Monday, July 31, 2017

မှန်မှန်ကန်ကန် ရဲရဲဝံ့ဝံ့ သုံးသပ်ဆုံးဖြတ်



''မှန်မှန်ကန်ကန် ရဲရဲဝံ့ဝံ့သုံးသပ်ဆုံးဖြတ်'' ဆိုသည်မှာ နိုင်ငံ့အကျိုးနှင့် ပြည်သူအကျိုးဆောင်ရွက်ရာ၌ ပြည်သူ့ကိုယ်စားလှယ်များ အားထုတ် လုပ်ကိုင်ရမည့် အလုပ်လမ်းညွှန်ချက်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ဇူလိုင်လ ၂၇ ရက်နေ့က ပြုလုပ်သော နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြောကြားခဲ့သော အမှာစကားဖြစ်သည်။
၂ဝ၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲယှဉ်ပြိုင်စဉ်ကာလက ပြည်သူလူထုက တစ်ခဲနက်ရွေးချယ်တင်မြှောက်ခဲ့သည့် အနိုင်ရပါတီသည် ''ပြောင်းလဲချိန်တန်ပြီ''ဟူသော ကြွေးကြော်သံဖြင့် ဝင်ရောက်ယှဉ် ပြိုင်ခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။ အဆိုပါ ပြောင်းလဲချိန်တန်ပြီမှာ ''စိတ်ဓာတ်ပြောင်းလဲ''ဖို့ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မှန်ပါသည်။ လူတိုင်း၊ လူတိုင်း စိတ်ဓာတ်မပြောင်းလဲလျှင် မည်သည့်အရာကိုမျှ ထိထိ ရောက်ရောက်ပြောင်းလဲနိုင်မည်မဟုတ်ချေ။
ပြည်သူပြည်သားများ စိတ်ဓာတ်များပြောင်းလဲစေချင်သည်ဆိုလျှင် ပထမဦးစွာ အစိုးရကိုယ်တိုင်က စတင်ပြောင်းလဲဖို့လိုသည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အသိပေးထားသည်။ အစိုးရဟုဆိုရာ၌ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ပေးလိုက်သည့် ခေါင်းဆောင် များပါဝင်သလို နိုင်ငံ့ဝန်ထမ်းများလည်း ပါဝင်သည်။ အစိုးရဆိုသည်မှာ နှစ်တိုကာလဆောင်ရွက်ကြသူများဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများမှာ နှစ်ပေါင်း များစွာ အမြစ်တွယ်လုပ်ကိုင်လာခဲ့ကြသူများဖြစ်သည်။ နှစ်ပေါင်းများစွာ မပြောင်းမလဲဘဲ နေမြဲ၊ စားမြဲ၊ လုပ်မြဲ၊ ကိုင်မြဲဖြစ်နေ၍ ပထမဦးစားပေး ပြောင်းလဲကြရန်လိုအပ်ပေသည်။
ပြည်သူ့အစိုးရဆိုသည်မှာ ဝန်ထမ်းများအားလုံးပါဝင်သည့် အစိုးရ ဖြစ်ပြီး ပြည်သူများ၏ သုံးသပ်ဝေဖန်မှုများကို မှန်မှန်ကန်ကန် သတ္တိရှိရှိ ရင်ဆိုင်နိုင်ရမည်ဖြစ်သည်။ ပြည်သူများ၏ ထင်မြင်ယူဆချက်များကို အလေးထားရမည်ဖြစ်သည်။ နိုင်ငံအတွက် ပြည်သူပြည်သားများနှင့် လက်တွဲပြီး တိုးတက်သည်ထက် တိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်သည်။ အားသာချက်၊ အားနည်းချက်များ ရှိမည်ဖြစ် သော်လည်း နိုင်ငံအတွက် မိမိတို့အရည်အချင်းများကို အစွမ်းကုန်ထုတ်သုံး ကြရမည်ဖြစ်သည်။ လေ့ကျင့်ပျိုးထောင်ကြရမည်ဖြစ်သည်။
ပြည်သူများထံမှ အမျိုးမျိုးမဲဆွယ်စည်းရုံးခဲ့ပြီး အစိုးရဖြစ်သောအခါ ပြည်သူများ၏ဆန္ဒကို လျစ်လျူရှုခြင်းသည် အစိုးရကောင်းများ၏ အလုပ်မဟုတ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ လမ်းကြောင်းကိုထုတ်ပြန်ရာတွင် အများအကြိုက်ကိုလိုက်၍ မဖြစ်နိုင်ဘဲ အများအကြိုက်သည် မှန်သည်၊ မမှန်သည်ဆိုခြင်းကို မိမိတို့ မှန်မှန်ကန်ကန် သုံးသပ်နိုင်ရမည်ဖြစ်ကြောင်း၊ သုံးသပ်ချက်အပေါ် ရဲရဲဝံ့ဝံ့ဆုံးဖြတ်နိုင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပွင့်ပွင့်လင်းလင်းပြောကြားထားသည်။
ပြောင်းလဲချိန်တန်ပြီဆိုသည်မှာ အစိုးရတွင်ပါဝင်သည့် ဝန်ထမ်းများက စတင်ပြောင်းလဲကြပြီး ပြည်သူလူထု၏ယုံကြည်မှုကို တည်ဆောက်နိုင်ရ မည်ဖြစ်သည်။ ပြည်သူလူထုက အစိုးရအပေါ် ယုံကြည်လျှင် နိုင်ငံ့ပုံရိပ် ကောင်းမွန်လာပြီး နိုင်ငံနှင့်ပြည်သူအတွက် ဂုဏ်ယူဖွယ်ရာဖြစ်သည်။ ဒီမိုကရေစီစနစ်သည် အများအကြိုက်၊ အများဆန္ဒကို အလေးထား ဆောင်ရွက်ရသောစနစ်ဖြစ်သော်လည်း အများအကြိုက်မှာ မှန်၏၊ မမှန်၏ မှန်မှန်ကန်ကန် သုံးသပ်ဆုံးဖြတ်နိုင်သော အရည်အချင်းများနှင့် ပြည့်စုံ အောင် အားထုတ်ကြရမည်ဖြစ်သည်။ ဒီမိုကရေစီစနစ်သည် အများဆန္ဒ ဖြစ်သည်ဆိုတိုင်း မှန်ကန်စွာ သုံးသပ်ဆုံးဖြတ်နိုင်ခြင်းမရှိလျှင် အမှားများနှင့် ရင်ဆိုင်ကြုံတွေ့နိုင်သည်ကို သတိမူရမည်ဖြစ်သည်။
မျက်မှောက်ကာလ စစ်မှန်သောဒီမိုကရေစီနိုင်ငံကို တည်ထောင်နေ သောအချိန်ကာလတွင် စိန်ခေါ်မှုများစွာတို့ကို ရင်ဆိုင်ကြုံတွေ့နေရပြီး အများနှင့် သက်ဆိုင်သည့်ကိစ္စရပ်များ ကြုံတွေ့လာတိုင်း မှန်မှန်ကန်ကန် သုံးသပ်ကာ ရဲရဲဝံ့ဝံ့ဆုံးဖြတ်လုပ်ကိုင် ဆောင်ရွက်နိုင်ခြင်းဖြင့် မှန်ကန်သော လမ်းကြောင်းပေါ်သို့ တူရူတက်လှမ်းနိုင်အောင် ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်သည်။ ထို့ကြောင့် ပြည်သူ့ဝန်ကို ထမ်းဆောင်ကြရာတွင် ဝေဖန်သုံးသပ်မှု များကို ခံနိုင်ရည်ရှိရမည်ဖြစ်သလို မှန်မှန်ကန်ကန်သုံးသပ်ဆုံးဖြတ် လုပ်ကိုင် နိုင်စွမ်းများလည်းရှိအောင် ကြိုးပမ်းအားထုတ်ရမည်ဖြစ်ပါကြောင်း။

No comments:

Post a Comment