Saturday, July 29, 2017

ရာသီတုပ်ကွေးရောဂါနှင့်ပတ်သက်ပြီး ပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း အရေးကြီးအဆိုကို လွှတ်တော်က ဆွေးနွေးရန်ဆုံးဖြတ်






 နေပြည်တော် ဇူလိုင် ၂၈






ရာသီတုပ်ကွေးရောဂါ(H1N1) pdm 2009 နှင့်ပတ်သက်ပြီး အသေအပျောက် နည်းပါးရေးနှင့် ပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးရန် အရေးကြီးအဆိုတစ်ရပ်ကို ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်းက ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တင်သွင်းသည်။
ရာသီတုပ်ကွေးရောဂါ Seasonal Influenza A (H1N1) pdm 2009 နှင့်ပတ်သက်၍ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်နှင့် အသေအပျောက်နည်းပါး ရေးအတွက် လူနေထူထပ်သော ကျောင်း၊ ဈေး၊ စက်ရုံ၊ အလုပ်ရုံ၊ ရထား၊ ဘတ်စ် ကား၊ သင်္ဘောဆိပ်၊ လေဆိပ်များအထိ ပညာပေးရေးလုပ်ငန်းကို ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရအားတိုက် တွန်းကြောင်း အရေး ကြီး အဆိုဖြစ်ပြီး ယင်းအဆိုကို လွှတ်တော်က ဆက်လက်ဆွေးနွေးသွား မည်ဖြစ်ကြောင်း ဆုံးဖြတ်သည်။
အဆိုရှင် ဦးသိန်းထွန်းက ၂ဝ၁၇ ခုနှစ် ဇူလိုင် ၁၉ ရက်မှ ၂ဝ၁၇ ခုနှစ် ဇူလိုင် ၂၇ ရက် မွန်းလွဲ ၂ နာရီအထိ တစ်နိုင်ငံ လုံးတွင် ရရှိသောအချက်အလက်အရ လတ်တလောပြင်းထန် အသက်ရှူလမ်း ကြောင်းပိုးဝင်ရောဂါ လူနာ ၅ဝ အား ဆေးကုသမှုပေးခဲ့ကြောင်း၊ Seasonal Influenza A (H1N1) pdm 2009 Positiveစုစုပေါင်းလူနာ ၃ဝ ဦးရှိခဲ့ပြီး ၄င်းတို့အနက် ခြောက်ဦးသေဆုံးခဲ့သည် ဟု သိရှိရပါကြောင်း၊ H1N1လူနာ ၃ဝ ဦး ဖြစ်ပွားခဲ့မှုတွင် ခြောက်ဦးသေဆုံးခဲ့ရာ ၂ဝ ရာခိုင်နှုန်းဖြစ်နေ၍ ရာခိုင်နှုန်းများ သော သေဆုံးမှုဖြစ်ပါကြောင်း။
ထိုသို့ဖြစ်ရခြင်းမှာ ပြည်သူလူထု အနေဖြင့်H1N1 ရောဂါလက္ခဏာများကို သာမန်တုပ်ကွေးမှတ်ယူ၍ နောက်ကျမှ ရောက်လာရခြင်းဖြစ်သည်ဟု ယူဆသည့် အတွက်ကြောင့် H1N1ပညာပေးရေး လုပ်ငန်းကို လူစုလူဝေးရှိသော ကျောင်း များ၊ ရုံးများ၊ အလုပ်ရုံစက်ရုံများ၊ ဘတ်စ် ကား၊ မီးရထား၊ သင်္ဘောနှင့် လေဆိပ်တို့ တွင် လူထုပညာပေးရေး အစီအစဉ်များ ဆောင်ရွက်သင့်ပါကြောင်း။
စိုးရိမ်စရာကောင်းသည့် တစ်ချက် မှာ အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယ နိုင်ငံတွင် ဇူလိုင်လ ၁၇ ရက်အထိ ၁၂၄၆ဝ ဦးH1N1 ဖြစ်ပွားခဲ့ရာ လူ ၆ဝဝ ဦး သေဆုံးခဲ့ပါကြောင်း၊ ယမန်နှစ်ကလည်း အိန္ဒိယနိုင်ငံတွင် ၂၆၅ ဦး သေဆုံးခဲ့ သည်ဟု သိရှိရပါကြောင်း၊ ထိုနိုင်ငံမှ မြန်မာနိုင်ငံသို့ မကူးစက်ရန် သင်္ဘောဆိပ်၊ လေဆိပ်များတွင်လည်း စစ်ဆေးမှုများ ပြုလုပ်ရန် အထူးလိုအပ်ပါကြောင်း ဆွေးနွေးတင်ပြခဲ့သည်။
ယင်းအရေးကြီးအဆိုနှင့်စပ်လျဉ်း ၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စား လှယ်များ ရှိပါက ၂ဝ၁၇ ခုနှစ် ဇူလိုင်လ ၃၁ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ ပြည်သူ့လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ချုပ်ထံ အမည်စာရင်းတင်သွင်းကြရန် ကြေညာထားသည်။
အစည်းအဝေးတွင် သနပ်ပင်မဲဆန္ဒ နယ်မှ ဦးမြင့်ဦး၏ ပဲခူး၊ ဝေါ၊ သနပ်ပင်နှင့် ကဝမြို့နယ်များရှိ နွေစပါးစိုက်ဧက ၄ဝဝဝဝ ကျော်အတွက် ရေလုံလောက် စွာပေးနိုင်ခြင်းမရှိဘဲ ခရမ်း၊ သန်လျင် မြို့နယ်များရှိ နွေစပါးစိုက်ဧက ၆ဝဝဝ ခန့်ကို ရေပေးနေရခြင်းသည် အကျိုးရရှိမှု အလွန်နည်းသည့်အတွက် ပြန်လည် သုံးသပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဆောင်ရွက် ရမည့်လုပ်ငန်းပမာဏသည် ကြီးမား ကျယ်ပြန့်ပြီး ရန်ပုံငွေလိုအပ်ချက်များ ပြားပါကြောင်း၊ ခရမ်းနှင့် သန်လျင် မြို့နယ်များမှ နွေစပါးဧက ၆ဝဝဝ ကို ရေပေးဝေနိုင်ရေးနှင့် ပဲခူး၊ ဝေါ၊ သနပ်ပင် နှင့် ကဝမြို့နယ်များမှ နွေစပါးဧက ၄ဝဝဝဝ ကျော်ကို အောင်ရေရသည်အထိ ရေပေးဝေနိုင်ရေးတို့အတွက် ပဲခူး-စစ်တောင်းတူးမြောင်းရှိ ပုဂံ-ညောင်ပင် ရေလွှဲပေါက်ရေမှတ်ကိုမူတည်၍ ရေလှည့် ဇယားရေးဆွဲပြီး အလှည့်ကျ ရေပေးဝေ ခြင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံ ခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူ အဆင့်ဆင့်ကလည်း လိုအပ်သလို ကွင်းဆင်းညှိနှိုင်းမှုများ ဆောင်ရွက်ခြင်း တို့ဖြင့် အထိရောက်ဆုံးဖြစ်စေရန် စီမံ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဖြေ ကြားသည်။
ရပ်စောက်မဲဆန္ဒနယ်မှ ဦးခင်မောင် မြင့်၏ ရပ်စောက်မြို့နယ် ပင်ဖြစ်- ဆပ်သေ လမ်းပေါ်ရှိ ပေ ၅ဝ ပုန်းအင်းတံတားကို သစ်သားတံတားမှ ကွန်ကရစ်တံတား အဖြစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပင်ဖြစ်-ဆပ်သေလမ်းပေါ်ရှိ ပုန်းအင်းတံတား အရှည် ပေ ၅ဝ သည် ၁၉၉၆ ခုနှစ်တွင် ဒေသခံပြည်သူများ ကိုယ့်အားကိုယ်ကိုး တည်ဆောက်ထားသော သစ်သား တံတားတစ်စင်းဖြစ်ပါကြောင်း။
တံတား၏ လက်ရှိအခြေအနေမှာ ကြမ်းခင်း၊ ရက်မများဆွေးမြည့်နေပါ ကြောင်း၊ ရပ်စောက်မြို့နယ်၊ ယမ်းတွင်း ငါးကြောင်ကျေးရွာအုပ်စု အတွင်းရှိ ပင်ဖြစ်-ဆပ်သေလမ်းပေါ်ရှိ ပုန်းအင်း ကွန်ကရစ်တံတားအရှည် ပေ ၅ဝ တည် ဆောက်ခြင်းလုပ်ငန်းကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခြင်းမရှိ၍ လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်း မရှိသော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ နှစ်အလိုက် ဦးစားပေး လျာထားမှုအပေါ် မူတည်၍ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
ထို့ပြင် မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ လွိုင်လင် မဲဆန္ဒ နယ်မှ ဦးခင်မောင်သီ၊ တောင်ကုတ် မဲဆန္ဒနယ်မှ ဒေါ်နီနီမေမြင့်နှင့် တမူး မဲဆန္ဒနယ်မှ ဦးနိုင်နိုင်ဝင်းတို့၏ နောင်နင်း (တောင်)ဆည်ရေထိန်းတံခါးနှင့် ရေဝင် လမ်းမြောင်းပေါင်များ ပြုပြင်ပေးရေး၊ လွိုင်လင်မြို့ပေါ်ရပ်ကွက် (၁)/(၂)/ (၃)/ (၄)တို့တွင် သောက်ရေသုံးရေ အလုံအလောက် ဖြန့်ဝေပေးရေး၊ ချောင်းနယ် လက်ယာကမ်းဆည် ပြန်လည်ပြုပြင်ပေးရေး၊ ကျေးရွာ ချင်းဆက်လမ်းများအား လမ်းပုံစံထုတ်ပြီး တည်ဆောက်ပေးရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည် ဖြေကြားခဲ့သည်။
ထို့နောက် စေတုတ္တရာမဲဆန္ဒနယ် မှ ဦးကျော်အောင်လွင် တင်သွင်းထား သည့် “''နိုင်ငံတစ်ဝန်းတွင် ကြီးမားစွာ ဖြစ်ပွားလျက်ရှိသော သစ်မှောင်ခိုမှုများ၊ သစ်ခိုးထုတ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ ဖြေရှင်းဆောင်ရွက်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်း ကြောင်း''အဆိုနှင့်စပ်လျဉ်း၍ မင်းကင်း မဲဆန္ဒနယ်မှ ဦးမောင်မြင့်က နယ်စပ် ဒေသများမှ သစ်ခိုးထုတ်မှုများကို သစ်တောရဲ၊ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ များနှင့် ဆောင်ရွက်နေခြင်းသည် လုံလောက်မှုမရှိဟု ထင်မြင်ပါကြောင်း၊ အာဏာပိုင်အဖွဲ့အစည်းများ၊ ပါတီများ၊ ဌာနဆိုင်ရာများသည် သစ်မှောင်ခိုများနှင့် ခပ်ကင်းကင်းနေကြရန် လိုအပ်ပါ ကြောင်း၊ သစ်မှောင်ခိုလုပ်နေသူများကို ပြည်သူကသိပါ ကြောင်း၊ အာဏာပိုင်နှင့် သစ်မှောင်ခို ပတ်သက်ဆက်စပ်နေလျှင် ပြည်သူက သတင်းပေးရဲမည် မဟုတ်ပါ ကြောင်း ဆွေးနွေးသည်။
ထီးချိုင့်မဲဆန္ဒနယ်မှ ဦးမောင်မောင် က အထင်ကရလမ်းမကြီးများ၊ မြို့ကြီး ပြကြီးများတွင် ဖမ်းဆီးနေရခြင်းသည် ဖြတ်သန်းခဲ့သည့် ဒေသအလိုက် ဆက်စပ် တာဝန်ရှိသည့် အဖွဲ့အစည်းများ တာဝန် ယူမှုကင်းမဲ့နေခြင်းကို ဖော်ပြနေပါ ကြောင်း၊ တရားမဝင်သစ်ခိုးထုတ်မှုများ အတွက် သစ်တောဦးစီးဌာနတွင် တာဝန် ရှိသော်လည်း ကျန်သည့်ဆက်စပ်ဌာန များဖြစ်သည့် နယ်မြေလုံခြုံရေးတာဝန်ရှိ အဖွဲ့အစည်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အပြင် သဘာဝသယံဇာတ ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့များပါ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်
အထူးလိုအပ်ပါကြောင်း ဆွေးနွေးသည်။
ထို့ပြင် မင်းတုန်းမဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနု၊ ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်၊ တမူးမဲဆန္ဒနယ်မှ ဦးနိုင်နိုင်ဝင်း၊ တောင်တွင်းကြီးမဲဆန္ဒနယ် မှ ဦးမင်းသိန်း၊ ဗန်းမောက်မဲဆန္ဒနယ်မှ ဦးကျော်စိုး၊ လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ခင်စည်သူ၊ အောင်လံ မဲဆန္ဒနယ်မှ ဦးအောင်ထူးမြင့်၊ ဘုတလင် မဲဆန္ဒနယ်မှ ဦးမြင့်ဟန်ထွန်းနှင့် ပုဗ္ဗသီရိ မဲဆန္ဒနယ်မှ ဦးရည်မွန်(ခ) မောင်တင် သစ်တို့က ဆွေးနွေးကြသည်။
အဆိုနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြင်ဆင်ရေးဆွဲနေသည့် သစ်တောဥပဒေ(မူကြမ်း)တွင် ပြစ်မှု ကျူးလွန်သူအား အနည်းဆုံး ထောင်ဒဏ် ငါးနှစ်မှ အများဆုံးထောင်ဒဏ် ၁၅ နှစ် အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်$ကျပ်သိန်း ၃ဝ အထိ ချမှတ်နိုင် သည်ဟု ပြင်ဆင်ထားနေပါကြောင်း၊ သစ်တောဥပဒေသစ် ပြဋ္ဌာန်းပြီးပါက တရားမဝင်သစ်ထုတ်မှုများအား နောင် ကြဉ်စေသည်အထိ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း၊ တရားမဝင် သစ်ခိုးထုတ်သယ်ဆောင်မှု များတွင် ပါဝင်ပတ်သက်သည့် သစ်တော ဝန်ထမ်းများ၊ တာဝန်ကို ပေါ့လျော့စွာ ထမ်းဆောင်သည့် ဝန်ထမ်းများကိုလည်း ကျူးလွန်သည့် ပြစ်မှုအပေါ်မူတည်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်လျက်ရှိပြီး ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်မှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် (ဇွန်လကုန်အထိ) အရာထမ်းများ အပါအဝင် သစ်တောဝန်ထမ်း စုစုပေါင်း ၁၁၁၁ ဦးအား အရေးယူဆောင်ရွက် ခဲ့ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
ယင်းအဆိုကို လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်သည်။
ယနေ့အစည်းအဝေးတွင် အမျိုး သားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ''အုပ်ထိန်းသူ နှင့် အုပ်ထိန်းခြင်းခံရသူများအက်ဥပဒေ ကိုပြင်ဆင်သည့်ဥပဒေကြမ်း''နှင့် ''မြန်မာ နိုင်ငံ လင်မယားကွာရှင်းရေးအက်ဥပဒေ ကို ပြင်ဆင်သည့်ဥပဒေကြမ်း'' လက်ခံ ရရှိကြောင်းနှင့် ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စား လှယ်များ အမည်စာရင်း တင်သွင်းနိုင် ကြောင်း လွှတ်တော်သို့ အသိပေးတင်ပြ ခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြသည်။
ကျော်သူထက်၊ မွှေးကြူဇင်(သတင်းစဉ်)

No comments:

Post a Comment