Tuesday, July 4, 2017

လိုင်ယွန်အသင်းမှ ပြင်သစ်တိုက်စစ်မှူး လာကာဇက်တီအားပေါင် ၄၄ သန်းဖြင့် အာဆင်နယ်အသင်း သဘောတူညီမှုရရှိ

Image may contain: 1 person
အာဆင်နယ်အသင်းသည် ပြင်သစ်တိုက်စစ်မှူး လာကာဇက်တီအား စာချုပ်ချုပ်ဆိုခေါ်ယူရန် လိုင်ယွန်အသင်းနှင့် သဘောတူညီမှုရရှိထားပြီး ကလပ်အသင်း၏ စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၄၄ သန်းဖြင့် သဘောတူညီထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါပြောင်းရွှေ့ကြေးသည် ၂ဝ၁၃ ခုနှစ်အတွင်းက ရီးယဲလ်မက်ဒရစ်အသင်းမှ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ကြေးပေါင် ၄၂ ဒသမ ၅ သန်းဖြင့် ရောက်ရှိလာခဲ့သည့် တိုက်စစ်မှူး အိုဇေးလ်၏ ပြောင်းရွှေ့ကြေးထက် များပြားနေပြီး ၄၈ နာရီအတွင်း စာချုပ် ချုပ်ဆိုပြီးစီးမည်ဖြစ်ကြောင်းလည်း သိရသည်။
အာဆင်နယ်အသင်းသည် အသက်(၂၆)နှစ်အရွယ် တိုက်စစ်မှူး လာကာဇက်တီအား လွန်ခဲ့သည့်တစ်နှစ်က ပြောင်းရွှေ့ကြေးပေါင် ၂၉ သန်းဖြင့် ကမ်းလှမ်းခဲ့ရာအောင်မြင်မှုမရှိ ခဲ့ပေ။ ထို့ပြင် ယခုနှစ်နွေရာသီ အပြောင်းအရွှေ့ကာလတွင်လည်း ပေါင် ၃၉ ဒသမ ၅ သန်းဖြင့် ကမ်းလှမ်းမှုကို ငြင်းပယ်ခြင်းခံခဲ့ရပြီး လက်ရှိတွင် ပေါင် ၄၄ သန်းဖြင့် လိုင်ယွန်အသင်းပိုင်ရှင် အောလက်စ်နှင့် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါပြောင်းရွှေ့ကြေးသည် ယူရို သန်း ၅ဝ နီးပါးရှိနေခြင်းကြောင့် အာဆင်နယ်အသင်း အတွက်သာမက လိုင်ယွန်အသင်းအတွက်လည်း စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။ တိုက်စစ်မှူး လာကာဇက်တီသည် သူ၏ကစားသမားဘဝတစ်လျှောက် လိုင်ယွန်အသင်း၌သာ ကစားခဲ့ခြင်းဖြစ်ပြီး လိုင်ယွန်အသင်းအတွက် ပွဲပေါင်း ၂၇၅ ပွဲတွင် ၁၂၉ ဂိုးအထိ သွင်းယူထားနိုင်သည့် ကစားသမားတစ်ဦးဖြစ်သည်။ ထို့ပြင် ပြီးခဲ့သည့်ဘောလုံး ရာသီကလည်း ၄၅ ပွဲ ပါဝင်ကစားပေးခဲ့ရာ သွင်းဂိုး ၃၇ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သည်။
ငွေကြယ်

No comments:

Post a Comment