Monday, July 31, 2017

၅၈ ယာဉ်လိုင်းတွင် ယာဉ်အသစ်များဖြင့် စတင်ပြောင်းလဲပြေးဆွဲနေ၍ သွားလာရေးအဆင်ပြေ

Image may contain: car and outdoor
ရန်ကုန် ဇူလိုင် ၃ဝ
ရန်ကုန်မြို့တွင်းပတ် ယာဉ်လိုင်း သုံးလိုင်းတွင် ပုံစံတူယာဉ်အသစ် များဖြင့် ပြောင်းလဲပြေးဆွဲခြင်းကို ဒုတိယမြောက်အဖြစ် ၅၈ ယာဉ်လိုင်း တွင် ဇူလိုင်၂၈ ရက်က စတင်မြင်တွေ့ လာရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ အစီအစဉ်ဖြင့် ဝယ်ယူရောက်ရှိ သော ယာဉ်အသစ်အစီး ၁ဝဝဝ သည် ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သောကုမ္ပဏီ (YBPC)နှင့် ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူ ပို့ဆောင်ရေးကုမ္ပဏီ (YUPT)တို့ လက်အောက်ရှိ ယာဉ်လိုင်းများတွင် ယာဉ်စီးရေ ၅ဝဝ စီဖြင့် ပြေးဆွဲမည် ဟု သိရသည်။
ယခင် BRT Lite အမည်ဖြင့် ရှိခဲ့သောYBPC ကုမ္ပဏီသည် မှော်ဘီ- လှည်းကူး- ထောက်ကြန့်တို့ မှ ဆူးလေသို့ယာဉ်လိုင်းနံပါတ် ၃၇၊ ဒဂုံတက္ကသိုလ်မှ ဆူးလေသို့ ယာဉ်လိုင်း နံပါတ် အသစ် ၈၇၊ ဒဂုံတက္ကသိုလ်မှ အင်းစိန် GTI သို့ ယာဉ်လိုင်းနံပါတ် အသစ် ၈၈ တို့တွင် ယာဉ်အသစ် များဖြင့် ပြေးဆွဲခြင်းများ မြင်တွေ့ရ သည်။
ယခင်ယာဉ်လိုင်း စနစ်ဟောင်း ကာလမှ ယာဉ်ပိုင်ရှင်များစုပေါင်းကာ အများပိုင်ကုမ္ပဏီ ဖွဲ့ထားသော (YUPT) ကုမ္ပဏီသည်လည်း မိမိ ကုမ္ပဏီမှ ပြေးဆွဲနေသောယာဉ်လိုင်း ၂၁ လိုင်းအနက် ယာဉ်လိုင်းခုနစ်လိုင်း တွင် ယာဉ်အသစ်များဖြင့် ထည့်သွင်း ပြေးဆွဲရန် စီစဉ်ထားသည်ဟု သိရ သည်။ ယနေ့ ယာဉ်အသစ်များဖြင့် စတင်ပြေးဆွဲနေသော ယာဉ်လိုင်း နံပါတ် ၅၈ သည် အဆိုပါယာဉ်လိုင်း ခုနစ်လိုင်းတွင် ပါဝင်သည်ဟု သိရ သည်။
မြို့တွင်းပတ် ယာဉ်လိုင်းများသည် မြို့ပြင်မှလာသော ယာဉ်လိုင်းများဖြင့် ချိတ်ဆက်ပြေးဆွဲနေခြင်းသာမက မြို့ တွင်းသွားသူများ ရန်ကုန်တစ်ဖက်ကမ်း မှ ကူးတို့ရေယာဉ်များဖြင့် ရန်ကုန်မြို့ တွင်း အလုပ်လာဆင်းသူများ အလုပ်သွား၊ အလုပ်ပြန်ချိန်များတွင် စီးနင်းမှု များပြားနေတတ်သည်။
ဇူလိုင် ၂၈ ရက် နံနက်ပိုင်းတွင် အဆိုပါ ယာဉ်အသစ်များ ဆက်တိုက် နီးပါးလမ်းကြောင်းများပေါ် မြင်တွေ့ ရသည်။ ဝါစိမ်းနီယာဉ်ကြီးများထက် အနည်းငယ်သေးသော်လည်း ထိုင်ခုံ အရေအတွက်မှာ ပုံမှန်သာရှိသဖြင့် ရပ်စီးခရီးသည်အတွက်သာ နေရာ နည်းသွားသည်ဟု နေ့စဉ်စီးနင်းနေသူ ကိုနေဝင်းက ပြောသည်။
မြို့တွင်းပတ် ယာဉ်လိုင်းသုံးလိုင်း တွင် ရှေ့ပေါက်ကတက် နောက်ပေါက် ကဆင်းခရီးသည်များ ကားခငွေပုံးထဲ သို့ ကိုယ်တိုင်ထည့်စနစ် အသားကျ လုနီးပါးရှိလာချိန် ယာဉ်အသစ်များ ဖြင့် ပြောင်းလဲပြေးဆွဲလာရာ ခရီး သည်များအနေဖြင့် ယခင်နှစ်ကာလ တူအချိန်နှင့် နှိုင်းယှဉ်ပါက မြို့တွင်း သွားခရီးစဉ်တွင် မြို့ပြင်မှလာသော ယာဉ်လိုင်းစီးလာသူများ ကားပြောင်း စီးနေရသည့်ဖြစ်စဉ်မှလွဲ၍ အဆင်ပြေ လာသည်ဟု မြို့တွင်းခရီးသွားနေရသူ တစ်ဦးက ပြောသည်။
ယာဉ်လိုင်းစနစ်သစ် မတိုင်မီ ကာလများတွင် မြို့တွင်းခရီးတိုစီးနင်း ရာတွင် မော်တင်မှ ပန်းဆိုးတန်းခရီး ယာဉ်စီးခ ကျပ် ၂ဝဝ ကျော်လျှင် ကျပ် ၃ဝဝ နှုန်းဖြင့် လေအေးပေး စက်ပါ ယာဉ်အမည်တပ်လိုင်းကားများ စီးနေခဲ့ရသည်။ အနော်ရထာလမ်း ကြောင်းပေါ်တွင်လည်း လသာကွေ့၊ သိမ်ကြီးဈေးကွေ့စသည်ဖြင့် ယာဉ်လမ်း ကြောင်းအဆုံးအထိ မသွားသော လိုင်းကားအများစုကို တွေ့ကြုံစီးနင်း ခဲ့ရသည်။
ယခုကာလတွင်မူ မြို့တွင်းပတ် ယာဉ်လိုင်းမှ ယာဉ်များကို ခရီးစဉ် တစ်ပတ်လုံးယာဉ်စီးခ ကျပ် ၁ဝဝ ဖြင့် လေအေးပေးစက်ဖွင့် စီးနိုင်ခွင့်ရလာ သည်။ ယာဉ်အတွင်း ဦးစားပေးထိုင်ခုံ အချို့ အရောင်ခွဲ သတ်မှတ်ပေးထား ခြင်း၊ သံဃာတော်၊ သီလရှင်၊ ကျန်းမာ ရေးမကောင်းသူ၊ ကိုယ်ဝန်ဆောင်၊ မသန်စွမ်းသူများနှင့် ဆရာ ဆရာမ များ၊ မူလတန်း၊ အလယ်တန်းကျောင်း သူကျောင်းသားများကို အခမဲ့ယာဉ်စီး ခွင့်ပြုထားသည့် အသိပေးစာများကို မြို့တွင်းပတ် ယာဉ်လိုင်းများမှ ယာဉ်ကြီးများတွင် မြင်တွေ့ရခြင်းမျိုး ရှိလာသည်။
ပြေးဆွဲနေသော ယာဉ်အသစ် များတွင် အရောင်ခွဲဦးစားပေးထိုင်ခုံများ၊ အခမဲ့ယာဉ်စီးခွင့်ပြုသည့် စာတန်းများ၊ အရေးပေါ်မှန်ခွဲနိုင်သည့် တူအနီများကိုလည်း မြင်တွေ့လာ ရသည်။
နေ့လယ်ပိုင်းပါ ယာဉ် အဆက်မပြတ် ပြေးဆွဲနေသည်ကို တွေ့ရရာ ယာဉ်ပေါ်တွင် ခရီးသည် များ နေ့လယ်ပိုင်းအချိန် ထိုင်စီး၍ ရလာပြီး နေ့စဉ်ယင်းကဲ့သို့ပြေးဆွဲပေး စေလိုသည်ဟု ယင်းနေ့ နေ့လယ်ပိုင်း က လမ်း ၅ဝ မှ စံပြသို့ စီးလာသူ မသိမ့်က ပြောသည်။
ယာဉ်အသစ်များ ပြေးဆွဲလာ သော ယာဉ်လိုင်းများလာသကဲ့သို့ ပြေးဆွဲပေးရန် လိုအပ်နေခြင်းများ လည်းရှိနေသေးသည်ဟု ရွှေပြည်သာ ထန်းခြောက်ပင်နေ မမို့က ပြောသည်။
ယာဉ်ပေါ်တွင် အလစ်သုတ်ခြင်း ဖြစ်စဉ်အချို့ ရှိတတ်ရာ ယာဉ်အသစ် များပေါ်တွင် ပါရှိသောစောင့်ကြည့် ကင်မရာများ၏ မှတ်တမ်းများ အကူအညီဖြင့် ဖော်ထုတ်နိုင်လိမ့်မည် ဟု ခရီးသည်အချို့က ပြောသည်။
မြို့တွင်းလမ်းမများပေါ် ကြားကား ငယ်များ၊ တရားဝင်မဟုတ်သော ယာဉ်လိုင်းများမှ ယာဉ်ကြီးနှင့် မီနီဘတ်ယာဉ်ငယ်အချို့ နံနက်ပိုင်း၊ ညပိုင်း ပြေးဆွဲနေခြင်းများကိုလည်း တားဆီးလျှော့ချ ပေးသင့်သည်ဟု ညစဉ်ကြားကားငယ်များဖြင့် ဘုရင့် နောင်ပွဲရုံတန်းမှ ရန်ကုန်မြို့လယ်သို့ ပြန်နေရသူ ကိုသက်က ပြောသည်။
မေလနောက်ဆုံးပတ်တွင် ဗိုလ်ချုပ် လမ်းအတိုင်းသွား၍ ကုန်သည်လမ်း၊ ကမ်းနာလမ်းအတိုင်း ပြန်သော ၅၆ ယာဉ်လိုင်းတွင် အနီရောင်ယာဉ် အသစ်များဖြင့် ပြောင်းလဲပြေးဆွဲခဲ့ပြီး နှစ်လဝန်းကျင်အချိန် ကမ်းနားလမ်း အတိုင်း၊ မြို့တွင်းသို့သွား အနော်ရထာ လမ်းမှပြန်သော ယာဉ်လိုင်း ၅၈ တွင် အဝါရောင်ယာဉ် အသစ်များဖြင့် ပြောင်းလဲပြေးဆွဲလာသည်ဟု ကမ်းနား လမ်း ညဈေးတန်းဈေးသည် ကိုထိုက် က ပြောသည်။
အဆင့်ဆင့်ပြောင်းလဲ လာနေသော် လည်း အဆင်မပြေခြင်းများရှိနေဆဲ ဖြစ်၍ အရှိန်မြှင့်ပြောင်းလဲ လုပ်ဆောင်ပေးခြင်းများကို ခရီးသည် များက မျှော်လင့်နေကြောင်း သိရ သည်။
(မောင်စေအောင်)

No comments:

Post a Comment