Friday, July 28, 2017

(၁၈)ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးကဏ္ဍဆိုင်ရာ ဆပ်ကော်မတီ အစည်းအဝေးတက်ရောက်

Image may contain: one or more people, people sitting, table and indoor

ကွာလာလမ်ပူ ဇူလိုင် ၂၇
ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ညွှန်ကြားရေးမှူး ဦးဇေယျာ တို့ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ၂ဝ၁၇ ခုနှစ် ဇူလိုင် ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့သည့် (၁၈)ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးကဏ္ဍဆိုင်ရာ ဆပ်ကော်မတီ အစည်းအဝေး(18th SCI Meeting) သို့ တက်ရောက်ခဲ့သည်။
အဆိုပါ အစည်းအဝေးသည် အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးဆိုင်ရာ ဆပ်ကော်မတီ၏ ပြန်ကြားရေးကဏ္ဍ ဆိုင်ရာ စီမံကိန်းဆောင်ရွက်မှုအခြေအနေများအား သုံးသပ်ဆွေးနွေးနိုင်ရန် အာဆီယံနိုင်ငံများက အက္ခရာအစဉ်အလိုက် နှစ်စဉ်အလှည့်ကျ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပဆောင်ရွက်လျက်ရှိသည့် အစည်းအဝေးဖြစ်ပြီး ယခုနှစ်တွင် မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပခဲ့ခြင်း ဖြစ်သည်။ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံအသီးသီးမှ ပြန်ကြားရေးကဏ္ဍဆိုင်ရာ ဆပ်ကော်မတီဥက္ကဋ္ဌများ နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေး သဘာပတိအဖြစ် မလေးရှားနိုင်ငံက လည်းကောင်း၊ ပူးတွဲသဘာပတိ အဖြစ် မြန်မာနိုင်ငံကလည်းကောင်း ဆောင်ရွက်ခဲ့ကြသည်။
အစည်းအဝေးတွင် ကျင်းပပြီးစီးခဲ့သည့် အာဆီယံ ထိပ်သီးအစည်းအဝေးများနှင့် အာဆီယံလူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အသိုက်အဝန်း(ASCC) မဏ္ဍိုင်နှင့်စပ်လျဉ်းသည့် ကဏ္ဍအသီးသီးရှိ အစည်းအဝေးများမှ ပြန်ကြားရေးကဏ္ဍဆိုင်ရာ လုပ်ငန်းများ နှင့် ဆုံးဖြတ်ချက်များအပေါ် သုံးသပ်ဆွေးနွေးခြင်း၊ သက်ဆိုင်ရာနိုင်ငံအလိုက် အာဆီယံဆိုင်ရာ အသိပညာပေးရေး လုပ်ငန်း စီမံကိန်းများ ဆောင်ရွက်နေမှုအပေါ်တွင် သုံးသပ်ခြင်း၊ အာဆီယံယဉ်ကျေးမှုရန်ပုံငွေ(ACF) အသုံးပြုမှုဆိုင်ရာ လုပ်ငန်းစဉ်နှင့် လမ်းညွှန်ချက်များအပေါ်တွင် သုံးသပ်ဆွေးနွေးခြင်းနှင့် အာဆီယံ နှစ် (၅ဝ) ပြည့် အထိမ်းအမှတ်အဖြစ် နိုင်ငံအလိုက် ဆောင်ရွက် ရန်ရှိသည့် ပြန်ကြားရေးဆိုင်ရာ လုပ်ငန်းစဉ်များအား သုံးသပ်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
၂ဝ၁၈ ခုနှစ်တွင်ကျင်းပမည့် (၁၉)ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးကဏ္ဍဆိုင်ရာ ဆပ်ကော်မတီ အစည်းအဝေး (19th SCI Meeting) ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။ (သတင်းစဉ်)

No comments:

Post a Comment