်ချင်စရာအကောင်းဆုံးအသင်း တစ်သင်းဖြစ်လာမှာက သေချာနေတယ်လို့သာ ဆိုချင်မိပါတယ်။
ရှိုင်းမင်းမင်း

No comments:

Post a Comment