Monday, July 3, 2017

အမျိုးသားလုံခြုံရေးကိုအထူးသတိပြု




နိုင်ငံတစ်နိုင်ငံ၏ နယ်မြေတည်တံ့ခိုင်မြဲမှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် အမျိုးသားအကျိုးစီးပွားများကို တိုက်ရိုက်သော်လည်းကောင်း သို့မဟုတ် သွယ်ဝိုက်၍သော်လည်းကောင်း ပတ်သက်သည့်ကိစ္စများအားလုံးကို အမျိုးသားလုံခြုံရေးကိစ္စများဖြစ်သည်ဟု အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်၏ပြောကြားချက်ကို မှတ်သားရသည်။ အမျိုးသားလုံခြုံရေးကိစ္စဟူသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် အလွန်အရေးကြီးသဖြင့် ထိုနိုင်ငံ၏အစိုးရသာမက ပြည်သူအားလုံးပါ အလေးထားရမည့်ကိစ္စဖြစ်ပေသည်။
မိမိနိုင်ငံ၏အမျိုးသားလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုပြဿနာရှိ၊ မရှိ ပြန်ကြည့်ရာတွင် မြင်တွေ့နေကျစစ်ရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ ခြိမ်းခြောက်မှုပြဿနာများသာမက လူကုန်ကူးမှုပြဿနာ၊ နယ်စပ်ဒေသများတွင် တရားမဝင်ရွှေ့ပြောင်းအခြေချနေထိုင်မှုပြဿနာ၊ လူသားလုံခြုံမှု၊ စွမ်းအင်လုံခြုံမှု၊ သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုဖောက်ပြန်မှုပြဿနာများ၊ ကူးစက်မြန်ရောဂါပျံ့နှံ့လာမှုပြဿနာ၊ နောက်ဆုံးပေါ် နည်းပညာဖြင့် ဆိုက်ဘာတိုက်ခိုက်မှုပြဿနာနှင့် အစွန်းရောက် အကြမ်းဖက်မှုပြဿနာများ ပါဝင်နေသည်ကို တွေ့ရသည်။
အဆိုပါပြဿနာများကို ကမ္ဘာ့နိုင်ငံများတွင် ကြုံတွေ့နေသည်ကို မြင်တွေ့ရပြီး မြန်မာနိုင်ငံအနေဖြင့်လည်း တစ်နည်းမဟုတ်တစ်နည်း အနည်းအများဆိုသလို ကြုံတွေ့လာသည်။ ကြုံတွေ့ရသောပြဿနာများတွင် မြန်မာနိုင်ငံ၏ အနောက်ပိုင်းဒေသ၌ တရားမဝင်ရွှေ့ပြောင်းအခြေချနေထိုင်မှု ပြဿနာများ ကြုံတွေ့ခဲ့ရပြီးနောက် မကြာသေးမီကာလက ထိုဒေသတွင် အစွန်းရောက်အကြမ်းဖက်မှုပြဿနာများပါ ကြုံတွေ့လာသည်ကို အထင်အရှား မြင်တွေ့နေရသည်။
နိုင်ငံတစ်နိုင်ငံတွင် ဖြစ်ပွားနေသောပြဿနာမှာ အခြားနိုင်ငံများ သို့လည်း ရိုက်ခတ်လေ့ရှိရာ အဆိုပါပြဿနာများကို ကြုံတွေ့ရသောနိုင်ငံ အဖို့ ထိုပြဿနာဖြေရှင်းရေးကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့်ဆောင်ရွက်ရာ၌ အခက်အခဲအဟန့်အတားများစွာကြုံတွေ့ကြရသည်။ ပြဿနာတစ်ရပ်ကို ဖြေရှင်းရာတွင် နှစ်နိုင်ငံအဆင့်၊ ဒေသတွင်းအဆင့်၊ နိုင်ငံတကာအဆင့် မှန်မှန်ကန်ကန် ထိတွေ့ပူးပေါင်းဆောင်ရွက်ဖို့ လိုမည်ဖြစ်သည်။
မျက်မှောက်ကာလတွင် စစ်ရေးအရကျူးကျော်တိုက်ခိုက်မှုမျိုး၊ မြင်သာထင်သာရှိသည့် ပြောင်ကျကျဝင်ရောက်စွက်ဖက်မှုမျိုး ပြုလုပ်ခြင်းနည်းပါးသွားသည်ကိုတွေ့ရသည်။ ပြဿနာအရင်းအမြစ်များတွင် မသိသာ မမြင်သာသော စွက်ဖက်မှုများ၊ မြှောက်ထိုးပင့်ကော်ပြုလုပ်ပေးမှုများ၊ ပံ့ပိုး ကူညီသြဇာလွှမ်းမိုးမှုများ၊ အကျပ်ကိုင် ခြိမ်းခြောက်မှုများ စသည့်အသွင်မျိုးစုံဖြင့် လုပ်ကိုင်လာကြသည်ကို တွေ့ရသည်။
နိုင်ငံတစ်နိုင်ငံ၊ အဖွဲ့အစည်းတစ်ခုက နိုင်ငံတစ်နိုင်ငံကို ဖိအားပေး လိုသောအခါတွင်လည်းကောင်း၊ နိုင်ငံရေးရည်ရွယ်ချက်ကို အကောင်အထည်ဖော်လိုသောအခါတွင်လည်းကောင်း ပကတိအမှန်တရားကို မသိ ကျိုးကျွန်ပြုပြီး ၄င်းတို့လိုချင်သည့်ရလဒ်ထွက်လာစေရန် ဖြစ်ပေါ်နေသော ပြဿနာကို လိုရာပုံဖော်ဖန်တီးခြင်း၊ နိုင်ငံတကာစံနှုန်းများကို ခုတုံးလုပ် အသုံးချခြင်းများရှိတတ်သည်။
ယနေ့ကာလတွင် ကျယ်ကျယ်လောင်လောင်ပြောဆိုစွပ်စွဲနေကြသည်မှာ ဓမ္မဓိဋ္ဌာန်ကျကျရှုမြင်သုံးသပ်မှုမရှိဘဲ လူ့အခွင့်အရေး၊ လူသားချင်း စာနာထောက်ထားရေး ဟူသည့်အသံများပင်ဖြစ်သည်။ လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားရေးမူများသည် မူလရည်ရွယ်ချက်အရ အထူးကောင်းမွန်သော ခေါင်းစဉ်များ ဖြစ်သည်။ သို့သော် ယင်းတို့ကို မှန်ကန် စွာလေ့လာရှုမြင်ခြင်းမရှိဘဲ လိုရာဆွဲအသုံးပြုမည်ဆိုပါက ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းပါ ပြဋ္ဌာန်းချက်များကိုကျော်လွန်ပြီး သူတစ်ပါး၏ပြည်တွင်းရေးရာ ကိစ္စများတွင် ဝင်ရောက်စွက်ဖက်လာနိုင်သည့်သဘောဖြစ်နေသည်ကို သတိပြု ရမည်ဖြစ်သည်။
အမှန်တကယ်တွင် အမျိုးသားလုံခြုံရေးကိစ္စများနှင့်ပတ်သက်၍ လက်ရှိ မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ဖြစ်စဉ်များတွင် အစွန်းရောက်အကြမ်းဖက်မှု အန္တရာယ်အား အထူးသတိထားရမည်ကို မြန်မာနိုင်ငံသားများသာ အထူး သိရှိထားကြသည်။ ယမန်နှစ် အောက်တိုဘာလမှ ယနေ့ကာလအထိ ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း အစွန်းရောက်အကြမ်းဖက်သမားတို့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၄၁ ဦး သေဆုံးခဲ့ရပြီး အကြမ်းဖက်သမားများ ဖမ်းဆီးခေါ်ဆောင်သွားမှုကြောင့် အပြစ်မဲ့ပြည်သူ ၂၃ ဦး ပျောက်ဆုံးနေသည်။ အဆိုပါအကြမ်းဖက်သတ်ဖြတ်မှုများသည် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသော အန္တရာယ်များ ဖြစ်သည်ကို နိုင်ငံတကာမှ မှန်ကန်စွာသိရှိဖို့လိုအပ်သည်။
သို့ဖြစ်ရာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသောအန္တရာယ်များကို မှန်မှန်ကန်ကန်သိရှိပြီး နယ်မြေဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးအဖွဲ့အစည်းများက အလေးထားဆောင်ရွက်နေပြီး ပြည်သူလူထု အနေဖြင့်လည်း လုံခြုံရေးအဖွဲ့အစည်းများနှင့်လက်တွဲပူးပေါင်း၍ သတင်း အချက်အလက်များကို အမြန်ဆုံးပေးပို့ရန်လိုအပ်ပေသည်။ နိုင်ငံတကာအဖွဲ့ အစည်းများအနေဖြင့်လည်း ပကတိအခြေအနေဖြစ်ရပ်မှန်များကို မှန်ကန်စွာ လေ့လာပြီး လိုရာမဆွဲဘဲ သုံးသပ်ရှုမြင်ကြဖို့လိုအပ်မည်ဖြစ်သည်။

No comments:

Post a Comment