Monday, July 3, 2017

နယ်လှည့်ဖျော်ဖြေပွဲတွေဟာ ကျွန်မနဲ့မကိုက်ညီပါဘူး

Image may contain: 1 person, standing and text
ဗြိတိန်ရဲ့ နာမည်ကျော်ပေါ့ပ်ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ အဒဲလ်က မကြာသေးမီက ကျင်းပခဲ့တဲ့ သူ့ရဲ့နယ်လှည့် ဖျော်ဖြေရေးပွဲမှာ သူ့အနေနဲ့ နယ်လှည့်ဖျော်ဖြေပွဲတွေ ထပ်မံပြုလုပ်ဖို့ရာမသေချာကြောင်းနဲ့ ယခုဖျော်ဖြေပွဲဟာ နောက်ဆုံးသောဖျော်ဖြေပွဲလည်းဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အဒဲလ်က ပရိသတ်တွေအတွက် ရည်ရွယ်ရေးသားဖော်ပြခဲ့တဲ့စာမှာလည်း နယ်လှည့်ဖျော်ဖြေပွဲတွေဟာ သူနဲ့ကိုက်ညီမှုမရှိကြောင်း ရင်ဖွင့်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်မှာ အဒဲလ်က လက်ရေးစာမူစာတစ်စောင်ကို ရေးသားကာ ယင်းစာကို ဖျော်ဖြေပွဲအတွင်း ထုတ်ဖော်ပြသခဲ့ပြီး နောက်ပိုင်းမှာ သူ့ရဲ့လူမှုကွန်ရက်မီဒီယာတစ်ခုဖြစ်တဲ့ အင်တာဂရမ်စာမျက်နှာပေါ်မှာလည်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အဲဒီစာမှာ အဒဲလ်က သူ့ရဲ့နယ်လှည့်ဖျော်ဖြေပွဲတွေဟာ သာမန်အားဖြင့် ကောင်းမွန်စွာပြီးဆုံးသွားခဲ့တယ်ဆိုပေမယ့် ဒီလိုဖျော်ဖြေပွဲတွေဟာ သူ့ရဲ့ဓလေ့စရိုက်၊ အကြိုက်နဲ့တော့ ကိုက်ညီမှုမရှိကြောင်း စာမှာထည့်သွင်းရေးသားဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။
လတ်တလောမှာ အသက် (၂၉)နှစ်အရွယ်ရှိပြီဖြစ်တဲ့ သားလေးတစ်ဦးရဲ့ မိခင်ဖြစ်တဲ့ အဒဲလ်က သူ့ရဲ့ဘဝမှာ လတ်တလောအချိန်အထိ ဖျော်ဖြေပွဲပေါင်း ၁၁၉ ပွဲကျင်းပခဲ့ပြီးဖြစ်ကာ နောက်ထပ်ဖျော်ဖြေပွဲ လေးပွဲကျန်နေသေးတာကြောင့် ယင်းပွဲတွေအပြီးမှာတော့ ၁၂၃ ပွဲ ဖြစ်လာမှာဖြစ်ပါတယ်။ သူဟာ ဖျော်ဖြေပွဲတွေကို အားပေးတဲ့ပရိသတ်အတွက် ပြုလုပ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ပင်ကိုစရိုက်ကတော့ အိမ်မှာနေရတာကိုသာ ကြိုက်နှစ်သက်တာဖြစ်ကြောင်းလည်း အဒဲလ်က သူ့ရဲ့စာမှာ ရေးသားဖော်ပြခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် အဒဲလ်ဟာ ယခင်က ခွဲစိတ်မှုခံယူထားရတဲ့ အသံအိုး ပြန်လည်ထိခိုက်ခဲ့တဲ့အတွက် ဆရာဝန်ရဲ့ တွန်းအားပေးမှုကြောင့် သူ့ရဲ့ကျန်ရှိနေသေးတဲ့ဖျော်ဖြေပွဲတွေအနက် နှစ်ပွဲကို ဖျက်သိမ်းကြောင်း လတ်တလောမှာ ထုတ်ပြန်ကြေညာခဲ့ပြီး ဒီလိုဖျက်သိမ်းခဲ့တဲ့အတွက်လည်း ပရိသတ်တွေကို အဒဲလ်က တောင်းပန်စကားဆိုခဲ့ကြောင်းလည်း သိရပါတယ်။
အေးပြည့်

No comments:

Post a Comment