Sunday, July 2, 2017

ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၏ ရခိုင်ပြည်နယ်မြောက်ပိုင်း လုံခြုံရေးအခြေအနေ ထုတ်ပြန်ချက်

No automatic alt text available.
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ
''ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်၏
ရခိုင်ပြည်နယ်မြောက်ပိုင်း လုံခြုံရေးအခြေအနေ ထုတ်ပြန်ချက်''
၁၃၇၉ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက်
(၂ဝ၁၇ ခုနှစ်၊ ဇူလိုင်လ ၁ ရက်)
၁။ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း လုံခြုံရေးအခြေအနေနှင့်စပ်လျဉ်း၍ စိုးရိမ်ဖွယ်ရာ အခြေအနေများ ဖြစ်ပေါ်လာခဲ့ပါသည်။ ယင်းအခြေအနေများတွင် အပြစ်မဲ့အရပ်သားပြည်သူများအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကို လူမဆန်စွာ သတ်ဖြတ်ခံရမှုများ၊ နှစ်ဖက်အသိုင်းအဝိုင်းများအပေါ် အကြမ်းဖက်ခြိမ်းခြောက်မှုများ ပါဝင်ခဲ့ပါသည်။ လတ်တလောဖြစ်စဉ်များအနေဖြင့် ပြီးခဲ့သည့် သီတင်းပတ်အတွင်း မြန်မာ့တပ်မတော်သည် အကြမ်းဖက်အဖွဲ့အစည်းများ ဆောင်ရွက်ထားရှိသည့် လူလုပ်ဥမင်လိုဏ်ခေါင်းများနှင့် လက်နက်များကို ရှာဖွေတွေ့ရှိခဲ့ပြီး အင်္ဂါနေ့တွင် ရခိုင်တိုင်းရင်းသား ငါးဖမ်းသမားများကို တိုက်ခိုက်ခံရမှုများ ဖြစ်ပွားခဲ့ပါသည်။
၂။ ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေအနေများ မတည်ငြိမ်စေရန် ရည်ရွယ်ဆောင်ရွက်လာသည့် အဆိုပါတိုက်ခိုက်မှုများနှင့် ခြိမ်းခြောက်မှုများ၊ အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများ ထပ်မံဖြစ်ပေါ်စေရန် လှုံ့ဆော်နေမှုများကို နိုင်ငံတော်အစိုးရအနေဖြင့် ပြစ်တင်ရှုတ်ချပါသည်။
၃။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လတ်တလောဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုများသည် ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ အကြမ်းဖက်တိုက်ခိုက်မှုမှအစပြု၍ ပြည်ပမှ လက်နက်နှင့် ငွေကြေးအထောက်အပံ့များရယူပြီး အကြမ်းဖက်သင်တန်းများပေးနေသည့် အစွန်းရောက်အကြမ်းဖက်သမားများမှ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သက်သေအထောက်အထားများအရ သိရှိရပါသည်။
၎။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့်လည်း ဒေသတွင်း မတည်မငြိမ်ဖြစ်အောင်ဆောင်ရွက်နေသည့် အစွန်းရောက် အကြမ်းဖက်သမားများကို ဖော်ထုတ်နိုင်ရေးနှင့် အမြစ်ပြတ်ရှင်းလင်းဖယ်ရှားနိုင်ရေးအတွက် ဖြစ်စဉ်များဖော်ထုတ်ခြင်း၊ ဖမ်းဆီးခြင်းနှင့် ပြစ်မှုကျူးလွန်သူများအား အရေးယူခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
၅။ နိုင်ငံတော်အစိုးရအနေဖြင့် ဖြစ်ပေါ်နေသည့် အခြေခံအကြောင်းတရားများပေါ်မူတည်၍ လုံခြုံရေးအခြေအနေသုံးသပ်မှုများ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ပြီး လိုအပ်ပါက သင့်လျော်သည့် ဆောင်ရွက်ချက်များ လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
၆။ လက်ရှိအခြေအနေ၌ အစွန်းရောက်အကြမ်းဖက်မှုများကို ဖော်ထုတ်ရှင်းလင်းလျက်ရှိသော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် ဖွံ့ဖြိုးတိုးတက်မှုအကူအညီများနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ပြီး၊ ဒေသတွင်းရေရှည် တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေ ရှင်းလင်းချက်
လုံခြုံရေးအခြေအနေ
၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလမှ ၂ဝ၁၇ ခုနှစ် ဇွန်လ ၂၆ ရက် အထိရခိုင်ပြည်နယ်၊ မောင်တောခရိုင်တွင် အပြစ်မဲ့အရပ်သား ၃၈ ဦး အသတ်ခံခဲ့ရပါသည်။ ယင်းအချိန်ကာလအတွင်း ကျေးရွာ အုပ်ချုပ်ရေးမှူး လေးဦးအပါအဝင် နောက်ထပ်အရပ်သား ၂၂ ဦးပျောက်ဆုံးခဲ့ခြင်း သို့မဟုတ် ဖမ်းဆီးခေါ်ဆောင်ခံရခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း သတ်ဖြတ်ခံရသူများနှင့် ပျောက်ဆုံးသူအရေအတွက်မှာ စိုးရိမ်ဖွယ်မြင့်တက်လာခဲ့ပါသည်။ ပြီးခဲ့သည့် သီတင်းနှစ်ပတ်အတွင်း အပြစ်မဲ့အရပ်သားခြောက်ဦး အသတ်ခံခဲ့ရပြီး၊ နှစ်ဦးမှာပျောက်ဆုံးခြင်း သို့မဟုတ် ဖမ်းဆီးခေါ် ဆောင်ခံရခြင်းများ ဖြစ်ပွားခဲ့ပါသည်။
ထို့ပြင် ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း အစွန်းရောက်လှုပ် ရှားမှုများတိုးမြင့်လာသည့် အထောက်အထားများကို မြန်မာ့ တပ်မတော်က ရှာဖွေတွေ့ရှိခဲ့ပါသည်။ ဇွန်လ ၂ဝ ရက်နေ့တွင် လူလုပ်လိုဏ်ခေါင်းများ၊ လက်နက်များနှင့် အကြမ်းဖက်သမားများ ဆက်နွှယ်နေသည့် အကြမ်းဖက်စခန်းတစ်ခုတို့ကို ဘူးသီးတောင်-မောင်တောဒေသရှိ မေယုတောင်ကြောတွင် ရှာဖွေတွေ့ရှိခဲ့ပါသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အကျယ် ၅ ပေ၊ အမြင့် ၄ ပေ၊ အရှည် ပေ ၈ဝ ရှိ လူလုပ်လိုဏ်ခေါင်းအပြင် လုပ်သေနတ်များ၊ လူနေတဲများ၊ စားနပ်ရိက္ခာများ၊ အသုံးအဆောင်ပစ္စည်းများနှင့် အကြမ်းဖက်သမားများအတွက် သင်တန်းပေးရန်နှင့် နေထိုင် ရန်တို့အတွက် အသုံးပြုသည့် အခြားပစ္စည်းများ အပါအဝင် အကြမ်းဖက်သင်တန်းဟုယူဆရသည့် စခန်းများအသုံးပြုနေမှု ကို တိကျခိုင်မာသည့် အထောက်အထားများ ရှာဖွေတွေ့ရှိခဲ့ ပါသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များမှာလည်း ပြန်လည်တိုက်ခိုက်ခံနေရပြီး၊ ဇွန်လ ၂၇ ရက်နေ့တွင် မျက်နှာဖုံးစွပ်ထားသည့် အကြမ်းဖက် သမားတစ်ဦးက လည်းကောင်း၊ နောက်တစ်နေ့တွင် အကြမ်းဖက် သမားနှစ်ဦးက လည်းကောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအား ခုခံ တိုက်ခိုက်ခဲ့ပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက မိမိကိုယ်ကိုယ် ကာကွယ်သည့်အနေဖြင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် သမားသုံးဦးစလုံးကို အသေဖမ်းဆီးရမိခဲ့ပါသည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေ
လူသားချင်းစာနာထောက်ထားမှု အကူအညီပေးမှုအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ပဋိပက္ခဒဏ်ခံပြည်သူ ၉၅ ရာခိုင်နှုန်းကို ပံ့ပိုးပေးလျက်ရှိပါသည်။ အဆိုပါအကူအညီကို နိုင်ငံတော်အစိုးရ နှင့် ဒေသခံအစိုးရများ၊ နိုင်ငံတကာ NGOs များစုပေါင်း၍ ပံ့ပိုးပေးခဲ့ခြင်းဖြစ်ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ၂ဝ၁၇ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ အထိ ရခိုင်ပြည်နယ်သို့ လူသားချင်းစာနာထောက်ထားမှု အကူအညီ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၆ သန်း (မြန်မာ ကျပ်ငွေ ၂၆၇၂ ဒသမ ၃၅၂ သန်း) ထောက်ပံ့ပေးပြီးဖြစ်ပါသည်။
အဆိုပါအကူအညီကို ပဋိပက္ခဖြစ်ပွားနေသည့် ဒေသတွင်းနှစ်ဖက် အသိုင်းအဝိုင်းများကိုပံ့ပိုးပေးခဲ့ခြင်း ဖြစ်ပါသည်။
ထို့ပြင် အစိုးရအနေဖြင့် အဆိုပါဒေသများသို့ ကျန်းမာရေးနှင့် ပညာရေးအထောက်အပံ့များလည်း ဆက်လက်ပေးအပ်သွား မည်ဖြစ်ပါသည်။ နယ်လှည့်ကျန်းမာရေးအဖွဲ့ ၄ဝ မှ ကျေးရွာ ပေါင်း ၂ဝ၈ ရွာနှင့် ယာယီဒုက္ခသည်စခန်းများမှ ပြည်သူ ၁ဝ၇ဝဝဝ ကျော်ကို ဆေးကုသမှုများ ဆောင်ရွက်ခဲ့ပါသည်။ ဝန်ကြီးဌာနများမှလည်း ရခိုင်ဒေသခံပြည်သူများကို အသက်မွေး ဝမ်းကျောင်းမှုနှင့် ပညာပေးအစီအစဉ်များကိုလည်း ပေးအပ်ခြင်း နှင့် မူဆလင်ကျေးရွာများရှိ အစိုးရကျောင်းပေါင်း ၂ဝ ကို ပြန် လည်ပြင်ဆင်ရန် ရန်ပုံငွေပေးအပ်ခြင်းနှင့် ထောက်ပံ့ပေးမှုများ အပါအဝင် ၂ဝ၁၇-၁၈ ပညာသင်နှစ်အတွက် ရခိုင်ပြည်နယ် အတွင်းရှိ ကျောင်းပေါင်း ၃ဝဝ ကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။
ယာယီပိတ်ထားခဲ့သည့် မောင်တော ဒေသရှိ စာသင်ကျောင်းများကိုလည်း ပြန်လည်ဖွင့်လှစ်ပေးခဲ့ ပါသည်။
ကျောက်ဖြူ၊ ပေါက်တောနှင့် ရမ်းဗြဲမြို့နယ်များရှိ ဒုက္ခသည်စခန်း (၃)ခုကို ပိတ်သိမ်းခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ဒုက္ခသည်စခန်းမှ အိမ်ထောင်စု ၅၅ စုကိုရွေးချယ်၍ ရန်ကုန်မြို့သို့ ပြောင်းရွှေ့ နေထိုင်ခွင့်ပြုခဲ့ပါသည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာတွင်တင်ပြထားသည့် အကြံပြုချက်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

No comments:

Post a Comment