Saturday, July 29, 2017

ရေဆင်းဆည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ





 နေပြည်တော် ဇူလိုင် ၂၈


 


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက် ၇ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းဆည်အနီး၌ ကျင်းပသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မိသားစုများ၏ ရေဆင်းဆည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်း အနားသို့ တက်ရောက်သည်။
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့ ရေဆင်းဆည်ပတ်ဝန်းကျင်တွင် ၂ဝ၁၁ ခုနှစ်မှစတင်၍ နှစ်စဉ်သစ်ပင်များ စိုက်ပျိုးခဲ့ရာ ခုနစ်နှစ်အတွင်း ရတနာတန်းဝင်ပင်၊ နှစ်ရှည်ပင်၊ အရိပ်ရလေကာပင်များ စုစုပေါင်းတစ်သိန်းကျော် စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း၊ ရှင်သန်ဖြစ်ထွန်းမှုများ ရှိသကဲ့သို့ စိုက်ပျိုးမှုနည်းစနစ် အားနည်းခြင်း၊ တောမီးလောင်ခြင်း စသည်ဖြင့် အကြောင်းအမျိုးမျိုး ကြောင့် သေဆုံးမှုတချို့လည်းရှိကြောင်း၊ အချိန်ပေးပြီးဆောင်ရွက်ကြရခြင်းဖြစ်၍ အပင်များရှင်သန်စေရန်၊ အကျိုးရှိစေရန်၊ အောင်မြင်စေရန် လုပ်ဆောင်ကြရမည်ဖြစ် ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးတို့က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအထိမ်းအမှတ် ရတနာတန်းဝင်ကျွန်းပင်ကို စိုက်ပျိုး ပေးကြသည်။ ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီး များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အခမ်းအနား တက်ရောက်လာကြသူများက ပျိုးပင်များကို သတ်မှတ်နေရာအသီးသီး၌ စိုက်ပျိုး ကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်၊ မိသားစုများ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြ သည်။
ယနေ့ကျင်းပသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ၏ ၂ဝ၁၇ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ကျွန်းပင် ၈ဝဝဝ စိုက်ပျိုးခဲ့ကြသည်။
ရေဆင်းဆည်ပတ်ဝန်းကျင်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ၂ဝ၁၁ ခုနှစ်မှစတင်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများ ပြုလုပ်၍ နှစ်စဉ်စိုက်ပျိုးခဲ့ရာ ယနေ့အထိ အကြိမ် ၂ဝ စိုက်ပျိုးခဲ့ပြီး ကျွန်း၊ ပိတောက်၊ ပျဉ်းကတိုး၊ သရက်၊ မန်ကျည်း၊ ပိန္နဲ၊ တမာ၊ သစ်စိမ့်၊ မဲဇလီ၊ ကုက္ကို၊ ငုဝါ၊ စိန်ပန်း၊ ခရေ၊ ကံ့ကော်၊ ဧကရာဇ်ပင်နှင့် အော်ရီးရှားပင် စသည့် စိုက်ပျိုးပင် စုစုပေါင်းအပင် ၁ဝဝ၉၅ဝ ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment