Tuesday, July 4, 2017

Y-8 (၅၈၂ဝ)လေယာဉ် ပျက်ကျမှုနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများ ညှိနှိုင်းအစည်းအဝေး ကျင်းပ

Image may contain: 2 people, people sitting, table and indoor
နေပြည်တော် ဇူလိုင် ၃
တပ်မတော်(လေ)မှ သယ်ယူပို့ဆောင်ရေးလေယာဉ် Y-8 (၅၈၂ဝ) ပျက်ကျခဲ့မှုနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အစည်းအဝေးခန်းမ၌ကျင်းပရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုဖြစ်စဉ်သည် နိုင်ငံတော်နှင့် တပ်မတော်အတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်ကြောင်း၊ အချိန်ကာလတိုအတွင်း ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းမှာ အားလုံး၏တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်မှုကြောင့် ဖြစ်ကြောင်း၊ တနင်္သာရီဒေသရှိ ငါးဖမ်းစက်လှေများ အပါအဝင် ဒေသခံပြည်သူများက အင်တိုက်အားတိုက် ဝိုင်းဝန်းကူညီကြသကဲ့သို့ နိုင်ငံတစ်ဝန်းရှိ စေတနာရှင် ပြည်သူများနှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစု များကလည်း လှူဒါန်းငွေ များစွာပေးအပ်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်တွင် အသက်ဆုံးရှုံးသွားရသူအားလုံးအား လူတစ်ယောက်ချင်း၏ အသက်တစ်ချောင်းဆုံးရှုံးမှုဟု ယူဆပါကြောင်း၊ ဝိုင်းဝန်းကူညီ၍ ရေငုပ်ရှာဖွေရာတွင် သေဆုံးခဲ့ရသည့် ဦးစောနောင်ကိုပါ ထည့်သွင်းဆောင် ရွက်ပေးမည်ဖြစ်ကြောင်း၊ ရာသီဥတု အခြေအနေပေးသည် နှင့်အမျှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက် စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ် မိုးအောင်က ဇွန် ၇ ရက်မှ ဇူလိုင် ၂ ရက်အထိ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ရက်အလိုက်ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ တပ်မတော်(ရေ)မှ စစ်ရေယာဉ်စုစုပေါင်း ၁၃ စင်း၊ ထူးထူးတိုးကုမ္ပဏီ၊ ပြည့်ဖြိုးထွန်းကုမ္ပဏီ၊ ခိုင်ဇင်ယော်ကုမ္ပဏီနှင့် ဦးမင်းဦးကုမ္ပဏီများမှ ဒေသခံ ငါးဖမ်းစက်လှေ ၂၆ စင်းတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များ ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေများ၊ တပ်မတော် (ရေ)မှ ရေငုပ်စစ်သည်များနှင့် အရပ်ဘက်ရေငုပ်အဖွဲ့ များ၏ ပူးပေါင်းလုပ်ဆောင်ခဲ့မှုအခြေအနေများ၊ ပျက်ကျ လေယာဉ်၏ အစိတ်အပိုင်းများနှင့် ရုပ်အလောင်းများရှာဖွေ တွေ့ရှိမှု၊ ဆယ်ယူပို့ဆောင်ပေးမှု အခြေအနေများ၊ လက်ရှိ စစ်ရေယာဉ် ကိုးစင်း၊ ဒေသခံငါးဖမ်းစက်လှေ ရှစ်စင်း၊ ကျွမ်းကျင်ရေငုပ် အရာရှိ၊ စစ်သည် ၃၃ ဦးတို့ဖြင့် ရှာဖွေ ဆယ်ယူရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် စစ်ဦးစီးအရာရှိချုပ်(လေ)ဗိုလ်ချုပ် မောင်မောင်ကျော်က တပ်မတော်လေယာဉ် Y-8 (၅၈၂ဝ) ၏သမိုင်းကြောင်းနှင့် ပျံသန်းအသုံးပြုမှုအခြေအနေများ၊ လေယာဉ်ပျက်ကျမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရေဒါများမှ ဖမ်းယူရရှိခဲ့သည့်မှတ်တမ်းများ၊ ဖြစ်စဉ်ဖြစ်ပွားချိန်တွင် ရှိသည့် မိုးလေဝသဂြိုဟ်တုနှင့် မိုးလေဝသရေဒါများက ဖမ်းယူရရှိသည့် မိုးလေဝသအခြေအနေများ၊ မိုးတိမ်တောင် များအနီးတွင် ဖြစ်ပေါ်လေ့ရှိသည့် Downdraft ၏ သက်ရောက်မှုပုံစံများ၊ တပ်မတော်(လေ)မှ လေယာဉ် သုံးစင်း၊ ရဟတ်ယာဉ် နှစ်စင်းဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ၊ ဇွန် ၁၈ ရက်တွင် Flight Data Recoder (FDR) နှင့် Cockpit Voice Recoder (CVR) တို့အား ဆယ်ယူရရှိခဲ့သည့်အခြေအနေ များ၊ ဇွန် ၈ ရက်မှ ဇူလိုင် ၂ ရက်အထိ ဆယ်ယူရရှိခဲ့သည့် လေယာဉ်အစိတ်အပိုင်း ၂၆၁ ခုအား လေယာဉ်ဦးပိုင်း (Nose Section)၊ လေယာဉ်ကိုယ်ထည်ပိုင်း (Middle Fuselage) နှင့် လေယာဉ်အမြီးပိုင်း (Rear Section) ခွဲခြား၍ စိစစ်မှတ်တမ်းထားရှိမှုအခြေအနေများ၊ လေယာဉ် ပျက်ကျမှုနှင့် ပတ်သက်၍ တတိယအဖွဲ့အစည်းပါဝင်သည့် ပူးပေါင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးဆောင် ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦးက ပျက်ကျလေယာဉ်တွင် ပါရှိသွားသည့်အရာရှိ၊ စစ်သည် မိသားစုများအတွက် လှူဒါန်းငွေများရရှိမှု၊ အမွေစား အမွေခံကိစ္စရပ်များနှင့် အကျိုးခံစားခွင့်များ မှန်ကန် မြန်ဆန်စွာရရှိရေး ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးညိုစောက ကျန်ရစ်သူ မိသားစုဝင်များ၏ နေရာချထားရေးနှင့် အလုပ်အကိုင်ရရှိ ရေးအတွက် စီစဉ်ဆောင်ရွက်နေမှုကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကျန်ရစ်သူမိသားစုဝင်များကို ရသင့်သည့် ခံစားခွင့်များ အပြည့်အဝ ဆောင်ရွက်ပေးရေးနှင့် ထောက်ပံ့ပေးမှုများကို နေထိုင်ရေး၊ ပညာရေး၊ ကျန်းမာ ရေးအပါအဝင် ပြည့်စုံစွာ လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ မှန်ကန်သည့် ပင်လယ်ပြင်ရာသီဥတု သတင်းဖော်ပြချက် များကိုရယူ၍ ယင်းအချက်အလက်များအပေါ် အလေးထား လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ အန္တရာယ် ကင်းရှင်းစွာဖြင့် ဖြစ်နိုင်သည့် နောက်ဆုံးအခြေအနေအထိ ရှာဖွေဆယ်ယူရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment