Friday, July 28, 2017

ဝန်ထမ်းများအတွက် ပြည်သူကဂုဏ်ယူနိုင်ပြီဆိုလျှင် နိုင်ငံအတွက်လည်း ဂုဏ်ယူနိုင်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Image may contain: one or more people

နေပြည်တော် ဇူလိုင် ၂၇
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ချီးမြှင့်သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒေါက်တာမြင့်ထွေးနှင့် ဒေါက်တာဝင်းမြတ်အေး၊ အမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ ဒုတိယဝန်ကြီး ဦးမင်းသူနှင့် ဦးကျော်တင်၊ òန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထား သည့်ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ တော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် ခင်းကျင်းပြသထား သည့် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုသည်။
အဂတိလိုက်စားမှုကင်းရှင်း
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အတိုင်ပင်ခံရုံးဝန်ကြီးဌာန ထူထောင်ရသည့်အကြောင်းရင်းမှာ ရွေးကောက်ပွဲမတိုင်မီ ပြည်သူများထံ တင်ပြခဲ့ သည့်မူဝါဒများကို အကောင်အထည်ဖော်ရန် အဓိကဖြစ်ပါကြောင်း၊ မိမိအနေဖြင့် နိုင်ငံကို အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ဦးထိပ်ထားပြီး ပြည်သူများ၏ ဘဝတိုးတက်အောင် ကြိုးစားဆောင်ရွက်မည်ဟု တင်ပြခဲ့ပါကြောင်း။ ယင်းတင်ပြချက်များကို အကောင်အထည်ဖော်ရန် အဓိကတာဝန်မှာ အတိုင်ပင်ခံရုံး ဝန်ကြီးဌာနဖြစ်ပါကြောင်း၊ ထို့ပြင် အဂတိလိုက်စားမှုကင်းရှင်းမှုသည်လည်း အရေးကြီး သည့် ရည်ရွယ်ချက်တစ်ခုဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ''ကျွန်မတို့ လုပ်နိုင်မှသာ ကျွန်မတို့ရဲ့ ပြည်သူလူထုဟာ နိုင်ငံတော်အစိုးရအပေါ်မှာ ယုံကြည်မှုရှိမှာပါ။ နိုင်ငံတော် အစိုးရနဲ့ ပြည်သူလူထုကြားမှာ ယုံကြည်မှုမရှိရင် နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့ဆိုတာ အင်မတန်မှ ခက်ခဲပါတယ်။ ဒါကြောင့် အတိုင်ပင်ခံရုံးဝန်ကြီးဌာနဟာ ပြည်သူ ပြည်သား တွေနဲ့ အစိုးရကြားမှာ ယုံကြည်မှုရှိအောင် တည်ဆောက်တဲ့နေရာမှာ အဓိကကျတဲ့ ဝန်ကြီးဌာနဖြစ်တယ်လို့ ပြောရင်လည်း မမှားပါဘူး။
ပြောင်းလဲဖို့လို
''ကျွန်မတို့ ရွေးကောက်ပွဲဝင်တဲ့အခါတုန်းက ပြောင်းလဲချိန်တန်ပြီဆိုပြီးတော့ ဝင်ခဲ့ပါတယ်။ အဲဒီလို ဆောင်ပုဒ်နဲ့ဝင်ခဲ့တော့ ပြောင်းလဲချိန်တန်ပြီဆိုသည်မှာ ပြောင်းလဲ ဖို့အဓိကက စိတ်ဓာတ်ပြောင်းလဲဖို့ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ ဒီမိုကရေစီလှုပ်ရှားမှုကို စတင်ကတည်းက တချို့က ဒီမိုကရေစီတော်လှန်ရေးလို့ ပြောကြတယ်။ ကျွန်မတို့ တော်လှန်ရေးဟာ အကြမ်းဖက်တဲ့တော်လှန်ရေးမျိုး မဟုတ်ပါဘူး။ အဓိကကတော့ စိတ်ဓာတ်ပြောင်းလဲရေးပဲဖြစ်တယ်။ စိတ်ဓာတ်ကို မပြောင်းလဲဘဲနဲ့တော့ ဘာကိုမှ တကယ်ထိထိရောက်ရောက် ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ ကျွန်မတို့ စိတ်ဓာတ် ပြောင်းလဲဖို့ဆိုတာက ပြည်သူ ပြည်သားတွေ၊ နိုင်ငံသူ နိုင်ငံသားတွေ စိတ်ဓာတ် ပြောင်းလဲစေချင်တယ်ဆိုရင် ပထမဦးဆုံး အစိုးရဘက်ကနေပြီး စပြီးပြောင်းလဲဖို့ လိုပါတယ်။ အစိုးရဆိုတာဟာ ပြည်သူလူထုကနေ ရွေးချယ်တင်မြှောက်လိုက်တဲ့ ခေါင်းဆောင်တွေရှိသလို၊ နိုင်ငံ့ဝန်ထမ်းတွေလည်း ပါဝင်ပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေနဲ့ ပြည်သူလူထုတွေက ရွေးချယ်တင်မြှောက်လိုက်တဲ့ ခေါင်းဆောင်တွေ ပူးပေါင်းပြီးတော့မှ အစိုးရထူထောင်နိုင်မှာပါ''ဟု ပြောကြားသည်။
ဆက်လက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောင်းလဲမှုဆိုတာက ဝန်ထမ်း များကစပြီး ပြောင်းလဲရန် လိုအပ်ပါကြောင်း၊ နှစ်ပေါင်းများစွာလုပ်ခဲ့သည့်အတိုင်း ဆက်ပြီးလုပ်ရန် မဖြစ်ပါကြောင်း၊ အမှန်တကယ်ပြောင်းလဲလိုပါက ပြောင်းလဲနိုင်ပါ ကြောင်း၊ စိတ်ဓာတ်ပြောင်းလဲခြင်းဆိုသည်မှာ လုပ်ချင်ပါက အမြန်ဆုံးဖြစ်ပြီး မလုပ်ချင် ပါက အခက်ဆုံးဖြစ်ပါကြောင်း။ နောက်ဆုံး မိမိဘယ်လောက်ဆန္ဒရှိသလဲ ဆိုသည့် အပေါ်တွင် မူတည်ပါကြောင်း ပြောကြားသည်။
ရောင်ပြန်ဟပ်နိုင်
ဆက်လက်၍ ''ကျွန်မတို့ အတိုင်ပင်ခံရုံးဝန်ကြီးဌာနကို စပြီးတော့ ထူထောင် ခဲ့တာက ဘယ်လိုစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ ကျွန်မတို့စဉ်းစားပြီးတော့မှ ဒီဌာနကို တည်ထောင်ခဲ့တာပါ။ ဒါပေမယ့်လည်း နိုင်ငံရဲ့ မူဝါဒအရ၊ လောကရဲ့ သဘော ထားအရ မမျှော်မှန်းထားတဲ့စိန်ခေါ်မှုတွေလည်း ပေါ်လာတတ်ပါတယ်။ တကယ်ကို အလုပ်ပီပြင်တဲ့ တာဝန်ကျေပွန်စွာထမ်းဆောင်တဲ့ အရည်အချင်းရှိတဲ့ ဌာနများမှာ မမျှော်မှန်းနိုင်တဲ့ စိန်ခေါ်မှုတွေ ပြဿနာတွေပေါ်လာရင် ကိုင်တွယ်နိုင်ရမှာ ဖြစ်ပါတယ်။ မျှော်မှန်းထားတဲ့ ပြဿနာတွေ၊ စိန်ခေါ်မှုတွေကိုပဲ ကိုင်တွယ်နိုင်ရင်တော့ ဒါက ပြီးပြည့်စုံ တဲ့ အရည်အချင်းမဟုတ်ဘူးလို့ ပြောရမှာပဲ။ တစ်စိတ်တစ်ပိုင်းပဲ ပြည့်စုံတယ်လို့ ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရဲ့အလုပ်ချိန်နဲ့ ပတ်သက်လို့ တာဝန်ချိန်နဲ့ တာဝန်ထမ်းဆောင်မှုနဲ့ ပတ်သက်လို့ အားလုံးကို မျှော်မှန်းနိုင်ဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့က က္ဘာကြီးထဲက နိုင်ငံတစ်နိုင်ငံ ဖြစ်နေလို့ပါပဲ။ ကိုယ်နဲ့ ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ကိစ္စတွေ ကိုယ့်ရဲ့ အင်မတန်မှဝေးတဲ့ ဝေးလံတဲ့နေရာတွေမှာ ဖြစ်နေတဲ့ကိစ္စတွေတိုင်းဟာ ကိုယ့်နိုင်ငံအပေါ်မှာ ရောင်ပြန်ဟပ် နိုင်ပါတယ်။
''ဒါကြောင့် ဝန်ကြီးဌာနအသီးသီး၊ အစိုးရဌာနအသီးသီးဟာ ဖြစ်ပေါ်လာမယ့် ပြဿနာကို ကိုင်တွယ်နိုင်မယ့် အရည်အချင်း အင်မတန်မှ လိုအပ်ပါတယ်။ ဒါကိုလည်း ကျွန်မတို့ အလေးထားပြီးတော့ အတိုင်ပင်ခံဝန်ကြီးရုံးကို စပြီးတော့ ထူထောင်တဲ့ အခါမှာ ကျွန်မတို့ မျှော်မှန်းထားတာရော၊ မမျှော်မှန်းထားတာရော ဘယ်လို ကျွန်မတို့ တွေ့ရမယ့် ပြဿနာတွေကို ရင်ဆိုင်ကျော်လွှားမယ်ဆိုတာကိုလည်း စဉ်းစားပြီးတော့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်''ဟု ပြောကြားသည်။
ရဲရဲဝံ့ဝံ့ဆုံးဖြတ်နိုင်
ဆက်လက်၍ ပြည်သူ့အစိုးရဆိုသည်မှာ သုံးသပ်ဝေဖန်မှုကို မှန်မှန်ကန်ကန် သတ္တိရှိရှိနှင့် ရင်ဆိုင်ရန်ဖြစ်ပါကြောင်း၊ ပြည်သူက ရွေးချယ်တင်မြှောက်လိုက်သည့် အစိုးရကို ပြည်သူကဝေဖန်ခြင်းကို မှန်မှန်ကန်ကန် ရင်ဆိုင်နိုင်ရမည်ဆိုသည်မှာ ပထမဦးဆုံး သုံးသပ်နိုင်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူများ၏ အထင်အမြင်၊ အယူအဆ များကို လေးစားရမည်ဖြစ်ပါကြောင်း၊ ပြည်သူများထံမှ မဲဆွယ် အမျိုးမျိုးစည်းရုံး ခဲ့ပြီး အစိုးရဖြစ်သည့်အခါ ပြည်သူများ၏ဆန္ဒကို လျစ်လျူရှုခြင်းသည် အစိုးရကောင်း များ၏ အလုပ်မဟုတ်ပါကြောင်း၊ အဆိုရှိသည့်အတိုင်း အားလုံးကို တစ်ခဏ လွှဲပြောင်း ထား၍ရနိုင်ပြီး တချို့ကို ထာဝရလှည့်စားထား၍ရနိုင်သော်လည်း အားလုံးကိုတော့ ထာဝရလှည့်ဖြား၍ မရနိုင်ဘူးဆိုသည့်အဆိုကို မိမိတို့ ပို၍ကျယ်ကျယ်ပြန့်ပြန့် စဉ်းစား နိုင်မည်ဆိုပါက ပြည်သူ၊ ပြည်သား၊ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးသည် တစ်ခဏ မှန်ကန်မှုဖြစ်နိုင်ပြီး အချို့သည် ထာဝရမှန်ခြင်းလည်း ဖြစ်နိုင်ကြောင်း၊ သို့သော် အားလုံးသည် ထာဝရမှန်ကန်ခြင်း မဖြစ်နိုင်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၏ လမ်းကြောင်းကို ထုတ်ပြန်ရာတွင် အများအကြိုက်ကို လိုက်၍မဖြစ်နိုင်ဘဲ အများ အကြိုက်သည် မှန်သည်၊ မမှန်သည်ဆိုခြင်းကို မိမိတို့ မှန်မှန်ကန်ကန် သုံးသပ်နိုင်ရမည် ဖြစ်ပါကြောင်း၊ သုံးသပ်ချက်အပေါ် ရဲရဲဝံ့ဝံ့ဆုံးဖြတ်နိုင်ရမည်ဖြစ်ပါကြောင်း။
နိုင်ငံအတွက်အသုံးချ
မိမိတို့ အစိုးရအတွက်၊ နိုင်ငံအတွက် မျှော်မှန်းချက် မှန်မှန်ကန်ကန်ဖြင့် ပြည်သူ ပြည်သားများနှင့် လက်တွဲပြီး တိုးတက်အောင် အားလုံးဝိုင်းဝန်းဆောင်ရွက်ရမည် ဖြစ် ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အစိုးရအနေဖြင့် စံပြဖြစ်စေရန် လုပ်ဆောင်ရ မည်ဖြစ်ပါကြောင်း၊ အားလုံးတွင် အားနည်းချက် အားသာချက်များ ရှိနိုင်ပါကြောင်း၊ သို့သော်လည်း နိုင်ငံအကျိုးအတွက် မိမိတွင်ရှိသည့် အရည်အချင်းနှင့် အစွမ်းအစ အားလုံးကိုထုတ်ပြီး သုံးနိုင်သည့်အရည်အချင်းဖြစ်ရန် လုပ်ဆောင်ကြရမည်ဖြစ်ပါ ကြောင်း၊ ယင်းအတွက် လေ့ကျင့်ယူကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ လေ့ကျင့်သည့် အတွက် အရည်အချင်းများ တိုးတက်လာမည်ဖြစ်ပါကြောင်း၊ အဆိုပါ အရည်အချင်း များကို မိမိအတွက်မစဉ်းစားဘဲ နိုင်ငံအတွက် အသုံးချနိုင်ရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်း များသိက္ခာရှိပြီဆိုလျှင် နိုင်ငံသိက္ခာရှိပါကြောင်း၊ ဝန်ထမ်းများအတွက် ပြည်သူလူထုက ဂုဏ်ယူနိုင်ပြီဆိုလျှင် နိုင်ငံအတွက်လည်း ဂုဏ်ယူနိုင်ပါကြောင်း ပြောကြားသည်။
အတိုင်ပင်ခံရုံးကဦးဆောင်
ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ''ငြိမ်းချမ်းရေးရအောင် လုပ်ဖို့ ဆိုတာလည်း ကျွန်မတို့ အတိုင်ပင်ခံရုံးရဲ့ အဓိကရည်ရွယ်ချက်ပဲဖြစ်ပါတယ်။ အဲ့ဒီတော့ စောစောက ပြောသွားတဲ့အတိုင်း ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ တရား ဥပဒေစိုးမိုးရေး၊ ပြည်သူတွေရဲ့ဘဝတိုးတက်ရေး၊ စီးပွားရေးတိုးတက်ရေး အဲဒါတွေကို ဦးတည်ပြီးတော့ ကြိုးစားနေတဲ့အခါမှာ အတိုင်ပင်ခံရုံးကနေပြီးတော့ ဦးဆောင်ပြီးတော့ လုပ်ပေးရမယ်လို့ ကျွန်မတို့ ဒီလိုပဲခံယူထားပါတယ်။
မျှော်မှန်းချက်ကို ဖြည့်ဆည်း
''အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှာ အလုပ်လုပ်ရတဲ့ ဝန်ထမ်းများလည်း ဒီလိုအခွင့် အရေးရတာကို ဂုဏ်ယူစေချင်ပါတယ်။ ဝမ်းသာစေချင်ပါတယ်။ ဒီအခွင့်အရေးကို ယူပြီးတော့ တတ်နိုင်သမျှ ကိုယ့်အရည်အချင်းတွေ မြင့်မားလာအောင်လို့ ကြိုးစား စေချင်ပါတယ်။ အဲ့ဒီလို ကြိုးစားမယ်ဆိုရင် အရေးကြီးတာကတော့ ကျွန်မတို့ရဲ့ မျှော်မှန်း ချက်တွေသာမက ပြည်သူလူထုရဲ့ မျှော်မှန်းချက်ကို ဖြည့်ဆည်းပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့နိုင်ငံ အေးချမ်းဖို့အတွက်၊ ကြည်လင်ဖို့အတွက်၊ ချမ်းသာဖို့အတွက် ဝိုင်းဝန်းပြီးတော့ ကြိုးစားပေးကြပါလို့ ကျွန်မ ဒီနေရာကနေ မေတ္တာရပ်ခံချင်ပါတယ်''ဟု ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော် တင့်ဆွေက နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ တစ်နှစ်တာဆောင်ရွက်ချက် အကျဉ်းချုပ်ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ တစ်နှစ်တာအတွင်း ငြိမ်းချမ်း ရေးဆိုင်ရာ ဆောင်ရွက်ချက်များကိုVideo Clip ဖွင့်လှစ်ပြသသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဌာန ဝန်ထမ်းမိသားစုဝင်များ၏ KG တန်း၊ အခြေခံပညာမူလတန်းနှင့် အခြေခံပညာ အလယ်တန်းတို့တွင် ပညာသင်ယူနေကြသူများအတွက် ပညာသင်စရိတ်နှင့် စာရေး ကိရိယာများ ထောက်ပံ့ပေးအပ်သည်။
ထောက်ပံ့ပေးအပ်
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက နိုင်ငံတော်အတိုင်ပင်ခံရုံး မိသားစုဝင်များ၏ အခြေခံပညာအထက်တန်းနှင့် တက္ကသိုလ်များတွင် ပညာသင်ကြား နေကြသည့် ကျောင်းသား ကျောင်းသူများအတွက် ပညာသင်စရိတ်နှင့် စာရေးကိရိယာ များ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက အခမ်းအနားသို့ တက်ရောက် လာကြသူများအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
(သတင်းစဉ်)

No comments:

Post a Comment