Sunday, July 2, 2017

အလုပ်အကိုင်အခွင့်အလမ်းများဖန်တီး




ထိုင်းနိုင်ငံတွင် တရားမဝင်အလုပ်လုပ်ကိုင်နေကြသော မြန်မာလုပ်သားများ မိခင်နိုင်ငံသို့ ပြန်လာကြခြင်းနှင့် ယင်းမတိုင်မီ ရက်သတ္တပတ်အတွင်းကပင် တရားမဝင်အလုပ်သမားများအား ရှာဖွေဖမ်းဆီးနေခြင်းတို့ကို စိတ်မကောင်းစရာ သတင်းများအဖြစ် မြင်တွေ့ကြားသိရပေသည်။ ထိုင်းနိုင်ငံတွင် ဇွန် ၂ဝ ရက်က ထုတ်ပြန်ခဲ့သည့် အလုပ်ရှင်၊ အလုပ်သမား ဥပဒေသစ်၏ အကျိုးဆက်အဖြစ် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ် သမားများ ထိုသို့ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်။
ထိုအရေးနှင့်ပတ်သက်၍ မြန်မာ-ထိုင်း နှစ်နိုင်ငံ အလုပ်သမားအရေး ကျွမ်းကျင်သူများအစည်းအဝေးကို ယမန်နေ့က ရန်ကုန်မြို့တွင် ဆွေးနွေး ညှိနှိုင်းခဲ့ကြရာ ထိုင်းနိုင်ငံ၌ ဆောင်ရွက်နေသည့် နိုင်ငံခြားအလုပ်သမားများ စီမံခန့်ခွဲရေးဥပဒေကျင့်သုံးခြင်းကို ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က ရက်ပေါင်း ၁၂ဝ ရက် ဆိုင်းငံ့လိုက်ကြောင်းကြားသိရ၍ ထိုင်းနိုင်ငံတွင် ကျန်ရှိနေသော တရားမဝင်အလုပ်သမားများအတွက် စိတ်သက်သာရာအနည်းငယ်ရသည်ဟု ဆိုရမည်ဖြစ်သည်။
မြန်မာနိုင်ငံအစိုးရကလည်း ထိုအရေးမဖြစ်မီကတည်းက ထိုင်းနိုင်ငံရှိ အလုပ်သမားသံအရာရှိမှတစ်ဆင့် အလုပ်သမားများအား အသိပညာ ပေးဆောင်ရွက်ခဲ့ပြီး တရားဝင်နေထိုင်ခွင့်ရရှိအောင် ဆောင်ရွက်ရန်နှင့် တရားဝင်နေထိုင်ခွင့် မရရှိသူများအနေဖြင့် နေရပ်သို့ပြန်ကြရန် အသိပေးခဲ့သော်လည်း ဘာသာစကားမတတ်ကျွမ်းမှု၊ ဥပဒေအကျိုးသက်ရောက်မည့် နေ့ကို မသိရှိမှုနှင့် ဗဟုသုတအားနည်းမှုတို့ကြောင့် ဖမ်းဆီးအရေးယူခြင်းခံရ မှုများပြားခဲ့ပြီး ဥပဒေသစ်အရ ဖမ်းဆီးရမိသည့် အလုပ်ရှင်နှင့်အလုပ်သမား တို့အား ငွေဒဏ်၊ ထောင်ဒဏ်ချမှတ်ခံရနိုင်သည်ကို စိတ်မကောင်းဖွယ် ကြားသိရသည်။
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေကြသူများမှာ လူဦးရေသန်းနှင့်ချီရှိနေပြီး တရားမဝင်လမ်းကြောင်းမှ အများဆုံး သွားရောက်လုပ်ကိုင်ကြသည့်နိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်သည်။ ရွှေ့ပြောင်း သွားရောက်လုပ်ကိုင်သူအများစုမှာ သာမန်အလုပ်သမားများဖြစ်ကြပြီး အသိပညာ၊ အတတ်ပညာကျွမ်းကျင်သူအများစုမှာ တရားဝင်သွားရောက် လုပ်ကိုင်ကြသူများဖြစ်သည်။ ပြည်ပသို့ ရွှေ့ပြောင်းသွားရောက်လုပ်ကိုင်မှု တစ်စတစ်စများပြားလာခြင်းသည် နိုင်ငံအတွက် လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးခြင်း၊ ဦးနှောက်ယိုစီးခြင်းတို့ကို ဖြစ်စေသည်။
သူတစ်ပါးနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ခြင်းမှာ မိမိနိုင်ငံထက် ဝင်ငွေပိုမိုရရှိသဖြင့် လုပ်ကိုင်ခြင်းဖြစ်သော်လည်း မိမိ၏ မိသားစုအသိုင်းအဝိုင်းနှင့် ကင်းကွာကာ ဒုက္ခဆင်းရဲများ ရောက်နိုင်ပေသည်။ ယခုအခါ ပြည်ပနိုင်ငံအချို့တွင် ရွှေ့ပြောင်းလုပ်ကိုင်ကြသော မြန်မာလူမျိုးများအဖို့ ဒုက္ခအခက်အခဲများနှင့် ကြုံတွေ့နေရသော်လည်း ပိုးဖလံမျိုးကဲ့သို့ ဆက်လက် တိုးဝင်လုပ်ကိုင်နေရခြင်းမှာ မိမိနိုင်ငံ၏ အထွေထွေအားနည်းချက်များကြောင့်ဟု ဆိုရမည်ဖြစ်သည်။
ယခုအခါ ယင်းအရေးကို အဖြေရှာကုစားနိုင်ရေးအတွက် နိုင်ငံတော် အစိုးရနှင့် တာဝန်ရှိသူများက နိုင်ငံတော်၏ အနာဂတ်အရေးကို မြော်တွေး၍ ကြိုးပမ်းဆောင်ရွက်နေပြီး ထိုထက်ပိုမိုကောင်းမွန်သည့် ထိရောက်မြန်ဆန်သော အစီအမံများကို အလျင်အမြန်ချထား ဆောင်ရွက်သွားရန် လိုအပ်နေပြီ ဖြစ်သည်။ အဓိကလိုအပ်ချက်မှာ နိုင်ငံအတွင်း အလုပ်အကိုင်အခွင့်အလမ်းပေါများရေး၊ စီးပွားရေးအခွင့်အလမ်းကောင်းများ ပေါ်ထွက်လာရေးနှင့် လုပ်ခလစာနှုန်းထားများ နိုင်ငံတကာအဆင့်မီ မဟုတ်သော်လည်း ပိုမိုကောင်းမွန်သော လုပ်ခလစာများရရှိရေး ဖြစ်သည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရက ယခုကာလများတွင် နိုင်ငံအတွင်း အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိစေမည့် အသက်မွေးဝမ်း ကျောင်းပညာသင်ကြားရေးနှင့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ပြည်သူအများစုလုပ်ကိုင်နိုင်သော စီးပွားရေးလုပ်ငန်းများအတွက် လွတ်လွတ်လပ်လပ်နှင့် ဖြေလျော့ဆောင်ရွက်နိုင်ခွင့်များ ပြုလုပ်ပေးနေ သည်ကို တွေ့ရသည်။ သို့ဖြစ်ရာ ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင် နေသော မြန်မာနိုင်ငံသားများ မိမိနိုင်ငံတွင် အိုးမကွာ အိမ်မကွာ အေးချမ်းစွာအလုပ်လုပ်ကိုင်နိုင်ရေးအတွက် ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုဖြေလျော့ဆောင်ရွက်ပေးသွားရန် လိုအပ်ပါကြောင်း။

No comments:

Post a Comment