Friday, July 28, 2017

စီးပွားရေးတစ်ခေတ်ဆန်းမြှင့်တင်




မြန်မာပြည်တွင် မြေသယံဇာတများလည်းပေါများပါ၏။ စိုက်ပျိုးသီးနှံနှင့် တွင်းထွက်သဘာဝပစ္စည်းများလည်း အလျှံပယ်ပေါများကြွယ်ဝလှပါ၏။ အတတ်ပညာရှင်များနှင့် လုပ်သားအင်အားလည်း အလုံအလောက်ရှိပါ ၏။ တစ်ချိန်သောအခါက မြေကြီးမှ ရွှေသီး၊ လက်ဖျားမှာ ငွေသီးဟု ဆိုခဲ့ကြ၏။ စိုက်ပျိုးရေးကို အဓိကအားထားသော နိုင်ငံအဖို့ စိုက်ရေး၊ ပျိုးရေး၊ ရောင်းရေး၊ ဝယ်ရေးကောင်းသောကြောင့် တောင်သူများ ရွှေတွဲလွဲ၊ ငွေတွဲလွဲ၊ အလှူအတန်းပွဲများဖြင့် ရာသီအခါကာလအလိုက် တပျော်တပါး ဆင်နွှဲခဲ့ကြ၏။
မျက်မှောက်ကာလတွင် မြေကြီးက ရွှေသီးပါသော်လည်း တောင်သူများလက်ဝယ်တွင် ငွေမသီးနိုင်ကြတော့။ တစ်ရာသီကြွေးကိုပင် ပြေကျေအောင်ပြန်လည်မဆပ်နိုင်ကြတော့။ အဓိကအကြောင်း အရင်းမှာ စိုက်ပျိုးစရိတ်ကြီးမြင့်ခြင်းနှင့် ရောင်းကုန်တန်ဖိုးကျဆင်းခြင်း ဖြစ်၏။ ထိုအထဲတွင် ''မြွေပူရာ ကင်းမှောင့်''ဆိုသကဲ့သို့ မိုးကြီး၊ ရေလျှံ၊ ပိုးကျ၊ မိုးခေါင် စသည့် သဘာဝဖောက်ပြန်မှုများကြောင့် တောင်သူများဘဝမှာ နစ်သထက်နစ်လာခဲ့ကြ၏။
ကျေးလက်ဒေသ လယ်ယာလုပ်ငန်းများတွင် ထိုသို့မကောင်းသော အခြေအနေများကြောင့် လယ်ယာလုပ်ငန်းများကိုစွန့်ခွာကာ ရေကြည် ရာ မြက်နုရာလုပ်ငန်းများကို ရှာဖွေကြ၏။ ရွှေ့ပြောင်းလုပ်သားများ ဖြစ်လာကြ၏။ ငွေပင်ငွေရင်းများပျောက်ဆုံးပြီး တစ်နယ်တစ်ကျေးတွင် ဒုက္ခဆင်းရဲရောက်ကြသူများရှိလာ၏။ ကျေးလက်တွင် လယ်ယာလုပ်သားရှားပါးလာ၏။ ထိုသို့ကျေးလက်လူမှုစီးပွားဘဝ တစ်စတစ်စ ကျဆင်းလာပုံများကို သတင်းစာမျက်နှာများတွင် မမြင်ချင်အဆုံး၊ မကြားချင်အဆုံး ကြားသိနေရ၏။
နိုင်ငံ၏လူဦးရေတွင် ကျေးလက်ဒေသတွင် နေထိုင်ကြသူများမှာ အများဆုံးဖြစ်၏။ ကျေးလက်ဒေသနေပြည်သူများ လူမှုစီးပွားဘဝ ပြန်လည်ဖွံ့ဖြိုးလာရန်အတွက် တစ်ခေတ်ဆန်းသစ်သော စီးပွားရေးမြှင့်တင် မှုကို ဝိုင်းဝန်းကြိုးပမ်းဖော်ဆောင်ပေးကြရမည်ဖြစ်သည်။ ယခုအခါ ထိုင်းနိုင်ငံတွင် လူဦးရေသိန်းချီသော မြန်မာရွှေ့ပြောင်းလုပ်သားများ အနက် တရားမဝင်အလုပ်လုပ်ကိုင်နေကြသော ကျေးလက်ဒေသများမှ မြန်မာလုပ်သားများ တဖွဲဖွဲပြန်လာကြသည်ကို မြင်တွေ့နေရ၏။
ကိုယ့်အရပ် ကိုယ့်ဒေသရောက်လျှင် သူတို့ဘာတွေလုပ်ကိုင်ကြ မည်နည်း။ အလုပ်အကိုင်မရှိလျှင် လေလွင့်ကာ မကောင်းသောနယ်ပယ် သို့ ရောက်ရှိသွားနိုင်သည်ကို သတိပြုမိ၏။ ၄င်းတို့အား အလုပ်အကိုင်များ အမြန်ဆုံးရှာဖွေပေးနိုင်အောင် စီမံကိန်းများ မြန်မြန်အကောင်အထည်ပေါ်လာနိုင်အောင် တိုက်တွန်းပါ၏။ နိုင်ငံရပ်ခြားတွင် မြန်မာနိုင်ငံထက် ဝင်ငွေပိုမိုရရှိသဖြင့် စွန့်စားလုပ်ကိုင်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် နိုင်ငံရပ်ခြားလောက် ဝင်ငွေမကောင်းသော်လည်း အလုပ်အကိုင် များအလွယ်တကူရရှိနိုင်ရေးကို ဖန်တီးပေးကြရမည်ဖြစ်၏။
အခြားလုပ်ငန်းများကို ဦးစားပေးလုပ်ကိုင်နေချိန်တွင် ကျေးလက် ဒေသ အလုပ်အကိုင်ရရှိရေးကိုလည်း ငဲ့စောင်းကြည့်သင့်၏။ ပြည်သူအများစုဖြစ်သည့် ကျေးလက်ပြည်သူများ ပျော်ရွှင်ချမ်းမြေ့ကြမည်ဆိုလျှင် ဝမ်းမြောက်ပီတိဖြစ်ရမည်ဖြစ်၏။ ကျေးလက်ဒေသ လူမှုဘဝမြင့်မား တိုးတက်ရေးသံစဉ်မှာ အချိန်ကာလကြာမြင့်ခဲ့သည့် ခေတ်ဟောင်းတေး ဖြစ်ခဲ့၏။ ကျေးလက်ဒေသစီမံကိန်းများကို အကောင်အထည်ဖော်ခဲ့ သော်လည်း တစ်ရေးအိပ်သလို ဖြစ်နေ၏။
ယနေ့ကဲ့သို့ နိုင်ငံကိုစိန်ခေါ်မှုများစွာကြားမှ တည်ဆောက်နေသောအချိန်အခါတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးမှာ မှေးမှိန်မနေဘဲ သက်ဆိုင်ရာတို့က အားကြိုးမာန်တက်၊ နိုးကြားတက်ကြွစွာ အားထုတ် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်၏။ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် စိုက်ပျိုးစရိတ်မြင့်မားမှုကို မပြောသာသော်လည်း ခေတ်မီနည်းစနစ်ဖြင့် အထွက်တိုးရေးနှင့် အရည်အသွေးမြင့်မားရေး၊ လယ်ယာထွက်ကုန်များ ဈေးကွက်ဝင်ရေးနှင့် လွယ်ကူချောမွေ့စွာ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးတို့ ကို အားပေးကူညီဆောင်ရွက်ပေးရန် လိုအပ်သည်ဟု အကြံပြုလိုပါ၏။
လယ်ယာစီးပွားဖွံ့ဖြိုးမှ လူမှုဘဝမြင့်မားလာပြီး အများပြည်သူစိတ်နှလုံး ချမ်းသာ ဝမ်းသာနိုင်မည် ဖြစ်ပါသည်။

No comments:

Post a Comment