Monday, July 31, 2017

ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်း ညှိနှိုင်းစည်းဝေး

Image may contain: one or more people and crowd

ရန်ကုန် ဇူလိုင် ၃ဝ
ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A (H1N1) pdm 09) ဖြစ်ပွားမှုနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် သင်ကြားရေးခန်းမ၌ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် အမှာစကားပြောကြားသည်။ (ယာပုံ)
ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနအနေဖြင့် လတ်တလောဖြစ်ပွားနေသော ရာသီတုပ်ကွေး ရောဂါ (Seasonal Influenza A (H1N1) pdm 09) နှင့်ပတ်သက်၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်း၊ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း၊ ကာကွယ်ထိန်းချုပ်ခြင်း၊ ကုသမှုပေး ခြင်းနှင့် ကျန်းမာရေးပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပါကြောင်း။
ရာသီတုပ်ကွေးရောဂါနှင့် ပတ်သက်သည့် သတင်းများကို ထိမ်ချန်ထားခြင်းမရှိဘဲ သတင်းအမှန်များကို ထုတ်ပြန်ပေး လျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးရှိ ဆေးရုံကြီးများ၌ ရာသီ တုပ်ကွေးရောဂါသံသယဖြင့် ဇူလိုင် ၁ ရက်မှ ယနေ့အထိ ဆေးရုံ တက်ရောက်သူများစာရင်းကို ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်မှုရှုထောင့်မှ သုံးသပ်လျက်ရှိပါကြောင်း။
ပညာပေးလက်ကမ်းစာစောင်နှင့် ပိုစတာများကို အမြောက် အမြားထုတ်လုပ်ထားပြီး ဖြန့်ဝေလျက်ရှိပါကြောင်း၊ ယခု လတ်တလောဖြစ်ပွားနေသော ရာသီတုပ်ကွေးရောဂါ ဖြစ်ပွား မှုအား အောင်မြင်စွာကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူ လူထု၏ ကျန်းမာရေးအသိပညာမြင့်မားစွာဖြင့် သတိရှိစွာ မိမိကိုယ်ကိုမိမိ ကာကွယ်စောင့်ရှောက်နိုင်မှု၊ ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လိုက်နာရန်အချက်များအတိုင်း လိုက်နာ ဆောင်ရွက်မှုတို့သည် အလွန်အရေးပါသည်ဖြစ်ပါကြောင်း၊ လိုက်နာရမည့်အချက်များကိုလည်း အချိန်နှင့်တစ်ပြေးညီ နေ့စဉ်ထုတ်ပြန်ပေးသွားမည် ဖြစ်ပါကြောင်း။
GP ဆရာဝန်များ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးပါ ကြောင်း၊ မြန်မာနိုင်ငံဆရာဝန်အသင်း (GP)အဖွဲ့ငယ်နှင့် ချိတ် ဆက်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ မီဒီယာများအနေဖြင့် ပြည်သူများထံ သတင်းမှန်များတင်ပြကြရန် လိုအပ်ပါကြောင်း၊ ယခုအချိန်သည် မီဒီယာများ၏ ပံ့ပိုးမှုအခန်းကဏ္ဍသည် အရေး ကြီးပါကြောင်း၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းများအတွက် ဆေးနှင့်ဆေးပစ္စည်း လိုအပ်ချက်များကို CEUနှင့် CMSDချိတ်ဆက်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ဗဟိုတွင် သာမက တိုင်းဒေသကြီး/ ပြည်နယ်များတွင် အားလုံးပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်းပြောကြားသည်။
ယင်းနောက် ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က လည်း ကောင်း၊ ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍Global Situation နှင့် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားမှုအခြေအနေ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဒုတိယ ညွှန်ကြားရေးမှူးချုပ် (သဘာဝဘေး/ကူးစက်) ဒေါက်တာ သန်းထွန်းအောင်က လည်းကောင်း၊ ဓာတ်ခွဲခန်းကိစ္စများနှင့် ပတ်သက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ဒေါက်တာ ဌေးဌေးတင်က လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဆေးတက္ကသိုလ်(၁) ရန်ကုန်ဆေးပညာဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာဇော်လင်းအောင်၊ ခုတင်(၅ဝဝ) အထူးကုဆေးရုံကြီး ရန်ကုန်၊ အဆုတ်နှင့် ရင်ခေါင်းဆေးကုဌာန၊ ပါမောက္ခ/ဌာနမှူး ဒေါက်တာဝင်းနိုင်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး သွေးချိုနှင့် ဟော်မုန်းရောဂါကုဌာန၊ ပါမောက္ခ/ဌာနမှူး ဒေါက်တာခင်စောသန်းတို့က ရှင်းလင်းဆွေးနွေးကြပြီး လိုအပ် ချက်များကို ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြောက် ဥက္ကလာပမြို့နယ်ရှိ အထူးကုဆေးရုံ (ဝေဘာဂီ)သို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီးက ရာသီတုပ်ကွေးရောဂါဖြင့် ရောက်ရှိလာသော လူနာများလက်ခံကုသပေးနေမှုအခြေအနေ၊ ကုသမှုလုပ်ငန်း များ ဆောင်ရွက်လျက်ရှိသော ဝန်ထမ်းများ ရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများအား တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင် ရွက်ပေးပြီး ဆေးရုံအတွင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment