Friday, July 28, 2017

ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်၌ ၁၈ ဘီးကုန်တင်ယာဉ် တိမ်းမှောက်

Image may contain: tree, house and outdoor
ကျောက်တံခါး ဇူလိုင် ၂၇
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းနယ်မြေရဲစခန်းအပိုင် ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် (၁၂ဝ/၄- ၅) အကြား အလယ်ခင်ကျေးရွာအနီး၌ ဇူလိုင်၂၇ ရက် နံနက် ၆ နာရီက ၁၈ ဘီး ကုန်တင်ယာဉ်တစ်စီးလမ်းမပေါ်သို့ လဲကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်မှ မန္တလေးသို့ ယာဉ်မောင်း ညွန့်ဌေး (၃၂)နှစ် တင်စု ရပ်ကွက် ကျောက်ဆည်မြို့နေသူ မောင်းနှင်လာသော ယာဉ်အမှတ် (6G/--)နစ်ဆန်းအဖြူရောင် ၁၈ ဘီးယာဉ်မှာ အထပ်သားပြားများတင်ဆောင်၍ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းမကြီးပေါ်သို့ ကန့်လန့်ဖြတ်လဲကျ တိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ ထိခိုက်ဒဏ်ရာ မရရှိသော်လည်း ယာဉ်မှာ ဦးခေါင်းပိုင်း ယာဘက်ခြမ်းပိန်ချိုင့်၍ ဝဲ/ယာ ဘော်ဒီသံကိုင်းများ ပျက်စီးခဲ့သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ လေးနာရီခန့်ဖြစ် ပေါ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူများပူးပေါင်း ကာ အမြန်ဆုံးလမ်းပွင့်သွားလာနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ညွန့်ဌေးအား ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းနယ် မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ခင်ကို(ကျောက်တံခါး)

No comments:

Post a Comment