Saturday, July 29, 2017

ကူးစက်မြန်ပြင်းထန် ကြက်ငှက်တုပ်ကွေးရောဂါ(A/H5N1)ရောဂါဖြစ်ပွားမှု ထားဝယ်မြို့နယ်တွင် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

Image may contain: one or more people and people standing
နေပြည်တော် ဇူလိုင် ၂၈
ထားဝယ်မြို့နယ် ဝဲကျွန်းထိန်သစ် ရပ်ကွက်ရှိ ကြက်မွေးမြူရေးခြံတွင် မွေးမြူထားသည့် အသက် (၃)လမှ (၁၂)လအရွယ် ဥစားကြက်ကောင်ရေ ၅ဝဝဝ သည် ဇူလိုင် ၁၆ ရက်မှ စတင်ကာ ပုံမှန် မဟုတ်သော သေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပြီး ရန်ကုန်တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးရာ ကူးစက်မြန်ပြင်းထန် ကြက်ငှက် တုပ်ကွေးရောဂါ (A/H5N1) ကြောင့်ဖြစ်ကြောင်း စစ်ဆေးအတည်ပြုနိုင်ခဲ့ပြီး ယခုအချိန်တွင် ရောဂါ ပြန့်ပွားမှုမရှိစေရန် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
''ထားဝယ်က ကြက်ခြံတွေမှာ ကြက်ငှက်တုပ်ကွေးH5N1 ဖြစ်ပွားတာကို ရှင်းလင်းပြီးဖြစ်ပါတယ်။ ရောဂါက ပြန့်ပွားမှုရှိသလားဆိုတဲ့ စစ်ဆေးမှုတွေ ကိုလည်း ရောဂါထိန်းချုပ်ရေးအဖွဲ့တွေနဲ့ စစ်ဆေး ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူတွေကိုလည်း အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေပါ တယ်။ ကြက်တွေမှာ H5N1 ရောဂါဖြစ်ပွားပြီဆိုရင် လူကိုကူးစက်နိုင်တဲ့အတွက် စနစ်တကျဆောင်ရွက် လျက်ရှိပါတယ်။ ကုသမှုအတွက် တိုက်ရိုက်ဆေး မရှိပါဘူး။ အထောက်အပံ့ ဆေးပဲရှိပြီးတော့ ရောဂါ ပျောက်ကင်းဖို့အတွက် အာမခံချက်နည်းပါတယ်။ လူကိုကူးစက်ခံရရင် အသက်အန္တရာယ်ထိခိုက်နိုင်ပါ တယ်။ ဒါကြောင့် လူတွေကို မကူးစက်နိုင်ဖို့ အတွက်

ကြက်ခြံတွေမှာ ရောဂါရှင်းလင်းရေးကို သေချာစွာ ဆောင်ရွက်ရပါတယ်။ ရှင်းလင်းပြီးရင် ရောဂါထိန်းချုပ်မှုအနေနဲ့ ဒီဒေသမှာ ကြက်၊ ကြက်သား၊ ကြက်ဥ စတာတွေကို တားဆီးပိတ်ပင်ထားပါတယ်''ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက ပြောကြားသည်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် Virus မျိုးကွဲအားသိရှိနိုင်ရန် အတွက် ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)နှင့် ပူးပေါင်း၍ ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့၏ ဒေသဆိုင်ရာ ရည်ညွှန်းကိုးကား ဓာတ်ခွဲခန်း ဖြစ်သည့် Australiaနိုင်ငံGeelong ရှိAustralia Animal Health Laboratory (AAHL)သို့ ရောဂါနမူနာပစ္စည်းများ ပေးပို့ထားကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထားဝယ်မြို့နယ်အတွင်း ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ဇူလိုင် ၂၆ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်တစ်ရပ်ထုတ်ပြန်ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်တွင် ဒေသခံ များအနေဖြင့် ကြက်/ဘဲ ထွက်ကုန်ပစ္စည်းအမျိုးမျိုးကို စားသုံးခြင်းမပြုကြရန်နှင့် ကြက်/ဘဲ ထွက်ကုန်အမျိုးမျိုးကို ထပ်မံ၍သတင်းထုတ်ပြန်ခြင်း မပြုမီကာလ ပတ်လုံး ရောင်းဝယ်သယ်ဆောင်ခြင်းမပြုကြရန် ဖော်ပြထားသည်။
''ဇူလိုင် ၂၂ ရက်မှာ ထားဝယ်က ကြက်ခြံမှာ ရှင်းလင်းဆောင်ရွက်ပြီးဖြစ်ပါ တယ်။ ဒီလိုဖြစ်ပွားလာရင် ဖြစ်ပွားတဲ့ ခြံတင်မကဘဲ အနီးအနားက ခြံတွေကိုပါ စစ်ဆေးရှင်းလင်းရပါတယ်။ အနီးမှာ ခြံငါးခြံရှိတယ်။ ဒီထဲက ခြံလေးခြံမှာ ကြက်ရှိတယ်။ ကျန်တဲ့ခြံတစ်ခြံက ကြက်မရှိဘူး။ ကြက်မွေးထားတဲ့ ခြံလေးခြံကို ဇူလိုင် ၂၇ ရက်ညမှာ ရှင်းလင်းပြီးပါတယ်။ ရှင်းလင်းတဲ့အခါ ရောဂါပိုး မပျံ့နှံ့နိုင်အောင် ပိုးရှိတဲ့ ကြက်တွေကို အရင်မီးရှို့ဖျက်ဆီးပြီးမှ အနည်းဆုံးအနက် ၁ဝ ပေလောက်ရှိတဲ့ တွင်းထဲမှာ မြှုပ်နှံရပါတယ်။ ပြီးရင် ပိုသတ်ဆေးဖျန်းတဲ့ လုပ်ငန်းကိုလည်း စနစ်တကျလုပ်ဆောင်ရပါတယ်။ ဒီလိုစနစ်တကျ လုပ်ဆောင် ပြီး ရောဂါ ရှိ၊ မရှိ ထပ်မံစစ်ဆေးတဲ့ စမ်းသပ်ကာလ ရက် ၉ဝ ရှိပါတယ်။ ရက် ၉ဝ မှာ ပိုးမတွေ့တော့ရင် ရောဂါကင်းရှင်းကြောင်း ကြေညာပြီး တွေ့သေး တယ်ဆိုရင် နောက်ထပ် ရက် ၉ဝ သတ်မှတ်ပြီး လုပ်ဆောင်ရပါတယ်''ဟု ရောဂါထိန်းချုပ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းက ပြောသည်။
ကြက်ငှက်တုပ်ကွေးရောဂါထိန်းချုပ်ရေးပူးပေါင်းအဖွဲ့သည် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ ထားဝယ်မြို့နယ် ကြက်ငှက်တုပ်ကွေးရောဂါ ထိန်းချုပ်ရေး ကော်မတီဝင်များနှင့် ပူးပေါင်းလျက် ရောဂါစတင်ဖြစ်ပွား သည့်ကြက်ခြံ၊ အဆိုပါ ခြံပတ်ဝန်းကျင်ရှိ ကြက်ခြံများနှင့် ကြက်ဒိုင်များမှ စုဆောင်းထားသောကြက်များ ပါဝင်သည့် ကြက်ကောင်ရေ ၂ဝ၉ဝ၇ ကောင်ကို ပိုင်ရှင်များ၏ သဘောတူညီချက်ဖြင့် ရှင်းလင်းခဲ့ကြောင်း သိရသည်။
''ကြက်ငှက်တုပ်ကွေးက အေ၊ ဘီ၊ စီ အုပ်စု သုံးခုရှိပါတယ်။ အေအုပ်စုက လူနဲ့ တိရစ္ဆာန်မှာ အများဆုံးဖြစ်တတ်ပြီးတော့ ကပ်ရောဂါအသွင်ဖြစ်ပွား နိုင်တဲ့ ပိုးအမျိုးအစားလည်း ဖြစ်ပါတယ်။ H5N1 ရောဂါဟာ ကြက်၊ ငှက် တွေမှာတင်မကဘဲ လူသားတွေကို ကူးစက်ဖြစ်ပွားခဲ့တာ ရှိခဲ့ပါတယ်။ WHO ရဲ့ ၂ဝ၁၇ ဇူလိုင် ၁၅ ရက်အထိစာရင်းတွေအရ နိုင်ငံ ၁၆ နိုင်ငံလောက်မှာ ကြက်၊ ငှက်တွေကနေတစ်ဆင့် လူ ၈၅၉ ဦး ကူးစက်ခံရပြီးတော့ ၄၅၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အကြမ်းအားဖြင့် ကူးစက်ခံရတဲ့သူ တစ်ဝက် လောက် သေဆုံးတာတွေ့ရပါတယ်''ဟု မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဒေါက်တာမင်းသိမ်းမော်က ပြောသည်။
မြန်မာနိုင်ငံတွင် ကူးစက်မြန်ပြင်းထန် ကြက်ငှက်တုပ်ကွေးရောဂါ (A/H5N1) သည် ၂ဝဝ၆ ခုနှစ်မှ စတင်ကူးစက်ဖြစ်ပွားခဲ့ကြောင်းနှင့် စတင်ဖြစ်ပွား ခဲ့သည့် ၂ဝဝ၆ ခုနှစ်မှ ယခုနှစ်အထိ ကိုးကြိမ်ဖြစ်ပွားခဲ့ပြီး ဖြစ်ပွားခဲ့သည့် ဖြစ်စဉ် ကိုးကြိမ်လုံးတွင် အရေးပေါ်ကာကွယ်ထိန်းချုပ်ရေး စီမံချက်ပါအတိုင်း ရောဂါထိန်းချုပ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မှ သိရသည်။
''ကြက်ငှက်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ဗဟိုကော်မတီကို ဖွဲ့စည်းထားတာရှိပါတယ်။ သက်ဆိုင်ရာတိုင်းဒေသကြီးမှာလည်း ကော်မတီ ရှိပါတယ်။ ဒီကော်မတီကို လုပ်ဆောင်ရမယ့် စီမံချက်တွေပေးပို့ပြီး ဆောင်ရွက် ပါတယ်။ ထားဝယ်မှာ ဖြစ်ပွားတာနဲ့ ကျန်တဲ့တိုင်းဒေသကြီး/ပြည်နယ်တွေ မှာလည်း ကြက်ငှက်တုပ်ကွေးဖြစ်ပွားမှု ရှိ၊ မရှိကို တစ်ပြိုင်တည်း စစ်ဆေးနေပါ တယ်။ ကျန်တဲ့နေရာတွေမှာတော့ ဖြစ်ပွားမှုမရှိပါဘူး။ ဖြစ်ပွားတာ တွေ့ရှိ ရင်လည်း ချက်ချင်းအကြောင်းကြားဖို့ ပြောကြားထားပါတယ်။ ကြက်မွေးမြူတဲ့ ခြံတွေကို ကိုယ့်ခြံကို သေချာစောင့်ကြည့်ဖို့နဲ့ ကြက်ကောင်ရေ ၁ဝဝ မှာ ငါးကောင်သေဆုံးမှုရှိတာနဲ့ စစ်ဆေးမှုပြုလုပ်နိုင်ဖို့အတွက် အကြောင်းကြားဖို့ ပြောကြားထားပါတယ်''ဟုလည်း ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရောဂါကာကွယ်ထိန်းချုပ်တားဆီးရေး အဖွဲ့သည် ကြက်ငှက်တုပ်ကွေးရောဂါပိုး ပြန့်ပွားမှုမရှိစေရေးအတွက် သေဆုံး ကြက်များအား တွင်းတူးမြေမြှုပ်ခြင်း၊ ဇီဝလုံခြုံရေးအတွက် ပိုးသတ်ဆေးဖျန်း ခြင်းများဆောင်ရွက်ခြင်း၊ ရောဂါဖြစ်ပွားရာခြံသို့ ဝင်/ထွက်သွားလာမှုများ ကန့်သတ်ခြင်း၊ ကြက်ဥ/ကြက်သားများ ကူးသန်းရောင်းဝယ်မှုထိန်းချုပ်ခြင်၊ ဇီဝလုံခြုံမှု စည်းမျဉ်းစည်းကမ်းများ တိကျစွာလိုက်နာဆောင်ရွက်ရန် ပညာပေး ဟောပြောပွဲများဆောင်ရွက်ခြင်း၊ ရောဂါဖြစ်သည့် တစ်ကီလိုမီတာအတွင်း ရောဂါစူးစမ်းထောက်လှမ်းခြင်း၊ ရောဂါပိုးတွေ့ရှိသော ကြက်များနှင့် သေဆုံး ကြက်များအား သုတ်သင်ဖယ်ရှားရှင်းလင်းခြင်း၊ သန့်ရှင်းရေးနှင့် ပိုးသတ် သန့်စင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့်အပြင် ခြံလုပ်သားများအား ကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေးခြင်းကို ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း-ရှင်မင်း
ဓာတ်ပုံ-KYS၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန

No comments:

Post a Comment