Monday, July 3, 2017

ဘာသာတရားတို့၏ အဆုံးအမ အနှစ်သာရ

မြန်မာ့အလင်းအယ်ဒီတာအာဘော်


မကောင်းမှုဟူသမျှကိုမပြုရာ၊
ကုသိုလ်ကောင်းမှုနှင့် ပြည့်စုံစေရာ၏ ၊
မိမိ၏စိတ်ကို ဖြူစင်စေရာ၏ ၊
ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမပေတည်း။
မြတ်ဗုဒ္ဓ၏တရား အဆုံးအမ ဒေသနာတော်များအနက် ဆိုလိုရင်းကို တိုတိုရှင်းရှင်းဖြင့် အကြောင်းအရာ တူရာတူရာကို အစုလိုက်ဖော်ပြထားသည့် ဓမ္မပဒပါဠိတော်သည် ပုဒ်ရေအားဖြင့် ၄၂၃ ပုဒ်ပါဝင်သော ဂါထာ သို့မဟုတ် ကဗျာအစုအဖွဲ့ဖြစ်သည်။ ဗုဒ္ဓဘုရားရှင် ၄၅ ဝါပတ်လုံး ဟောကြားတော်မူခဲ့သော တရားဓမ္မများသည် ဖြစ်တည်မှု၏ တကယ့် အမှန်တရားတို့ကို ပြက်ပြက်ထင်ထင်ရှင်းပြတော်မူပြီး လွတ်မြောက်ရာလမ်း ကိုလည်း နည်းလမ်းနှင့်တကွ ညွှန်ပြတော်မူထားခြင်းဖြစ်သည်။ ဗုဒ္ဓ၏တရားတော်တို့ကို ရှုထောင့်စုံမှကြည့်မြင်ကာ တူရာအစု(ဝဂ္ဂ)များအဖြစ် ဓမ္မပဒ၌ဖော်ပြထားရာ အစုပေါင်း ၂၆ စုရှိပြီး ပစ္စုပ္ပန်တွင် လူသားဘဝ ဖူလုံပြည့်စုံစေရေး၊ တမလွန်တွင် ကောင်းမွန်စွာ ပြန်လည်မွေးဖွားလာ ရေးနှင့် အန္တိမပန်းတိုင်သို့ ရောက်ရှိစေရေးဟူသော အခြေခံရည်မှန်းချက် များရှိကြောင်းနှင့် အထက်တွင်ဖော်ပြခဲ့သော ဂါထာတော် စာစုလေးမှာ ဗုဒ္ဓဝါဒ၏အနှစ်ချုပ်ပင်ဖြစ်ကြောင်း ပညာရှိသူတော်စင်တို့က မိန့်ကြား ထားရှိကြသည်။
ဗုဒ္ဓဘုရားရှင်သည် လွန်ခဲ့သော နှစ်ပေါင်း ၂၅ဝဝ ကျော်ကာလ ဘီစီခြောက်ရာစုအတွင်းက ပွင့်ပေါ်ခဲ့ခြင်းဖြစ်ရာ သမိုင်းအမြင်အရ အဆိုပါ ရာစုနှစ်သည် လူ့သမိုင်းတွင် အရေးကြီးသောကာလတစ်ရပ်ဖြစ်သည်ဟု သမိုင်းဆရာတို့က မှတ်တမ်းတင်ခဲ့သည်။ အဆိုပါရာစုနှစ်အတွင်း တရုတ်နိုင်ငံ၌ ကွန်ဖျူးရှပ်နှင့် လောင်ဇူ၊ ဂရိတွင် ပိုက်သာဂိုးရပ်စ်၊ ပါရှန်၌ ဇိုရိုအက်စတာ၊ အိန္ဒိယတိုက်ငယ်တွင် မဟာဝီရ(ဂျိန်း)နှင့် ဗုဒ္ဓတို့ပေါ်ပေါက် ခဲ့ခြင်းဖြစ်ပြီး လူသားတို့၏ အသိÓဏ်အဆင့် မြင့်မားလာသော ရာစုနှစ်ဖြစ်သည်ဟု ဆိုကြသည်။ တစ်နည်းအားဖြင့် ဘီစီခြောက်ရာစု မတိုင်ခင်က လူသားတို့၏ အသိဉာဏ်အဆင့်မှာ အရွယ်မရောက်သေးဘဲ ဘီစီခြောက်ရာစုသို့ရောက်လာမှသာ လူသားတို့၏ အသိဉာဏ်အဆင့် အရွယ်ရောက်လာခြင်းဖြစ်သည်ဟု ဆိုသည်။ လူသားတို့ အသိဉာဏ်အကွေ့ အပြောင်းသည် ဤရာစုနှစ်ဝန်းကျင်၌ စတင်ခဲ့ပြီး လောကအမြင်၊ ဘဝအမြင်များ ရှေးကနှင့်မတူဘဲ ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။
လူသားတို့ကိုးကွယ်ရာ ဘာသာတရားတိုင်းက လူသားတို့အား ကိုယ်ကျင့်တရားဖြင့် ဘဝကို ထိန်းကျောင်းရန်၊ ရိုင်းသည့်စိတ်ကို ယဉ်ကျေးအောင်ဆုံးမရန်၊ မိမိတို့၏စိတ်ကို အစိုးတရရှိကြရန်၊ စိတ်နှလုံးဖြူစင်ကြစေရန် ဆုံးမကြမြဲပင်ဖြစ်သည်။ ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင်သည် အခြားသောဘာသာအယူဝါဒတို့အပေါ် ထောက်ထားစာနာပြီး မိမိကြောင့် သူတစ်ပါး ထိခိုက်နစ်နာမည်ကို မလိုလားကြောင်း မဇ္ဈိမနိကာယ်-ဥပါလိသုတ်နှင့် ဝိနည်း-မဟာဝဂ္ဂခန္ဓက၊ ဒီဃနိကာယ်၊ ဥဒုမ္ဗရိက သုတ်တို့၌ ဖတ်ရှုလေ့လာနိုင်သည်။ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးနောက် ဘီစီသုံးရာစုအတွင်း ဂျိန်းဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာသူ အသောကမင်းကြီးရေးထိုးခဲ့သည့် သတ္တမကျောက်စာ တွင်- သ ဝေ ဟိ တေ သံယမံ စ ဘဝသုဓိံ ဣဆံတိ-ဟူ၍ရေးထိုးထားရာ အနက်အဓိပ္ပာယ်အားဖြင့် ''အလုံးစုံသော စစ်မှန်သည့် အယူဝါဒများသည် ကိုယ်ကျင့်သိက္ခာစောင့်စည်းခြင်းကိုလည်းကောင်း၊ ပစ္စုပ္ပန်ဘဝ၏ စင်ကြယ်မြင့်မြတ်မှုကိုလည်းကောင်း အလိုရှိကြကုန်၏''ဟူ၍ဖြစ်သည်။
ဘာသာတရားတို့သည် အနှစ်သာရအားဖြင့် ပစ္စုပ္ပန်ကိုပဓာနထားကာ ရှင်သန်နေစဉ်ကာလအတွင်း ပျော်ရွှင်သော၊ ချမ်းမြေ့သော၊ ငြိမ်းချမ်းသော ဘဝများ၊ လူမှုအသိုက်အဝန်းများ ထူထောင်နိုင်ကြစေရန်အတွက် တစ်ဦးချင်းစီ၏ ကိုယ်ကျင့်သိက္ခာမြင့်မားစေရေး၊ ဘဝစင်ကြယ်မြင့်မြတ် စေရေးဆောင်ရွက်ရန်၊ ယင်းသို့ဆောင်ရွက်ခြင်းအားဖြင့် ပစ္စုပ္ပန်ကို ကျော်လွန်သည့် တမလွန်ဘဝကောင်းမွန်စေရန် ပြဋ္ဌာန်းထားခြင်းပင် ဖြစ်သည်။ မကောင်းမှုဟူသမျှကို ရှောင်ကြဉ်စေခြင်း၊ ကုသိုလ် ကောင်းမှုတို့နှင့် ပြည့်စုံစေခြင်း၊ မိမိတို့၏စိတ်နှလုံးတို့ကိုဖြူစင်စေခြင်းတို့သည် လူသားအားလုံးတို့အတွက်၊ လူသားကမ္ဘာကြီး ငြိမ်းချမ်းသာယာ ရေးအတွက်၊ လူတစ်ဦးချင်းစီနှင့် လူ့အသိုက်အဝန်းတို့အတွက် တစ်ဘဝတာ လိုအပ်ချက်များပင်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment